မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းချက်ကြောင့် ၉ လအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အနည်းဆုံး ၁၂ ဦး သေဆုံးခဲ့ကြောင်း အကျဉ်းသားအရေး စောင့်ကြည့်လှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။ ဒီနှစ်ဆန်းကနေ စက်တင်ဘာလ ကုန်အထိ နိုင်ငံရေးအကျဉ်းသား ၉ ဦး ၊ နိုင်ငံရေးအကျဉ်းသူ ၂ ဦး နဲ့ အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားသူ ၁ ဦး စုစုပေါင်း ၁၂ ဦး အသက်သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ခဲ့တာပါ။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံတဝန်းလုံး အကျဉ်းထောင်တွေအတွင်း ဆေးဝါးနဲ့ ဆရာဝန်ကုသမှု လုံလောက်စွာမရတာကြောင့် ၉လအတွင်းသေဆုံးခဲ့တဲ့နိုင်ငံရေးအကျဉ်းသားတွေ ၁၂ဦးရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကသတင်းထုတ်ပြန်ခဲ့ပါတယ် ။ ဒီထဲမှာ ကျိုက်မရောအကျဉ်းထောင် မှာ ပုဒ်မ၅၄၊ ပုဒ်မ၅၂(က) နဲ့ ထောင်တသက်ချမှတ်ခံထားရတဲ့ အသက်(၄၃)နှစ်အရွယ် ကိုရာရှင်(ခ)ဟာရှင်၊ ပုဒ်မ ၅၂(က) နဲ့ ၇နှစ်ချမှတ်ခံထားရတဲ့ အသက်(၃၁)နှစ်အရွယ် ကိုပြည့်ဖြိုးအောင်၊ မကွေးထောင်မှာ ပုဒ်မ၅၀(ည)နဲ့ထောင်ဒဏ်(၁၅)နှစ် အမိန့်ချခံထားရတဲ့ အသက်(၂၂)နှစ်အရွယ် မစုမေအောင်၊ မန္တလေးအိုးဘိုအကျဉ်းထောင်မှာပုဒ်မ ၅၀၅(က) ၂ မှုနဲ့ ထောင်ဒဏ် ၆ နှစ်အမိန့်ချခံထားရတဲ့အသက် ၃၅နှစ်အရွယ် မယဉ်မိုးတို့လည်းပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက VOAကိုပြောပါတယ်။
"လက်ရှိကတော့နိုင်ငံရေးအကျဉ်းသားအကျဉ်းသူတွေသေဆုံးမှုစာရင်းကို အဓိက ကောက်ယူတဲ့ အဖွဲ့အစည်းဖြစ်နေတာပေါ့၊ လက်ရှိမှာ နိုင်ငံရေးအကျဉ်းသား ၁၂ ဦးလောက်သေဆုံးတယ် အဲဒီထဲမှာအမျိုးသမီး ၂ဦးပါတယ်ပေ့ါနော်။ ကျနော်တို့အဖွဲ့အစည်းက လက်လှမ်းမှီသမျှကောက်ယူထားတဲ့စာရင်းပေါ့နော် တချို့ထောင်တွေမှာတော့အင်တာနက်အခက်အခဲကြောင့်ကော လက်လှမ်းမမှီတာကြောင့်ပါ ဒီထက်လည်သေဆုံးမှုနှုန်း များနိုင်ပါတယ်"
အဓိကပြဿနာကတော့ ထောင်ဆေးရုံတွေဟာဆရာဝန်မလုံလောက်တဲ့အပြင် အရေးပေါ်အခြေအနေမှာပြင်ပဆေးရုံတွေကိုပို့ပြီးအချိန်မီကုသပေးတာမရှိတဲ့အတွက်ကြောင့်လည်းသေဆုံးရတာဖြစ်တယ်လို့ ကိုသိုက်ထွန်းဦးကပြောပါတယ်။
"ကျနော်တို့အကျဉ်းထောင်တွေမှာနေမကောင်းတဲ့အခါမှာ ဆရာဝန်တွေအသင့်မရှိတဲ့ပြဿနာတွေရယ် အရေးပေါ် ဖြစ်တဲ့အချိန်မျိုးမှာဆရာဝန်တွေအချိန်မီ မရောက်လာသေးတဲ့ပြဿနာတွေရယ် ဒီအကြောင်းပြချက်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေသေဆုံးခဲ့ရတာဖြစ်ပါတယ်၊တချို့သေဆုံးမှုတွေကတော့ ဆရာဝန်တွေအချိန်မီ မရောက်လာလို့သေဆုံးရတဲ့အပြင်အရေးပေါ်ဖြစ်တဲ့အချိန်မှာပြင်ပဆေးရုံတွေကိုအချိန်မှီပိုပြီးကုသပေးတာမရှိတဲ့အတွက်လည်း သေဆုံးခဲ့ရသူတွေပါဝင်ပါတယ်"
မိသားစုဝင်တွေပေးတဲ့ဆေးဝါးတွေကိုလည်းကန့်သတ်တာတွေ ပုံမှန်ဆေးသောက်ရမယ့်သူတွေအတွက် ဆေးဝါးမရတာတွေကြောင့်လည်းသေဆုံးရတာဖြစ်တယ်လို့လည်းပြောပါတယ်။
"၂၀၂၄ ခုနှစ်ကစပြီး မိသားစုဝင်တွေ ပေးပို့တဲ့ နိုင်ငံခြားဆေးဝါးတွေကိုကန့်သတ်လိုက်တယ်၊ လက်ခံလိုက်တဲ့ဆေးဝါးတွေကလည်းအကျဉ်းသားတွေဆီကိုအပြည့်အ၀မရောက်ဘူးပေါ့နော်၊ပုံမှန်ရောဂါဖြစ်နေတဲ့သူတွေကဆေးသောက်ဖို့အနိုင်နိုင်ဖြစ်ပြီးခက်ခဲလာတယ်၊ပုံမှန်ရောဂါကနေ နာတာရှည်ရောဂါအဖြစ်ကူးပြောင်းသွားတယ် ၊ ကူးပြောင်းလာတော့ ထောင်တွင်းဆေးရုံတွေကိုကုသဖို့လည်းခက်ခဲတယ် ဆေးဝါးမလုံလောက်တဲ့အတွက် ကျနော်တို့ မြင်တာကိုပြောရရင်တော့ ထောင်တွင်းဆေးရုံတွေဟာနိုင်ငံရေးအကျဉ်းသားတွေကုသဖို့အတွက်နေရာဖြစ်မနေပဲ မသေခင်မှာယာယီထားတဲ့နေရာတွေအဖြစ်ပဲရှိနေတယ်ဗျ"
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ဖေဖေါ်ဝါရီလကစပြီး၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကနေ ကောက်ယူမှတ်တမ်းတင်ထားတဲ့ စာရင်းအရ ဖမ်းဆီးခံရသူအရေအတွက်၂၇၄၈၅ ဦးထိရှိနေပြီးစုစုပေါင်းသေဆုံးသူ ၅၇၁၂ ဦးထိရှိပြီလို့လဲဆိုပါတယ်။ ဒီထဲမှာအကျဉ်းထောင်တွေထဲသေဆုံးသူတွေလည်းပါဝင်ပါတယ်။
Forum