သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နွေးထွေးလာသော တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေး


ဖိလစ်ပိုင် သမ္မတ Rodrigo Duterte (ဝဲ)နဲ့ တရုတ်သမ္မတ Xi Jinping (ယာ) တို့ တရုတ်နိုင်ငံ ဘေဂျင်းမှာ တွေ့စုံစဉ်
ဖိလစ်ပိုင် သမ္မတ Rodrigo Duterte (ဝဲ)နဲ့ တရုတ်သမ္မတ Xi Jinping (ယာ) တို့ တရုတ်နိုင်ငံ ဘေဂျင်းမှာ တွေ့စုံစဉ်

တောင်တရုတ်ပင်လယ်ထဲမှာ ရေပြင်နယ်နိမိတ် ပိုင်ဆိုင်မှုအငြင်းပွားမှုကြောင့် နိုင်ငံတကာခုံသမာဓိအဖွဲ့အထိတက်ပြီး အဆုံးအဖြတ်ယူခဲ့တဲ့ တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံကြားမှာ အခုတော့ ဆက်ဆံရေး အတော်လေးနွေးထွေးလာနေပါတယ်။ ဖိလစ်ပိုင် စီးပွားရေးနဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် တရုတ်က ဒေါ်လာသန်း ၇၀ ကျော်ထောက်ပံ့ကူညီမယ်လို့ ဒီတပါတ်ထဲမှာပဲ ကမ်းလှမ်းခဲ့ပါတယ်။ တရုတ်စီးပွားရေးလုပ်ငန်းတွေကလည်း ဖိလစ်ပိုင်မှာ ဒေါ်လာ ဘီလျံချီရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ချက်ရှိကြောင်း ပြသခဲ့ပါတယ်။ တရုတ်နဲ့ဆက်ဆံရေး ပြန်လည်ကောင်းမွန်ဖို့ သမ္မတ Duterte ရဲ့ဆောင်ရွက်မှုတွေအောင်မြင်နေပုံရတဲ့အကြောင်း VOA သတင်းထောက် Ralph Jennings ပေးပို့ထားတဲ့သတင်းကို ဆက်ပြီးတင်ပြချင်ပါတယ်။

ဖိလစ်ပိုင်သမ္မတ Rodrigo Duterte နဲ့ တရုတ်သမ္မတ Xi Jinping တို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က တရုတ်နိုင်ငံမှာ တေ့ွဆုံကြစဉ်မှာ တရုတ်က ဖိလစ်ပိုင်နိုင်ငံစီပွားရေးနဲ့ အခြေခံအဆောက်အအုံတွေအတွက် ဒေါ်လာ ၇၃ သန်းကူညီထောက်ပံ့မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါတင်မက ဖိလစ်ပိုင်နိုင်ငံမှာ ဒေါ်လာ ၁၀ ဘီလျံနီးပါးဖိုး စီးပွားရေးလုပ်ဖို့ ရည်ရွယ်ချက်ရှိကြောင်း တရုတ်ကုမ္ပဏီ ၉ ခုက ဖိလစ်ပိုင်အစိုးရနဲ့ စာချုပ်ချုပ်ခဲ့တယ်လို့ ဖိလစ်ပိုင်သမ္မတရုံးပြောခွင့်ရသူရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တကယ်တော့ တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံကြားမှာ ခုလိုနွေးထွေးတဲ့ ဆက်ဆံရေးပြန်ဖြစ်လာတာ ၂ နှစ်လောက်ပဲရှိပါသေးတယ်။ ဖိလစ်ပိုင်အရင်သမ္မတ Benigno Aquino လက်ထက်တုန်းက တောင်တရုတ်ပင်လယ်ထဲမှာ သောင်ထွန်းနေတဲ့ Scarborough Shoal ကျွန်းငယ်ပိုင်ဆိုင်မှုနဲ့ပါတ်သက်လို့ နိုင်ငံတကာ အငြင်းပွားမှု ဖြေရှင်းရေးခုံမာဓိရုံးအထိတက်ပြီး ဆုံးဖြတ်ချက်ယူခဲ့ပါတယ်။ သမိုင်းကြောင်းအရ အဲဒီကျွန်းဟာ တရုတ်တို့ပိုင်မဟုတ်ဘူးလို့ ၂၀၁၆ ခုနှစ်မှာ ခုံသမာဓိရုံးက အဆုံးအဖြတ်ပေးခဲ့ပါတယ်။ အဲဒီတုန်းက တရုတ်နဲ့ ဖိလစ်ပိုင်ဆက်ဆံရေးအတော်လေး အဖုအထစ်တွေဖြစ်ခဲ့ပေမဲ့ ၂၀၁၆ မှာပဲ သမ္မတသစ် Duterte တက်လာခဲ့ပြီးနောက် တရုတ်နဲ့ ဆက်ဆံရေးပြန်လည်ကောင်းမွန်အောင် ကြိုးစားခဲ့ပါတယ်။

၂၀၁၆ အောက်တိုဘာမှာပဲ တရုတ်က ဖိလစ်ပိုင်မှာ ကူညီထောက်ပံ့မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတို့အတွက် စုစုပေါင်း ဒေါ်လာ ၂၄ ဘီလျံထောက်ပံ့ဖို့ ကတိပြုခဲ့တဲ့အပြင် ဖိလစ်ပိုင်တောင်ပိုင်းက မငြိမ်မသက်ဖြစ်နေတဲ့ Mindanao ကျွန်းမှာ မိရထားလမ်းဆောက်လုပ်ရေးနဲ့ မွန်ဆလင်သူပုန်တွေနှိမ်နှင်းရေးကို တရုတ်တို့က ကူညီခဲ့ပါတယ်။ ၂ နိုင်ငံပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ Scarborough Shoal ကျွန်းတဝိုက် တရုတ်တို့က သူတို့လှုပ်ရှားမှုတွေကို လျှော့ချခဲ့တဲ့အပြင်။ အဲဒီနေရာမှာ ပူးတွဲရေနံရှာဖွေရေးလုပ်ဖို့အထိ ၂ ဖက် ဆွေးနွေးနေကြပါပြီ။ အငြင်းပွားနေကြတဲ့ ရေနယ်နိမိတ်မှာ မတော်တဆမှုတွေကို ရှောင်နိုင်ဖို့ ၂ နိုင်ငံကြား အဆက်အသွယ်တိုးမြှင့်ဖို့ကိုလည်း သမ္မတ Duterte နဲ့ သမ္မတ Xi တို့ ဒီတပါတ်ထဲမှာ သဘောတူခဲ့ကြပါတယ်။ ခုလို တရုတ်တို့နဲ့ ဆက်ဆံရေးကောင်းမွန်လာတာက ဖိလစ်ပိုင်နိုင်ငံရဲ့ စီးပွားရေးအတွက် အထောက်အကူပြုစေတယ်လို့ Philippines Diliman တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ Herman Kraft က ပြောပါတယ်။

“ ဖိလစ်ပိုင်ရဲ့ စီးပွားရေးကိုကြည့်ရင် ပိုပြီးကောင်းလာပါတယ်။ အဲဒါက Aquino အစိုးရလက်ထက်ကထက် တရုတ်နဲ့ဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့ သမ္မတ Duterte ရဲ့ ကြိုးပမ်းမှုကြောင့်လို့လည်း အတိုင်းအတာတခုအရပြောနိုင်ပါတယ်။”

သမ္မတ Duterte အစိုးရလက်ထက်မှာ တရုတ်ဆီက စုစုပေါင်းဒေါ်လာ 169 ဘီလျံဖိုး ထောက်ပံ့ကူညီမှုတွေ ရအောင်လုပ်နိုင်ခဲ့တာကလည်း ပြည်တွင်းမှာ သမ္မတအပေါ် ထောက်ခံမှုဆက်ရနေစေတာဖြစ်ပါတယ်။ တရုတ်စီးပွားရေးလုပ်ငန်းတွေ ဖိလစ်ပိုင်မှာ နောက်ထပ်လာရောက်ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေကြတဲ့အပေါ်မှာလည်း အားလုံးက စိတ်ဝင်စားနေကြတယ်လို့ Banco de Oro UniBank ဘဏ်က ဈေးကွက်ဆိုင်ရာ မဟာဗျူဟာမှုး Jonathan Ravelas ကပြောပါတယ်။

“အားလုံးကစောင့်ကြည့်လေ့လာနေကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ ရင်းနှီးမြှုပ်နှံကြမယ့် အလားအလာတွေကနေ နောက်ထပ် လုပ်ငန်းတွေ မြန်မြန်ဆန်ဆန်ဖြစ်လာမယ်။ စီးပွားရေးတိုးတက်လာမယ်။ အလုပ်အကိုင်သစ်တွေ ပေါ်လာမှာဖြစ်ပါတယ်။”

သမ္မတ Duterte ဟာ တရုတ်နိုင်ငံအပြင် ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင်လုပ်နိုင်ခဲ့ပါတယ်။ သူသမ္မတဖြစ်လာကာစမှာ အမေရိကန်နဲ့ ဆက်ဆံရေး တော်တော်လေးထိခိုက်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကစပြီး အမေရိကန်နဲ့လည်း ဆက်ဆံရေးပြန်တိုးတက်လာနေပါတယ်။ Duterte အနေနဲ့ တရုတ်နဲ့ သိပ်ရင်းနှီးတယ်ဆိုတာမျိုး အမြင်မရောက်ဖို့ ကြိုးစားပုံရတယ်လို့Institute for Political and Electoral Reform အဖွဲ့က အမှုဆောင်ဒါရိုက်တာ Ramon Casiple ကပြောပါတယ်။

“တရုတ်ကို သိပ်လိုလားတယ်ဆိုတဲ့ အမြင်မရောက်အောင် သူကြိုးစားတယ်လို့ ကျွန်တော်ထင်ပါတယ်။ တရုတ်ကို ထောက်ခံသူလို့ အမြင်ခံရမှာကို သူမလိုလားပါဘူး။”

ဖိလစ်ပိုင်ပြည်သူအများစုကတော့ သမ္မတ Duterte ရဲ့ တရုတ်နဲ့ဆက်ဆံရေးအပေါ် ယုံကြည်လက်ခံကြတယ်လို့လည်း သူကပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေတာကြောင့် တရုတ်က အမြောက်အများလာရောက်ရင်းနှီးမြှုပ်နှံမှာကို ဖိလစ်ပိုင်အစိုးရက ကြိုဆိုနေတာဖြစ်တယ်လို့ ဒေသတွင်း စီးပွားရေးပညာရှင်တွေကလည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG