သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် အပေါ် ဖိလစ်ပိုင်လူထု ယုံကြည်မှု ကျဆင်း


မှတ်တမ်းဓာတ်ပုံ - တရုတ်ဆန့်ကျင်ရေး စာတန်းတွေ ကိုင်ဆောင်ထားတဲ့ ဖိလစ်ပိုင် ဆန္ဒပြသူများ။ ဇူလိုင် ၂၀၁၉။
မှတ်တမ်းဓာတ်ပုံ - တရုတ်ဆန့်ကျင်ရေး စာတန်းတွေ ကိုင်ဆောင်ထားတဲ့ ဖိလစ်ပိုင် ဆန္ဒပြသူများ။ ဇူလိုင် ၂၀၁၉။

တရုတ်နိုင်ငံနဲ့အတူ တောင်တရုတ်ပင်လယ်ပြင်အတွင်း နယ်မြေ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နိုင်ငံတွေထဲ ဖိလစ်ပိုင်နိုင်ငံလည်း ပါဝင်နေပါတယ်။ တောင်တရုတ်ပင်လယ်ပြင်ထဲက ဖိလစ်ပိုင်နိုင်ငံက ထိန်းချုပ်ထားတဲ့ ကျွန်းစုတွေအနီး တရုတ် ရေတပ် သင်္ဘောတွေနဲ့ ငါးဖမ်း သင်္ဘောတွေ ပိုများပြားလာသလို ဖိလစ်ပိုင်နဲ့ တရုတ် ငါးဖမ်းသင်္ဘောတွေအကြား တိုက်မိတာတွေ ဖြစ်ပွားခဲ့တာကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာတဲ့ အချိန်တွေလည်း ရှိလာခဲ့ပါတယ်။ နောက်ဆုံး ကောက်ယူတဲ့ လူထု စစ်တမ်းတွေအရ ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့ တရုတ်နိုင်ငံအပေါ် ယုံကြည်ကိုးစားမှု ကျဆင်းလာနေပါတယ်။ VOA သတင်းထောက် Ralph Jennings ရဲ့ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့က Social Weather Stations လို့ အမည်ရတဲ့ သုတေသနအဖွဲ့တစ်ခုက ပြီးခဲ့တဲ့ လက ထုတ်ပြန်တဲ့ လူထု သဘောထား စစ်တမ်းအရ ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့ တရုတ်အပေါ် ယုံကြည်စိတ်ချရမှု ကျဆင်းလို့ လာနေပါတယ်။

မေးခွန်း ဖြေဆိုသူ ၅၁ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံအပေါ် ယုံကြည်မှု အနည်းအကျဉ်းသာရှိပြီး ၂၇ ရာခိုင်နှုန်းကတော့ ယုံကြည်မှု အတော်ရှိ တယ်လို့ ဆိုပါတယ်။ ဒီ သဘောထား စစ်တမ်းဟာ အငြင်းပွား နယ်မြေတွေနဲ့ ပတ်သက်ပြီး ဖိအားပေးလာနေတဲ့တရုတ်နိုင်ငံအပေါ် ဖိလစ်ပိုင် နိုင်ငံသားတွေရဲ့ မကျေမနပ်ဖြစ်မှုနဲ့ တရုတ်လူမျိုးတွေ ဖိလစ်ပိုင်က စီးပွားရေး လုပ်ငန်းတွေမှာ ကြီးစိုးလာလို့ ဖိလစ်ပိုင် နိုင်ငံသားတွေရဲ့ စိုးရိမ် လာမှုတွေကို ထင်ဟပ် ဖော်ပြ နေပါတယ်။

ဒီနှစ်ဧပြီ လကုန်လောက်အထိ ရာချီရှိတဲ့ တရုတ်သင်္ဘောတွေဟာ ဖိလစ်ပိုင်က ထိန်းချုပ်ထားတဲ့ အငြင်းပွားနေတဲ့ Spratly ကျွန်းစုတွေအနား ဖြတ်ကျော် ခုတ်မောင်းခဲ့ပါတယ်။ ဇွန်လထဲမှာတော့ တရုတ်ငါးဖမ်းလှေက ဖိလစ်ပိုင် ငါးဖမ်းလှေကို တိုက်မိလို့ ဖိလစ်ပိုင် ငါးဖမ်းလှေ နစ်မြုပ်ခဲ့ ပါတယ်။ ဒီလို အဖြစ်အပျက်ဟာ တရုတ်နဲ့ ဆက်ဆံရေးမှာ ကောင်းစရာ မရှိဘူးလို့ စင်္ကာပူ အမျိုးသားတက္ကသိုလ်က တွဲဖက်ပါမောက္ခ Eduardo Araral က ဗွီအိုအေကို ပြောပါတယ်။

“ ဖိလစ်ပိုင် သင်္ဘောကို နစ်မြုပ်စေတာလို ဖြစ်ရပ်မျိုးဟာ အဆ တရာလောက် ချဲ့ကား ကြီးမား သွားတတ်ပါတယ်။ ဒါဟာ တရုတ်နဲ့ ဆက်ဆံရေးမှာ မကောင်းနိုင်ပါဘူး။ တရုတ်အပေါ် ရှိနေတဲ့ ယုံကြည်မှုလေးတွေ ပျောက်ကွယ်သွားကုန် နိုင်လို့ပါ။ ”

တကယ်တော့ တရုတ်နဲ့ ဖိလစ်ပိုင် ဆက်ဆံရေးက ၂၀၁၆ ခုနှစ်မှာ သမ္မတ ဒူတာတေး တက်လာပြီးတဲ့နောက် နွေးနွေးထွေးထွေး ရှိလာခဲ့ တာပါ။ တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာ ၄.၇ ဘီလီယံ တန်ဖိုးရှိတဲ့ အခြေခံ အဆောက်အအုံဆိုင်ရာ စီမံကိန်းတွေအတွက် အကူအညီ ပေးဖို့လည်း ကမ်းလှမ်းခဲ့ပါတယ်။

အခုတော့ တရုတ် အမျိုးသားတွေက ဖိလစ်ပိုင် အမျိုးသမီးတွေနဲ့ အိမ်ထောင်ပြုပြီး ဖိလစ်ပိုင် ဒေသခံတွေရဲ့ စီးပွားရေးတွေကို ရယူနေတယ်လို့ ဖိလစ်ပိုင်တွေက ယူဆနေကြပါတယ်။ ဖိလစ်ပိုင် တောင်ပိုင်း နိုင်ငံတကာ ဆက်ဆံရေး တက္ကသိုလ် အကြီးအကဲ Rhona Canoy က အခုလို ပြောပါတယ်။

“ တရုတ်လူမျိုးတွေက ဒီမှာ ရေနယ်နိမိတ်နဲ့ နယ်မြေ အငြင်းပွားမှု အတိုင်းအတာထက် ပိုပြီး ကျော်လွန်လာနေပြီးလေ။ ကျွန်တော်တို့ လူထု အပေါ်ပိုပြီး ထိခိုက်နေတာက ဒီမှာ သူတို့က လုပ်ငန်းသစ်တွေ ဖွင့်နေတာပါပဲ။”

Social Weather Stations ရဲ့ စစ်တမ်းကို ဖြေကြားသူ ၂၇ ရာခိုင်နှန်ုးကသာ တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံထဲ လုပ်ကိုင်ဆောင်ရွက်နေတာတွေဟာ ဖိလစ်ပိုင်နိုင်ငံအတွက် ကောင်းတယ်ဆိုတဲ့ ထင်မြင်ချက်ပေးပါတယ်။

ဒါဟာ လက်ရှိ ဖိလစ်ပိုင် သမ္မတ ဒူတာတေးကို မေးခွန်းထုတ်ဖို့ ဖြစ်လာပေမဲ့ ဖိလစ်ပိုင် လူမျိုး အများစုကတော့ နိုင်ငံခြား ဆက်ဆံရေးကို ဒူတာတေး ကောင်းကောင်းကိုင်တွယ်နိုင်မယ်လို့ ယုံကြည်နေကြပါသေးတယ်။ တရုတ်သမ္မတ ရှီဂျင်ပင်းနဲ့ တွေ့ဆုံတဲ့အခါ နယ်မြေ အငြင်းပွား မှု ကိစ္စကို ဒူတာတေက ထုတ်ပြောဖို့လည်း ရှိပါတယ်။ ၂၀၁၆ ခုနှစ်မှာ ရေကြောင်းဆိုင်ရာ တရားရေးအဖွဲ့ Permanent Court of Arbitration က ဖိလစ်ပိုင်နဲ့ အငြင်းပွားနယ်မြေအပေါ် ပိုင်ဆိုင်ကြောင်း တရုတ်အနေနဲ့ တောင်းဆိုခွင့် မရှိဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဖိလစ်ပိုင် ပြည်သူတွေကလည်း တရုတ်နိုင်ငံကို အလျော့မပေးဖို့ ဒူတာတေးကို ဖိအားပေးနေပါတယ်။

“ တရားရုံး ဆုံးဖြတ်ချက်ကို ဖိလစ်ပိုင် အစိုးရက တရုတ်တို့ကို အလေးပေးပြီး မပြောဘူးဆိုရင်တောင်မှ ဖိလစ်ပိုင် ပြည်သူတွေက တရားရုံးမှာ အနိုင်ရထားတဲ့ အခြေအနေကို ဘယ်တော့မှ လက်လွတ် ဆုံးရှုံးခံမှာ မဟုတ်ဘဲ အချုပ်အာဏာကို ကာကွယ်သွားမှာပါ။ အဲဒီလို မလုပ်ရင် ဖိလစ်ပိုင်က အချုပ်အာဏာ စွန့်လွှတ်လိမ့်မယ်လို့ တရုတ်နိုင်ငံ အနေနဲ့ အဓိပ္ပါယ် ကောက်ယူသွားပါလိမ့်မယ်။ ”

တောင် တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ ဖိအားပေးနေမှုကို ကန့်ကွက် ဆန္ဒပြသူတစ်ဦး ပြောသွားခဲ့တာပါ။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တရုတ်ကိစ္စကို ထောက်ပြပြီး ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ နိုင်ငံရေး သမားတွေကတော့ သမ္မတ ဒူတာတေး ထောက်ခံတဲ့ အမတ်တွေကို ရှုံးနိမ့်ခဲ့ပါတယ်။ တရုတ်နိုင်ငံအပေါ် ဖိလစ်ပိုင်လူမျိုးတွေရဲ့ သဘောထားဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ဘယ်သူကိုင်တွယ်နေ သလဲအပေါ်မှာ မူတည်နေမှာ ဖြစ်ကြောင်း တွဲဖက်ပါမောက္ခ Eduardo Araral က ပြောကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG