သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး မြန်မာ့မိတ်ဆွေနိုင်ငံများစုဖွဲ့ဆောင်ရွက်ဖို့ HRW တိုက်တွန်း


HRW အာရှဒေသ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson (ယာ) နဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် အိသန့်စင် (VOA)
HRW အာရှဒေသ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson (ယာ) နဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် အိသန့်စင် (VOA)

မြန်မာ့ပဋိပက္ခဖြေရှင်းရေးမှာ အာဆီယံတခုတည်းအနေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင် စွမ်းရှိမှာမဟုတ်လို့ အမေရိကန် အီးယူအပါအဝင် မြန်မာ့အရေးဖြေရှင်းဖို့ သဘောထားတူသူတွေကြား မြန်မာ့မိတ်ဆွေနိုင်ငံများဆိုတာ စုစည်းပြီးကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ HRW အာရှဒေသ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကပြောပါတယ်။ HRW ပြောခွင့်ရသူ Phil Robertson ကို မအိသန့်စင်က ဗွီအိုအေ စတူရီယိုမှာ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ အာဆီယံအနေနဲ့ မကြာသေးခင်ကပဲ အဆင့်မြင့်အစည်းအဝေးတွေ လုပ်ခဲ့တယ်။ ဒါ့အပြင် အာဆီယံလေတပ်ဦးစီးချုပ်အစည်းအဝေးကိုလည်း လက်ခံကျင်းပနေပါတယ်။ အာဆီယံတိုင်းပြည်တချို့က မတက်ရောက်ပါဘူး။ တချို့ကတော့ ဗွီဒီယိုနဲ့ပဲ မိန့်ခွန်းစကားလှမ်းပို့ပါမယ်။ တချိန်တည်းမှာ အာဆီယံအစည်းအဝေးအတော်များများမှာ မြန်မာစစ်ကောင်စီကိုယ်စားလှယ်တွေကို တက်ခွင့်မပေးပါဘူး။ ဒီတော့ အာဆီယံရဲ့ အခြေအနေ ဘယ်လိုဖြစ်နေပါလဲ။

ဖြေ။ ။ အလွန်ပဲ ရှင်းပါတယ်။ အာဆီယံအနေနဲ့ မြန်မာနိုင်ငံထဲမှာ ဘယ်လိုအစည်းအဝေးမှ မလုပ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ စစ်ကောင်စီက ဒါတွေကို သူတို့ဝါဒဖြန့်ချီရေးအတွက်ပဲ အသုံးချမှာမို့ပါ။ လေတပ်ဦီးစီးချုပ်အစည်းအဝေးပဲဖြစ်ဖြစ် အစည်းအဝေးသေးသေးပဲဖြစ်ဖြစ်ပါ၊ ဘယ်လိုအစည်းအဝေးမျိုးကိုမှ အာဆီယံအနေနဲ့ မြန်မာနိုင်ငံထဲ မကျင်းပသင့်ပါဘူး။ ဒါဟာ မူဝါဒတရပ်၊ ခေါင်းဆောင်တွေကြား သဘောတူညီမှုတရပ်ဖြစ်သင့်ပါတယ်။ တချိန်တည်းမှာ မြန်မာလေတပ်ဟာ အရပ်သားပြည်သူတွေကိုပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ရာနဲ့ချီ သေဆုံးတာတွေရှိနေပါတယ်။ ဒါကို လက်ခံလို့မရပါဘူး။ အင်မတန်ဒေါသဖြစ်စရာကောင်းပါတယ်။

အာဆီယံရဲ့ပြဿနာက အာဆီယံထဲမှာ မြန်မာနိုင်ငံကိစ္စနဲ့ပတ်သက်လို့ အကွဲကွဲ အပြဲပြဲဖြစ်နေတာပါ။ ထိုင်း၊ ကမ္ဘောဒီယား၊ ဗီယက်နာမ်၊ လာအို၊ မြန်မာ စတဲ့ မဲခေါင်အာဆီယံအုပ်စုကတဖက်၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင် စတဲ့ အာဆီယံပင်လယ်ရေကြောင်းအုပ်စုကတဖက်ပါ။ အာဆီယံရဲ့ မြန်မာ့အရေးဘုံသဘောထား ၅ ရပ်ကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ တဖက်နဲ့တဖက် သဘောထားမတူပါဘူး။ အဲဒီ ဘုံသဘောထား ၅ ချက်ကလည်း အာဆီယံအတွင်း နောက်ဆုံးရထားတဲ့ သဘောတူညီချက်ပါပဲ။ ဒီအပေါ်မှာ အမေရိကန် အီးယူ စတဲ့ နိုင်ငံတကာကလည်း မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံက အဓိကကျတယ်ဆိုပြီး ဖြစ်နေတာပါ။ ခက်တာက အာဆီယံမှာလည်း ဒီလို လုပ်နိုင်တဲ့ အစွမ်းအစမရှိပါဘူး။ အဲဒီမှာ အဖြေမရှိပဲ ပိတ်ဆို့သွားတာပါ။

အာဆီယံအပြင် တခြားနိုင်ငံတွေပါ ပါဝင်အဖြေထုတ်လာဖို့ နိုင်ငံတကာအနေနဲ့ တခြားနည်လမ်းတခုခုကို မရှာနိုင်သရွေ့တော့ ဘာမှဖြစ်လာမှာမဟုတ်သလို ခုလို မလိုလားအပ်တဲ့ လေတပ်ဦးစီးချုပ်အစည်းအဝေးကျင်းပတာမျိုုးတွေ ဖြစ်နေဦီးမှာပဲ။

မေး။ ။ အာဆီယံကိုပဲ ကိုးစားတာမဟုတ်ဘဲ တခြားနည်းလမ်းတခုခုရှာဖို့ ပြောတယ်ဆိုတော့ အမေရိကန်နဲ့ တခြားနိုင်ငံတွေအနေနဲ့ ဘာလုပ်သင့်တယ်ထင်လဲ။

ဖြေ။ ဥပမာအားဖြင့် အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန်တို့ပါဝင်တဲ့ Quad လို အဖွဲ့အစည်းရှိပါတယ်။ Quad က ဘာလို့မြန်မာ့အရေးမှာ မပါဝင်နိုင်ရမှာလဲ။ မြန်မာပြည်အတွက် ဂျပန်ကလည်း အဓိကကျတဲ့နိုင်ငံလိုဖြစ်နေတာပဲ။ ဩစတြေးလျလည်း အလားတူပါပဲ။ အိန္ဒိယဆိုလည်း တကယ့် နယ်ချင်းစပ်နေတဲ့ တိုင်းပြည်ပါ။ ခုထိဆိုရင်တော့ သူက မြန်မာနဲ့ပတ်သက်လို့ မူဝါဒအမှားတွေပဲ လုပ်နေပါတယ်။ ဒါကြောင့် မြန်မာ့အရေးကိစ္စမှာ တခြားတိုင်းပြည်တွေပါ ပါလာရမှာပါ။

ဆိုလိုတာက တချိန်က မြန်မာမိတ်ဆွေနိုင်ငံများဆိုတာကို ပြန်အသက်သွင်းသင့်ပါတယ်။ ဒီတခါ ကုလအတွင်းရေးမှူးချုပ်က ဦီးဆောင်ဖို့တောင် မလိုပါဘူး။ အမေရိကန် အီးယူ ယူကေတို့ ပါတဲ့ မြန်မာ့အရေးစိတ်တူကိုယ်တူရှိတဲ့ နိုင်ငံတွေစုပြီး တခုခုဆောင်ရွက်ဖို့ပါ။ ဒါ့အပြင် တာဝန်ယူ တာဝန်ခံမှုကိစ္စလည်း ပါပါလိမ့်မယ်။ နိစ္စဓူဝ မြန်မာပြည်အနှံ့ ကျနော်တို့တွေ့နေရတာက မြန်မာစစ်တပ်ရဲ့ လူသားမျိုးနွယ်ကို ကျူးလွန်တဲ့ရာဇတ်မှုတွေပါ။

မေး။ ။ အခု လေတပ်ဦးစီးချုပ်အစည်းအဝေးကို နိုင်ငံအတော်များများက မတက်ပေမယ့် ထိုင်းနိုင်ငံကတော့ တက်ပါမယ်။ မြန်မာ့အရေးဖြေရှင်းဖို့ ထိုင်းရဲ့ အခန်းကဏ္ဍကိုရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ တကယ့်ကို ပြဿနာအကြီးကြီးရှိပါတယ်။ ထိုင်းနိုင်ငံခြားရေးမူဝါဒကိုကြည့်မယ်ဆိုရင် နယ်စပ်ချင်းဆက်နေတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတွေနဲ့ပတ်သက်လာရင် စစ်တပ်ကပါ ပတ်သက်နေပါတယ်။ နိုင်ငံတော်လုံခြုံရေးကိစ္စလို့ မြင်ပါတယ်။ ပြဿနာက ထိုင်းစစ်တပ်ဆိုတာက အခြေခံအားဖြင့် မြန်မာစစ်တပ်ကို ရပ်ခံပေးပါတယ်။ သူတို့ချင်း နီးနီးကပ်ကပ်အလုပ်လုပ်ကြပါတယ်။ ပရာယုဒ်ချန်အိုချာ ဦီးဆောင်တဲ့ စစ်အာဏာသိမ်း ထိုင်းအစိုးရရဲ့မူဝါဒဟာ အခု ပွေထိုင်းပါတီ အစိုးရလက်ထက်မှာ မူဝါဒတစုံတရာ ပြောင်းလဲလာမလား ဆိုတာ မေးစရာရှိပါတယ်။

မြန်မာအပေါ် ထိုင်းမူဝါဒနဲ့ပတ်သက်လို့ သူတို့အနေနဲ့ ဒီမူဝါဒကို ပြန်ပြီး သုံးသပ်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာပဋိ့ပက္ခအဆုံးသတ်နိုင်ဖို့အတွက် ဒီမိုကရေစီ လူ့အခွင့်အရေးကို တန်ဖိုးထားရမယ်ဆိုတာ အသိအမှတ်ပြုဖို့လိုပါတယ်။ မြန်မာပဋိပက္ခဟာ ထိုင်းကို တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ ဒီပဋိပက္ခကြောင့် နယ်စပ်ဖြတ်ကျော်ဒုက္ခသည်တွေ၊ လူကုန်ကူးမှုမျိုးလို နယ်စပ်တလျှောက်ဥပဒေမဲ့ကိစ္စတွေ၊ မူးယစ်ဆေးဝါးတွေ ဝင်ရောက်လာတာတွေ ဒါတွေက ထိုင်းကို တိုက်ရိုက်ထိခိုက်သက်ရောက်မှုတွေပါ။

HRW အာရှဒေသ လက်ထောက်ညွှန်ကြားရေးမှုး Phil Robertson နဲ့ ဗွီအိုအေ တွေ့ဆုံမေးမြန်းခန်းအပြည့်အစုံကိုတော့ မကြာခင်ထုတ်လွှင့်ပေးမှာမို့ စောင့်မျှော်နားဆင်နိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG