သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး နိုင်ငံတကာတုံ့ပြန်မှု ထိရောက်ဖို့ HRW တိုက်တွန်း


အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုအတွင်း လူ့အခွင့်အရေးအဖွဲ့ Human Rights Watch (HRW) ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကိုတွေ့ရစဉ် (ဇန်နဝါရီ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်)
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုအတွင်း လူ့အခွင့်အရေးအဖွဲ့ Human Rights Watch (HRW) ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကိုတွေ့ရစဉ် (ဇန်နဝါရီ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်)

အရပ်သားတွေကို တမင် ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ မြန်မာ စစ်တပ်ရဲ့ လုပ်ရပ်တွေကို နိုင်ငံနေရာအနှံ့ ကျယ်ကျယ်ပျံ့ပျံ့ တွေ့လာနေရချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ကြေညာချက်တွေ ထုတ်နေတာလောက်နဲ့ မလုံလောက်ဘဲ ထိရောက်တဲ့ အရေးယူမှုတွေ တိုးမြှင့် ချမှတ်ဖို့လိုနေပြီလို့ လူ့အခွင့်အရေးအဖွဲ့ Human Rights Watch (HRW) က ပြောဆိုလိုက်ပါတယ်။ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း မနေ့က ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး မြန်မာစစ်တပ်ရဲ့ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို အရေးပေါ် စုံစမ်းစစ်ဆေးပြီး ထိရောက်တဲ့အရေးယူမှုတွေ လုပ်သွားဖို့ HRW ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson က တောင်းဆိုပါတယ်။

"ဒီအတိုင်း ထိုင်ကြည့်ရင်း အခြေအနေ ပိုကောင်းလာလိမ့်မယ်လို့ မျှော်လင့်လို့မရပါဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ကြေညာချက်တွေပဲ ဆက်ပြီး ထုတ်နေရုံနဲ့ ဘာမှမဖြစ်လာမှာ မဟုတ်ဘူးဆိုတာကို မြန်မာပြည်သူတွေလည်း သိနေပါပြီ။ ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ရပါလိမ့်မယ်။ မြန်မာစစ်တပ်ကို လက်နက် တင်ပို့ရောင်းချနေတာတွေကို ပိုပြီး တင်းတင်းကျပ်ကျပ် ပိတ်ဆို့ အရေးယူဖို့ လိုအပ်နေပြီလို့ နိုင်ငံတကာလူအခွင့်အရေး အဖွဲ့ HRW ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယညွန်ကြားရေးမှူး Phil Robertson က ပြောသွားတာပါ။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)

ဒါ့အပြင် စစ်ကောင်စီ လေတပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ရှင်းနေတဲ့အတွက် မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့နေတာတွေ ဖြတ်တောက်ရေး ဖိအားပေးနိုင်ဖို့ ပူးပေါင်းလုပ်ဆောင်ရေးကိုလည်း သူက တိုက်တွန်းသွားပါတယ်။ မနေ့က စစ်ကောင်စီကနေ လေကြောင်းကနေ တိုက်ခိုက်မှုဟာ နိုင်ငံအတွင်း တခြားနေရာတွေမှာလည်း အရပ်သားတွေ မစုဝေးရဲအောင် ခြိမ်းခြောက်တဲ့ လုပ်ရပ်အဖြစ် သူက ရှုတ်ချပြောဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ကလည်း မနေ့က ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း မနေ့က ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ မြန်မာစစ်ကောင်စီဘက်က လူတွေရဲ့ အသက်တွေကို အလေးမထားသလို စစ်အာဏာသိမ်းပြီး ပေါ်ပေါက်လာတဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အကျပ်အတည်းတွေအပေါ် တာဝန်ရှိတယ်ဆိုတာကို မသိကျိုးကျွံပြုနေတယ်ဆိုတာ ပြသနေတဲ့အကြောင်း ဖော်ပြထားပါတယ်။ အရပ်သားတွေ ထိခိုက်သေဆုံးနေရတဲ့ သတင်းတွေနဲ့ပတ်သက်လို့ အထူးစိုးရိမ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Vedant Patel က ကြေညာချက်ထုတ်ြပန်တာပါ။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG