အသစ်ဖွ့ဲစည်းထားတဲ့ “ပြည်သူ့ပါတီ”ကိုကြိုဆိုကြောင်း ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူတွေက ပြောဆိုလိုက်ကြပါတယ်။ နိုဝင်ဘာ ၁၉ နေ့က ရန်ကုန်မြို့မှာ ပါတီဌာနချုပ်ရုံးဖွင့်ပွဲလုပ်ခဲ့ပြီးနောက် ပြောဆိုကြတာပါ။ ဒါပေမဲ့ မြန်မာ့နိုင်ငံရေးမှာ အခိုင်အမာရှိနေတဲ့ NLD နဲ့ပြည်ခိုင်ဖြိုး ပါတီတွေကို ယှဉ်ပြိုင်ကျော်တက်နိုင်ဖို့ဆိုရင် လက်ရှိထက်ပိုပြီး ကြိုးပမ်းအားထုတ်ဖို့ လိုတယ်လို့ အကြံပြုကြပါတယ်။ တိုင်းရင်းသား ငြိမ်းချမ်းရေးပြဿနာ ဖြေရှင်းရေးကိစ္စမှာ “ပြည်သူ့ပါတီ”က အရင်ပါတီတွေထက် ပိုပြီး စွမ်းဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်မှုတွေလည်း ရှိနေ ပါတယ်။ အပြည့်စုံကိုတော့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် အများစုနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ ပြည်သူ့ပါတီကို လွန်ခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက စတင်မှတ်ပုံ တင်ခဲ့ပြီးနောက် မနေ့ တနင်္လာနေ့တုန်းက ရန်ကုန် ဗဟန်းမြို့နယ် ယုဇနတာဝါမှာ ပြည်သူ့ပါတီဌာနချုပ် ဖွင့်ပွဲကို ကျင်းခဲ့ပါတယ်။
ပြည်သူ့ပါတီကနိုင်ငံရေးခရီး စတင်လျှောက်လှမ်းလိုက်တာကို ကြိုဆိုကြောင်းနဲ့ လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ဆိုရင် မဟာဗျူဟာ ကျတဲ့ ကြိုပမ်းမှုတွေ ရှိဖို့လိုတယ်လို့ အမေရိကန်နိုင်ငံ နယူးရောက်မှာနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမောင်မောင်ကျော်က ပြောပါတယ်။
“ သူတို့ ပါတီထောင်တာကို လုံးဝအားပေးပါတယ်။ သူတို့ဒါ ဖြစ်ဖြစ်မြောက်မြောက် လုပ်သွားတဲ့အတွက် ဝမ်းသာပါတယ်။ သူတို့မှာလည်း အတော် ကျွမ်းကျွမ်းကျင်ကျင် ရှိတဲ့သူတွေ ပါပါတယ်။ ဒါသူတို့ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားပြီးဖြေရှင်းသွားမယ်လို့ ကျနော်ယုံကြည် ပါတယ်။ သူတို့မှာ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ပေါ်လစီတခု ရှိတာတော့ ကျနော်သိပါတယ်။ လက်ရှိပါတီနဲ့ မတူတဲ့ အစီအစဉ်တခု ရှိတယ်လို့ ကျနော်သိရပါတယ်။ ဦးကိုကိုကြီးရဲ့ ပြောစကားအရဆိုရင်တော့ သူကြိုတွေးထားတဲ့ သူ့ရဲ့စီမံကိန်းပေါ့နော် .. သူ့ရဲ့ အကြံအစည်က ငြိမ်းချမ်းရေးအတွက်ကို တော်တော်လေး အထောက်အကူဖြစ်မယ့်ဟာလို့ ကျနော်မြင်ပါတယ်။ လက်ရှိအာဏာရနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရယ် အတိုက်ခံဖြစ်နေတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ .. ဒီအင်အားစုကြီး ၂ခုကြားကနေ သူတို့က ထိုးထွက်ရမှာဆိုတော့ သူတို့အရမ်းကို ကြိုးစားရမယ်လို့ ကျနော်ထင်ပါတယ်။ အဲဒါတွေကို သူဖြေရှင်းနိုင်ပြီဆိုရင်တော့ ဒါ ၂၀၂၀ အတွက်တော့ သူတို့က အတိုင်းအတာ တခုထိ ရနိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။”
မြန်မာ့နိုင်ငံရေးမှာ စီးပွားရေးပြန်လည်ဦးမော့ဖို့၊ လက်နက်ကိုင် ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ အရပ်ဖက်-စစ်ဖက် ဆက်ဆံရေး စတဲ့ ဖြေရှင်းရမယ့် ပြဿာနများစွာရှိတဲ့အထဲက “ပြည်သူ့ပါတီ”အနေနဲ့ တိုင်းရင်းသားအရေးကို အလေးထား ဆောင်ရွက်လာမယ်လို့ မျှော်လင့်သူ ကတော့ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် ရှမ်းစာပေနဲ့ယဉ်ကျေးမှုအသင်း ဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင်ဖြစ်ပါတယ်။
“ အခု အသစ်ဖွဲ့လိုက်တဲ့ ပြည်သူ့ပါတီဟာ အလားအလာကောင်းမယ်ထင်တယ်။ ဦးကိုကိုကြီးလည်း တိုင်းရင်းသားအရေးကို ဂရုစိုက်တဲ့ပုဂ္ဂိုလ် တယောက်ဖြစ်တယ်၊ ဆိုတော့ တိုင်းရင်းသားတွေနဲ့လည်း အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်တယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာဆိုရင် ပြည်သူ့ပါတီ ဟာ NLD ရော ပြည်ခိုင်ဖြိုးကိုရော ပြိုင်နိုင်မယ်လို့ထင်တယ်။ ဘာလို့လည်းဆိုတော့ သူတို့မှာနာမည် ရှိထားပြီးသား၊ နောက်လူတွေကလည်း NLD အစိုးရ နိုင်လာပြီးနောက်ပိုင်းလည်း စီးပွားရေးလည်း ကျသွားတာရှိတယ် ငြိမ်းချမ်းရေးလည်းမရနိုင်ဘူး၊ စစ်တပ်နဲ့လည်း အဆင်မပြေဘူး … ဆိုတဲ့အခါကျတော့ အခုပါတီအသစ်ထွက်လာတော့ ပြည်သူတွေကလည်း အဲဒါကိုမျှော်မှန်းပြီးတော့ သူတို့ကို ထောက်ခံပါလိမ့်မယ်လို့ ကျနော်ထင်တယ်။”
“ပြည်သူ့ပါတီ”အနေနဲ့ နိုင်ငံ့ရဲ့အခြားသောပြဿနာတွေကို ကိုယ်တွယ်ဖို့ ဟန်ပြင်နေတာနဲ့အမျှ အရေးကြီးတဲ့ ကျန်းမာရေး ပညာရေးလို ကဏ္ဍတွေမှာ ပါတီရဲ့မူဝါဒ ဘယ်လိုရှိသလဲဆိုတာ ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း ချပြဖို့လိုတယ်လို့ ကနေဒါနိုင်ငံ Alberta ဆေးကောလိပ် ကထိက ဒေါက်တာ ဒေါ်ခင်စောဝင်းက ပြောပါတယ်။
“ ဒီပြည်သူ့ပါတီဟာ အခုမှဖြစ်လာတာဆိုတော့ ပြည်သူအတွက် ဘယ်လောက်ထိ လုပ်ပေးမယ်ဆိုတာတော့ ကျမတို့ သေသေချာချာ မသိသေးတော့ စောင့်ကြည့်ဖို့တော့ လိုပါတယ်။ ဒါပေမဲ့ အခုလက်ရှိပြောဆိုနေတာကို နားထောင်ကြည့်တဲ့အခါ မြန်မာပြည်မှာ တကယ့် လိုအပ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ တိုင်းရင်းသား လူမျိုးစုတွေနဲ့ နားလည်မှုရပြီးတော့ လက်တွဲပူးပေါင်းဖို့ဆိုတဲ့ ဦးတည်ချက်တွေ ပြောနေတာကြားရတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ အရေးတကြီးလိုအပ်နေတဲ့ ပညာရေး ကျန်းမာရေးနဲ့ ပတ်သက်လို့ မူဝါဒတွေ ဘယ်လိုရှိလဲ ဆိုတာကတော့ အခုထက်ပိုပြီးစောင့်ကြည့် နားထောင်ဖို့လိုအပ်ပါတယ်။”
ဦးကိုကိုကြီး ဦးဆောင်တဲ့ “ပြည်သူ့ပါတီ”ဟာ အစောပိုင်းမှာ ရှစ်လေးလုံးပြည်သူ့ပါတီ-ဆိုတဲ့ နာမည်နဲ့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင် ခဲ့ပေမယ့် ဝိုင်းဝန်ကန့်ကွက်ကြတာကြောင့် ပါတီနာမည်ကို “ပြည်သူ့ပါတီ”အဖြစ် ပြောင်းလဲခဲ့ရတာပါ။
“ပြည်သူ့ပါတီ”ထဲမှာတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ဦးမင်းကိုနိုင်၊ ဦးဂျင်မီ၊ ဦးဌေးကြွယ်၊ ဦးမြအေး စတဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ခြင်းမရှိပါဘူး။ ဒီပါတီအနေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက် နစ်နာချက်တွေကို အလေးထား ကာကွယ်သွားမှာ ဖြစ်သလို၊ တိုင်းရင်းသားပါတီတွေနဲ့ နီးကပ်တဲ့ မဟာမိတ်ဆက်ဆံရေးကိုလည်း ထားရှိမှာဖြစ်တယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။