သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် မြေစာပုံ ထပ်ပြို


ပြီးခဲ့တဲ့နိုဝင်ဘာလကုန်ပိုင်းတုန်းက ဖားကန့်ဒေသတွင်းက မြေစာပုံပြိုလို့ လူ တစ်ရာကျော် သေဆုံးခဲ့ရတဲ့ နေရာနားမှာ မြေစာပုံ ထပ်ပြိုကျပြီး ရေမဆေးကျောက် ရှာဖွေတဲ့လူတွေပျောက်ဆုံးနေလို့ ကူညီကယ်ဆယ်ရေးတွေ အပူတပြင်း ရှာဖွေနေဆဲဖြစ်ကြောင်း ဒေသခံတွေကပြောပါတယ်။ ဒီနှစ်အတွင်းမှာ လူရာနဲ့ချီသေဆုံး ပျောက်ဆုံးခဲ့ရတဲ့ မြေစာပုံပြိုကျမှုတွေဟာ ဆက်တိုက် ဆိုသလိုဖြစ်ပွားနေတာဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူဘက်က ဘေးအန္တရာယ် ကင်းရှင်းရေး ကို အထူးသတိထားဆောင်ရွက် သင့်တယ်လို့လည်း အကြံပြုကြပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ကမ္ဘာအဆင့်မှီအရည်အသွေးရှိတဲ့ ကျောက်စိမ်းတွေ ထွက်ရှိရာ မြန်မာနိုင်ငံ ကချင်ပြည်နယ် ဖားကန့်ဒေသထဲက ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းခွင်တွေမှာ ကျောက်စိမ်းတူးဖော်ရာက ထွက်ရှိလာတဲ့ စွန့်ပစ်မြေစာပုံတွေ ပြိုကျလို့ လူရာနဲ့ချီပျောက်ဆုံး၊ သေဆုံးခဲ့ရတဲ့အကြိမ်ရေက ဒီနှစ်အတွင်းမှာကို အနည်းဆုံး (၅)ကြိမ်လောက်ဖြစ်ပွားခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ရက်နေ့တုန်း ကလည်း ဖားကန့်ဒေသထဲ မြေစာပုံပြိုကျလို့ လူပေါင်း ၁၂၀နီးပါး သေဆုံး ခဲ့ပြီး ပျောက်ဆုံးသူ တစ်ရာကျော်လောက်ရှိခဲ့လို့ ဒီနှစ်အတွင်း အဆိုးရွားဆုံးမြေစာပုံပြိုကျမှုအဖြစ် ပြောဆိုနေကြတာပါ။

ဒီအနေအထားမှာပဲ မနေ့တနင်္လာနေ့တုန်းက အဲ့ဒီ့ပြိုကျခဲ့တဲ့ မြေစာပုံနား မှာပဲ နောက်ထပ်မြေစာပုံပြိုကျခဲ့ပြီး အခုအချိန်အထိ မြေပြိုကျမှုထဲ ပါသွားသူ ဘယ်နှစ်ဦးရှိတယ် ဆိုတာကို မသိသေးသလို သေဆုံးသူအလောင်းတွေကို တူးဖော်လို့မရသေးဘူး လို့ ဖားကန့်ဒေသခံ သတင်းသမား တစ်ဦးဖြစ်တဲ့ ဦးဇော်မိုးထက်က ပြောပါတယ်။

“မနေ့တုန်းကဖြစ်တာက ဟိုတလောက တစ် သုံးလုံး ကုမ္ပဏီ ကနေ မြေစာပြိုပြီးတော့ လူ ၁၀၀ ကျော် သေတဲ့နေရာနဲ့ ကပ်ရပ်ပဲ။ အဲဒီဟာနဲ့ တစ်ပုံနဲ့အတူတူပဲ။ လောလောဆယ်ကတော့ အလောင်းက ရှာမရသေးဘူးခင်ဗျ။ မနေ့က ညနေအထိတော့လေ။ ကျောက်စိမ်းလုပ်ငန်းက စွန့်ပစ်တဲ့မြေစာပုံတွေမှာ ရေမဆေးမရှာဖို့ တားဖို့ကတော့ နဲနဲခက်မယ် ထင်တယ်အမ။ အခုပြိုကျသွားတဲ့ဟာကလည်း အဲ့ဒီလို မြေစာဖော်နေရင်း နဲ့ မြေစာပြိုနေတဲ့ အပုံမှာ ရှာနေရင်းနဲ့ မြေစာပြိုတဲ့ထဲပါသွားတာ။”

မြေစာပုံပြိုကျလို့ သေဆုံး၊ ပျောက်ဆုံးရတဲ့လူအများစုဟာ မြန်မာနိုင်ငံအနှံ့ကနေ ဖားကန့်ကို လာရောက်ပြီး စွန့်ပစ်မြေစာပုံတွေမှာ ကျောက်တွေကို လိုက်လံရှာဖွေပြီး လုပ်ကိုင် စားသောက်နေသူတွေဖြစ်ပါတယ်။

ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ငန်းခွင်တွေထဲ မြေစာပုံတွေ ပြိုကျခဲ့တဲ့လို့ လူရာနဲ့ချီသေဆုံးခဲ့ရတဲ့ အပေါ် ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေဘက်က စက်ယန္တယားကြီးတွေ တူးဖော်ပြီး လုပ်ကိုင်နေ တဲ့ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းခွင် လုံခြုံရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ သတိပေးတိုက်တွန်းမှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

စွန့်ပစ်မြေစာပုံတွေကို သတ်မှတ်စံချိန်မှီ အမြင့်ပေတွေသတ်မှတ်ဖို့ ဒေသခံတွေ အပါအဝင် ရေမဆေးကျောက် ရှာဖွေသူတော်တော်များများ မှီတည် လုပ်ကိုင်နေရတဲ့ မြေစာပုံ စွန့်ပစ်နေရာ အတွက် စနစ်တကျဆောင်ရွက်ပေး သင့်ပါတယ်လို့ ဖားကန့်ဒေသက သတင်းသမား ဦးဇော်မိုးထက်က ပြောပါတယ်။

“အဲဒီမှာ ရေမဆေးကျောက် ရှာဖွေစားသောက်နေရတဲ့ ဒေသခံတွေ ရှိတယ်လေ။ အဲဒီလူတွေက ဒီအလုပ်ပဲ လုပ်ရတာကို။ ကျနော်အကြံပြု ထားတာက နှစ်ဦး၊ နှစ်ဖက်လုံး က အပေးအယူတွေ လုပ်မှ ဖြစ်မှာပဲ။ ဘာဖြစ်လို့ဆိုတော့ ရေမဆေးကျောက် ရှာဖွေတဲ့လူတွေဖက်ကလည်း ဘာလဲဆိုရင် သတ္တုတွင်းဝန်ကြီးဌာန နဲ့ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာရမယ်ပေါ့နော်။ နောက်ပြီးတော့တခါ အဲဒီအာဏာပိုင် အဖွဲ့အစည်းတွေက ဘာလုပ်ပေးရမလဲ ဆိုတော့ ရေမဆေးကျောက် ရှာဖွေတဲ့လူတွေကို အသက်ဘေးအန္တရာယ် ကင်းကင်း ရှာဖွေနိုင်ဖို့ အတွက် မြေစာပုံတွေကို သတ်မှတ် အမြင့်၊ သတ်မှတ်အကျယ်၊ နောက်ပြီးတော့ သက်မှတ် ကုမ္ပဏီပေါ့နော် သတ်မှတ်မြေစာပုံပေါ့နော်။

တူးတဲ့ ကုမ္ပဏီကများပြီး သူတို့ သတ်မှတ်ထားတဲ့မြေစာပုံက အရမ်းနည်းနေတဲ့ အခါကျတော့ ကုမ္ပဏီ ဆယ်ခုလောက်က ပစ်ရင် ကုမ္ပဏီ တခုကို မြေစာပုံတာက အစီးနှစ်ဆယ်ပဲ ထားဦး ဆယ်ခုဆို အစီးနှစ်ရာက သွားနေပြီ။ အစီးနှစ်ရာရဲ့ နှစ့်ဆယ့်လေးနာရီ ပစ်တဲ့အားက ဒီမြေစာပုံက အကြီးကြီးဖြစ် လာနိုင်တယ်။ အဲ့သလို စုပုံပြီး ပစ်တဲ့အတွက် ရေမဆေးကျောက် ရှာတဲ့သူတွေက ဒီလိုနေရာတွေမှာပဲ စု စု လာကြတာကိုး။ ရေမဆေးကျောက် ရှာတဲ့သူတွေအတွက် မြေစာပုံကြီးတွေက အမြင့်ကြီး မဖြစ်ရင် အသက်အန္တရာယ် ကင်းကင်းနဲ့ ရှာလို့ရတယ်။ နောက်ဆုံး ဖြစ်ခဲ့ဦးတောင်မှ ဒီလို အစုလိုက် အပြုလိုက် သေဆုံးမှုတွေ နည်းပါးသွားမယ်လို့ ကျနော်ကတော့ အကြံပြုချင်ပါတယ်။ '

ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီပေါင်း ၅၀ ကျော် ရှိသလို မြေစာပုံပြိုကျတာကတော့ ဒီနှစ် ဇန်နဝါရီလ ၇ ရက်နေ့ကတကြိမ်၊ မတ်လ ၆ရက်နေ့က တကြိမ်နဲ့ မတ်လ ၃၀ရက်နေ့က တကြိမ်နဲ့ စက်တင်ဘာလ ၂ရက်နေ့က တကြိမ် နဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့ကတကြိမ် ငါးကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းမှာ မြေပြိုကျလို့ သေဆုံးသူ ရာနဲ့ချီရှိခဲ့တဲ့အပေါ် သက်ဆိုင်ရာ ကုမ္ပဏီ နဲ့ မြန်မာအစိုးရအနေနဲ့ တာဝန်ယူသင့်တယ်လို့ မြန်မာ့ကျောက်စိမ်း လုပ်ငန်းနဲ့ပတ်သက်လို့ အစီရင်ခံစာ ထုတ်ပြန်ထားတဲ့ Global Witness အဖွဲ့က ပြောဆိုထားပါတယ်။ နိုဝင်ဘာမြေပြိုကျမှုနဲ့ပတ်သက်ပြီး သေဆုံးခဲ့ရသူတွေအတွက် အမေရိကန်အပါအဝင် သံရုံးတွေဘက်က ဝမ်းနည်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါသေးတယ်။

ဒီရက်ပိုင်းအတွင်းမှာကို ကချင်ပြည်နယ် ကျောက်စိမ်းတူးဖော်ရေးအတွက် မြေစာသယ်ကားအများအပြားကို ဖားကန့်ဒေသဘက်ကို ပို့ဆောင်နေသလို လက်ရှိအစိုးရရဲ့ လက်ကျန် သက်တမ်းကာလအတွင်းမှာ ကျောက်စိမ်း တူးဖော်တာတွေကို အရင်နဲ့ မတူဘဲ စက်ယန္တယားကြီးတွေ အများအပြားသုံးပြီး အလွန်အကျွံတွေ ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြချိန်လည်းဖြစ်ပါတယ်။

XS
SM
MD
LG