တောင်တရုတ် ပင်လယ်ပြင်မှာ တင်းမာမှုတွေ လျော့ပါးစေဖို့ တရုတ်နဲ့ ဖိလစ်ပိုင် အစိုးရတို့ကြား သဘောတူညီမှုရခဲ့ပြီး သီတင်းတပတ်ကျော် အကြာမှာ ဒီပင်လယ်ပြင် အတွင်း တရုတ် ကမ်းရိုးတန်းစောင့် တပ် သင်္ဘောတွေ ကျူးကျော်ဝင်ရောက်မှုတွေ ရန်လိုတဲ့လုပ်ဆောင်မှုတွေ၊ ခြိမ်းခြောက်မှုတွေ ရှိခဲ့တယ်လို့ ဖိလစ်ပိုင်က စွပ်စွဲခဲ့ပါတယ်။
အခု ရက်ပိုင်းအတွင် တရုတ်ရဲ့ အခုလို လုပ်ဆောင်မှုဟာ ဖိလစ်ပိုင်ကို အမေရိကန်က အကူအညီ ပေးမယ်လို့ ကတိပြုခဲ့တာကို စမ်းသပ်မှု တခု အဖြစ်နဲ့ အကဲခတ်တွေက သုံးသပ်ပါတယ်။ စင်္ကာပူ အမျိုးသား တက္ကသိုလ်က နိုင်ငံရေး သိပ္ပံ ပညာရှင် တဦးကတော့ အခု အမေရိကန် အစိုးသစ် အဖွဲ့ဟာ ဖိလစ်ပိုင်ကို ဘယ်လောက်အထိ တွန်းအားပေးနိုင်မယ်ဆိုတာကို တရုတ်က စမ်းသပ်တာဖြစ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။
စနေနေ့ ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့် တပ်ဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ဖိလစ်ပိုင် ငါးဖမ်း လုပ်ငန်းပိုင် သင်္ဘော ၂ စင်းဟာ အဏ္ဏဝါသိပ္ပံဆိုင်ရာ စူးစမ်းမှုတွေ လုပ်ဖို့ Sandy Cay ဘက်ကိုသွားချိန်မှာ တရုတ်ကမ်းရိုးတန်းစောင့် သင်္ဘော ၃ စင်းက ရန်လိုစွာ ခြိမ်းခြောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖိလစ်ပိုင် အစိုးရ ထုတ်ပြန်တဲ့ ဗွီဒီယို တခုမှာလည်း တရုတ်ကမ်းရိုးတန်းစောင့် သင်္ဘောကြီးက ဖိလစ်ပိုင် သင်္ဘောငယ် တစင်း အနီးကို မီတာ အနည်းငယ် အထိ ကပ်လာတာကို ဖော်ပြထားသလို တရုတ် ရဟတ်ယာဉ်က ဖိလစ်ပိုင် သင်္ဘောပေါ်မှာ ပျံဝဲ နေတာကို ဖော်ပြထားပါတယ်။ တရုတ်ကတော့ တောင်တရုတ် ပင်လယ်ပြင် ဒေသကို သူ့ပိုင်နက် အဖြစ် ကြေညာထားပြီး ဖိလစ်ပိုင် အပါအဝင် အရှေ့တောင် အာရှ နိုင်ငံ အတော်များများနဲ့ ရေပြင် ပိုင်နက် အငြင်းပွားနေတာ ဖြစ်ပါတယ်။
Forum