သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Marawi တိုက်ပွဲ အဆုံးသတ်ဖို့ ဖိလစ်ပိုင်သမ္မတ မျှော်လင့်


ဖိလစ်ပိုင်တပ်ဖွဲ့များ Marawi မြို့တွင်း ကင်းလှည့်နေစဉ်
ဖိလစ်ပိုင်တပ်ဖွဲ့များ Marawi မြို့တွင်း ကင်းလှည့်နေစဉ်

ဖိလစ်ပိုင်တောင်ပိုင်း Marawi မြို့ကိုသိမ်းထားတဲ့ အစ္စလမ်-စစ်သွေးကြွနဲ့ တိုက်နေရတဲ့ စစ်ပွဲတွေ အဆုံးသတ်နိုင်တော့မှာ ဖြစ်တယ်လို့ ပင်ပန်းနွမ်းနယ်မှုကြောင့် တပတ်လောက် အနားယူခဲ့ရာက လူထုကြားထဲပြန်ပေါ်လာတဲ့ ဖိလစ်ပိုင်သမ္မတ (Duterte)က စနေနေ့မှာ ပြောကြား လိုက်ပါတယ်။ ဒါပေမယ့် သူပုန်တွေကတော့ အဲဒီမြို့မှာ ဆက်ပြီး ခြေကုတ်ယူထားဆဲပဲ ဖြစ်ပါတယ်။

Marawi မြို့က တိုက်ပွဲအတွင်း လူ(၃၀၀)ကျော် သေဆုံးခဲ့ရပြီး အဲဒီထဲမှာ အစ္စလမ်-စစ်သွေးကြွ ၂၀၀ ကျော်၊ အစိုးရ တပ်သား ၆၀ နီးပါးနဲ့ အရပ်သား ၂၅ဦးကျော် သေဆုံးခဲ့ရပါတယ်။ Marawi မြို့ကို ၉၀%လောက် ထိန်းချုပ်ထားနိုင်ပြီလို့ ဖိလစ်ပိုင်အစိုးရက ပြောပေမယ့် အစ္စလမ် စစ်သွေးကြွ ၁၅၀ လောက်ကတော့ ဆက်လက်ခုခံ တိုက်နေဆဲဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေဟာ အခုဆိုရင် ၃-ပတ်ကျော်ကြာ ရှိလာခဲ့ပြီး ထောင်ချီတဲ့ဒေသခံတွေ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Marawi မြို့တိုက်ပွဲမှာ ဖိလစ်ပိုင်အစိုးရတပ်က မရိန်းတပ်သား ၁၃ ဦးသေဆုံးခဲ့ပါတယ်။ ဒါဟာ အစိုးရတပ် အတွက် ကြီးမားတဲ့ ကျဆုံးမှုလို့ စစ်တပ်ဘက် ပြောပါတယ်။

ဖိလစ်ပိုင်စစ်သွေးကြွတွေဟာ မြို့ပေါ်က ဗလီ အတော်များများမှာ နေရာယူထားပြီး အရပ်သားတွေကို လူသားဒိုင်းသဖွယ် အသုံးချနေတာ ကြောင့် စစ်ဆင်းရေးမှာ အခက်ခဲရှိခဲ့ပါတယ်။ Marawi မြို့တိုက်ပွဲမှာ ဖိလစ်ပိုင်မရိန်းတပ်အတွက် အမေရိကန်က နည်းပညာအကူအညီ ပံ့ပိုးခဲ့ တယ်လို့ အမေရိကန်သံရုံးက ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG