သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းမှုနောက်ပိုင်း ၉,၀၀၀ နီးပါး သေဆုံးလို့  AAPP ထုတ်ပြန်


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်တဲ့ စစ်အာဏာသိမ်းပြီးချိန်ကစလို့ သေဆုံးသူစာရင်း (နိုဝင်ဘာ ၂၉၊ ၂၀၂၄/AAPP)
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်တဲ့ စစ်အာဏာသိမ်းပြီးချိန်ကစလို့ သေဆုံးသူစာရင်း (နိုဝင်ဘာ ၂၉၊ ၂၀၂၄/AAPP)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တဲ့ ၃ နှစ်ကျော်ကာလအတွင်းမှာ အရပ်သားပြည်သူ ၉,၀၀၀ နီးပါး အသက်ဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ ဒီပမာဏဟာ လက်လှမ်းမီသမျှ ကောက်ယူရရှိထားတဲ့ အရေအတွက်သာ ဖြစ်ပြီး တကယ် သေဆုံးသူအရေအတွက်ဟာ ဒီထက် ပိုများနိုင်တယ်လို့ ပြောပါတယ်။ စစ်အာဏာသိမ်း ကာလအတွင်း သေဆုံးခဲ့ရသူတွေနဲ့ပတ်သတ်လို့ ကျူးလွန်သူတွေနဲ့ တာဝန်ရှိသူတွေကို အရေးယူနိုင် ရေး နိုင်ငံတကာအသိုင်းအဝိုင်းက မျက်ကွယ်မပြုဖို့ တက်ကြွလှုပ်ရှားသူတွေကထောက်ပြ တောင်းဆို နေကြပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့တဲ့သတင်းကို အခြေခံပြီး မမြသဇင်အောင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၄ နိုဝင်ဘာ ၂၉ ရက်နေ့အတွင်းစစ်ကောင်စီကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူဦးရေ ၉,၀၀၀ နီးပါးရှိနေပြီဆိုတာကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီကနေ့ နိုဝင်ဘာလ ၂၉ ရက် နေ့မှာ နောက်ဆုံးရစာရင်း သတင်းထုတ်ပြန်လိုက်တာပါ။ သေဆုံးခဲ့ရသူတွေက စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်သူတွေ၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူတွေဖြစ်သလို အကျဉ်းထောင်တွင်း သေဆုံးတာ၊ စစ်ကြောရေးမှာ သေဆုံးတာ၊ စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးတာ စတဲ့အချက်တွေကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။ အာဏာသိမ်းကာလ သေဆုံးစာရင်း ၉,၀၀၀ နီးပါးမှာ သေဆုံးသူ ၆,၀၀၀ကိုတော့ မည်သူမည်ဝါဆိုတာ အတည်ပြုနိုင် ခဲ့ပြီး ၂,၆၀၀ ကိုတော့အတည်ပြုနေဆဲဖြစ်တယ်လို့ AAPP က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာအကျဉ်းထောင်တွေထဲမှာ လူ့အခွင့်အရေးချိုး ဖောက်ခံနေရသလို အသက် အန္တရာယ် စိုးရိမ်မကင်းစွာ နေထိုင်နေရတာ၊လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခံစားနေရတာမို့ နိုင်ငံရေးအကျဉ်းသားတွေအတွက် နိုင်ငံတကာဘက်က စစ်ကောင်စီကို ထိရောက်တဲ့ဖိအားတွေပေးဖို့လိုအပ်နေတယ်လို့ နိုင်ငံရေးအကျဉ်း သားတွေကို ကူညီပေးနေတဲ့ ဦးသိုက်ထွန်းဦးက ဗွီအိုအေကို ပြောပါတယ်။

"လက်ရှိအကျဉ်းထောင်တွေထဲမှာနိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ပြောင်းချိန်မှာ လူမဆန်တဲ့ရိုက်နှက်မှုတွေကိုခံကြရတာ၊ အမျိုးသားအချင်းချင်းလိင် ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရတာ အမျိုးသားတွေကို မုဒိန်းကျင့်တာတွေ ဒါတွေပါခံစားနေရတာပါ။ လက်ရှိနိုင်ငံတကာအနေနဲ့ကတော့ စစ်ကောင်စီအပေါ်မှာ ကော အကျဉ်းဦးစီးဌာနအပေါ်မှာကောထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ဖိအားပေးမှုတွေ မပြုလုပ်နိုင်သေးဘူးလို့မြင်နေပါတယ်။ နိုင်ငံတကာအနေနဲ့အကျဉ်းသားတွေ အပေါ်ဒီထက် ပိုကူညီစောင့်ရှောက်သင့်တယ်လို့ပြောချင်ပါတယ်။ လက်ရှိအကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားအကျဉ်းသူ ၂၅,၀၀၀ ကျော်လောက်ဟာ ဖမ်းဆီးခံထားရပါတယ်။ အပြင်မှာရှိတဲ့ မိသားစုဝင်တွေက အထွေထွေအကျပ်အတည်းထဲကနေ ဖမ်းဆီးခံထားရတဲ့ကိုယ့်မိသားစုဝင်တွေ အတွက်ပို့ဆောင်နေရတယ်။ ဒါကြောင့် အကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေကို နိုင်ငံတကာ ဘက်က ကူညီပေးဖို့တောင်းဆိုပါတယ် အကြံလည်းပေးချင်ပါတယ်။"

ဒီလိုစစ်ကောင်စီကြောင့် အခုလို ထောင်ဂဏန်းကျော် သောင်းဂဏန်းနီးပါးရောက်တဲ့အထိ သေဆုံးမှုတွေ မြင့်တက်လာတဲ့အပေါ်မှာ နိုင်ငံတကာဘက်က မျက်ကွယ်မပြုဖို့ နိုင်ငံတကာဘက်က ထိထိရောက်ရောက်အရေးယူနိုင်ဖို့ လိုအပ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကလည်း ထောက်ပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူတွေဟာ ပုံသဏန်မျိုးစုံနဲ့ ညှင်းပမ်းနှိပ်စက် အသတ်ဖြတ်ခံ နေရချိန်ကျူးလွန်သူတွေဟာ အရေးယူအပြစ်ပေးမှုကနေ ကင်းလွတ်နေတဲ့အခြေအနေအပေါ် ထိရောက်တဲ့ အရေးယူမှုတွေရှိစေချင်ပါတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က ဗွီအိုအေကိုပြောပါတယ်။

“လူ့အခွင့်အရေးကို အဆိုးဝါးဆုံးနဲ့အပြင်းထန်ဆုံး ချိုးဖောက်တဲ့နေရာက နေရာစုံပေါ့- ကျေးရွာ တွေကို ဝင်ရောက်ပြီးတော့ airstrike တွေရှိတယ်။ နောက်ပြီးတော့ စစ်ကြောင်းတွေထိုးပြီးတော့ ရက်ရက်စက်စက်ဖမ်းဆီးတယ်၊ ဖိနှိပ်တယ်၊ ညှင်းပန်းတယ်။ နောက်တခုက ထောင်အသီးသီးမှာလည်း သူတို့ဘက်ကနေပြီးတော့ ‘ငါတို့လက်ခုပ်ထဲက ရေပဲ’ဆိုတဲ့ပုံမျိုးနဲ့ သူတို့ဘက်ကနေပြီးတော့ အကြမ်းဖက် သတ်ဖြတ်တာတွေ၊ နောက် ရုံးထုတ်ဆိုပြီးတော့ ရုံးထုတ်တယ်။ အပြင်လည်းရောက်ရော ထွက်ပြေးရန်ကြိုးစားတယ်ဆိုပြီး ပစ်သတ်တယ်၊ သူက အစုံပဲ။ သို့သော်ငြားလည်း အပစ်ပေး အရေးယူခြင်းကနေပြီးတော့ ကင်းလွတ်ခွင့်ရနေတယ်ပေါ့။ အဲဒါကြောင့်မို့လို့ နိုင်ငံတကာအနေနဲ့ ပြတ်ပြတ်သားသား အရေးယူဖို့တော့ သူ့ကိုအမြန်ဆုံး ဖမ်းပြီးတော့ အပြစ်ပေးအရေးယူဖို့အတွက်ကို အားလုံးဝိုင်းဝန်းပြီးတော့ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ လုပ်ကိုင်ဆောင်ရွက်ဖို့တော့ ကျနော်ကတော့ တိုက်တွန်းချင်တယ်ဗျ၊ တောင်းဆိုချင်တယ်ဗျ။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၂၉ ရက်နေ့အထိ နိုဝင်ဘာလ တလတည်းမှာကို သေဆုံးသူ ဦးရေဟာ အမျိုးသမီး (၃၁) ဦး နဲ့အမျိုးသား (၄၄) စုစုပေါင်း (၇၅) ဦး သေဆုံးခဲ့ရပြီး ရခိုင်ပြည်နယ် တွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ကြရတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းကာလအတွင်း အဖမ်းခံရသူပေါင်းက နှစ်သောင်းရှစ်ထောင် (၂၇,၇၄၁) နီးပါးရှိနေပြီး သေဒဏ်ချမှတ်ခံထားရသူက တရာ့ခုနှစ်ဆယ် ( ၁၇၀) ရှိ‌နေပါတယ်။ အဖမ်းခံရသူတွေထဲ အမျိုးသမီး ပေါင်း (၅,၇၅၈) ခြောက်ထောင်နီးပါးရှိပြီး ကလေးသူငယ်က (၅၇၉) ခြောက်ရာနီးပါးရှိနေပါပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောဆိုထားပါတယ်။ စစ်ကောင်စီဘက်ကတော့ AAPP ရဲ့ ထုတ်ပြ န်ချက် စာရင်းတွေက မဟုတ်မမှန် ချဲ့ကားထားတဲ့ စာရင်းတွေသာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG