သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လုံညီလာခံ ထပ်မံ ရွှေ့ဆိုင်း


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံတတိယအစည်းအဝေးကို မူလကသတ်မှတ်ထားတဲ့ မေလ ကုန်မှာ ကျင်းပဖို့ မဖြစ်နိုင်တော့ဘဲ ဇွန်လကုန်ပိုင်းလောက်မှာမှ ကျင်းပဖွယ်ရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တဦးက ပြောဆိုပါတယ်။ ဒီလို ညီလာခံ ကျင်းပဖို့ ကြန့်ကြာနေတာဟာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား မပြေလည်မှုတွေ ရှိနေတာကြောင့် ဖြစ်ပြီး ဒါတွေကို အလေးထားညှိနှိုင်းဖို့ လိုအပ်နေကြောင်း နိုင်ငံရေးလေ့လာသူတချို့က သုံးသပ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံတတိယအစည်းအဝေးကို မူလက ဒီနှစ် ဇန်နဝါရီလကုန်မှာ ကျင်းပဖို့ ရည်ရွယ်ခဲ့ရာက နောက်ပိုင်းမှာ မေလကုန်ကို ရွှေ့ဆိုင်းခဲ့ပြီး အခုအခါမှာတော့ ထပ်မံရွှေ့ဆိုင်းရတော့မှာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေအရ မေလကုန်ပိုင်းမှာကျင်းပနိုင်ဖွယ်မရှိကြောင်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ နာယက ဗိုလ်မှုးကြီးခွန်ဥက္ကာက အခုလို ပြောပါတယ်။

“ ကျနော်သိတာတော့ ဒီလကုန်ကတော့ အချိန်မလောက်တော့ဘူးဗျ။ ဘာလို့လည်းဆိုတော့ ပြင်ဆင် ရမယ့် ဟာတွေက အချိန်မလောက်တဲ့အတွက် နည်းနည်းရွှေ့တဲ့သဘောပါပဲ။ ကျနော်တို့ ၂၁ရာစုပင်လုံ ဒီတခေါက် ကတော့ သဘောတူချက်မရှိလို့ ရွှေ့တာမဟုတ်ဘဲနဲ့ သဘောတူချက်ရှိတယ်။ သို့သော်အလုပ်လုပ်ဖို့ အချိန် မလုံလောက်တဲ့အခါကျတော့ အလုပ်လုပ်တဲ့အချိန်ကို ဆန့်ထုတ်လိုက်တဲ့အခါကျတော့ နည်းနည်း ထပ်ရွှေ့သွားတဲ့သဘောပေါ့။ ”

၂၁ရာစုပင်လုံ တတိယအစည်းအဝေးမစတင်ခင်မှာ အတွင်းရေးမှုးအဖွဲ့အစည်းဝေး၊ UPDJCခေါ် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုးပူးတွဲကော်မတီအစည်းအဝေးနဲ့ လုပ်ငန်းကော်မတီ အစည်းအဝေးတွေ ကျင်းပရမှာ ဖြစ်ပြီး ဒီအစည်းအဝေးတွေကျင်းပဖို့ဆိုရင် အနည်းဆုံး ရက် ၂၀နီးပါး အချိန်ယူရမှာဖြစ်ကြောင်း ပြောပါတယ်။

၂၁ရာစုပင်လုံ တတိယအစည်းအဝေးကျင်းပရေးအတွက် ဒီလအကုန်မှာ သက်ဆိုင်ရာအစုအဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးလို့ သဘောတူညီရင် နောက်လကုန်ပိုင်းလောက်မှာ ကျင်းပနိုင်မှာ ဖြစ်ကြောင်းလည်း ဗိုလ်မှုးကြီး ခွန်ဥက္ကာ အခုလို ဆက်ပြောပါတယ်။

“ ကျနေ်ာထင်တယ် ဇွန်လထဲမှာပါ။ ၃၀ရက်နေ့မှာ အားလုံးပြန်တွေ့ကြမယ်။ ဒီတိုင်းရင်းသား ခေါင်းဆောင်တွေရော၊ အစိုးရရော၊ တပ်မတော်ရော။ ပြန်တွေ့ပြီးတဲ့နောက်မှာ ရက်သတ်မှတ်ပြီးတာနဲ့ တပြိုင်နက် ခုနက ပြောတဲ့အစည်းအဝေးတွေ ဆက်တိုက်လုပ်သွားဖို့ ရှိပါတယ်။ အဲဒါတွေအားလုံးလုပ်မယ်ဆို အချိန်က အနည်းဆုံး ရက်၂၀၊ ၂၅ရက်ပတ်ဝန်းကျင်လောက်လိုမယ်ဆိုတော့ ဇွန်လ နောက်ဆုံးပတ် ဒါမှမဟုတ်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့အလွန်မှာ ဖြစ်နိုင်တယ်လို့တော့ ခန့်မှန်းတာပေါ့ဗျာ။”

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက အစိုးရဘက်က ဒီလကုန်ကျင်းပဖို့ ပြင်ဆင်ထားပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖက်က အဆင်သင့်မဖြစ်ခဲ့ကြောင်း ပြောဆိုထားပါ တယ်။

ဗိုလ်မှုးကြီးခွန်ဥက္ကာက ဒီအချက်မှန်ကန်ကြောင်းပြောဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA အရ ဆက်လက်ဆောင်ရွက်ဖို့ ရှိကြောင်း ပြောပါတယ်။

“ အဲဒါမှန်တယ်ဗျ။ သူပြောတာမှန်တယ်။ တိုင်းရင်းသားလက်နက်ကိုင်ဘက်က အချက်အလက်တွေကို သတိထားပြီးတော့ ညှိနေတာပေါ့။ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့ထဲမှာလည်း ညှိလို့ မရတဲ့ အချက်တွေ ရှိပါတယ်။ ညှိလို့ မရတာလည်း မရတဲ့အတိုင်း ဆက်သွားရမှာပဲ။ NCA စာချုပ်မှာပြဌာန်းထားတဲ့ road map အတိုင်းသွားဖို့က ကျနော်တို့မှာ တာဝန်ရှိတယ်။ ဒါကြောင့် ဒီလို road map အတိုင်းသွားနိုင် အောင်က အားလုံးက ကန့်ကွက်တဲ့သူမရှိပါဘူး။ road map အတိုင်း၊ process အတိုင်းသွားပါ။ သို့သော် မပြေလည်သေးတာ ကျန်သေးတာ ဆက်ဆွေးနွေးဖို့ ဆိုတဲ့သဘောထားရှိကြပါတယ်။ ”

ပြီးခဲ့တဲ့ အပတ်အတွင်းက ၂၁ရာစုပင်လုံ ကျင်းပရေးအတွက် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ အကြားမှာ အလွတ်သဘော တွေ့ဆုံညှိနှိုင်းတာတွေရှိခဲ့ပြီး သဘောတူညီချက် မရခဲ့ပါဘူး။ ဒါကြောင့် NCA လက်မှတ်ရေး ထိုးထားတဲ့အဖွဲ့တွေရဲ့ အစည်းအဝေးကို မကြာမီကျင်းပဖို့ ပြင်ဆင်ထားပြီး ဒီလကုန်ပိုင်းမှာ အစိုးရနဲ့ ထပ်မံဆွေးနွေးမှာ ဖြစ်ပါတယ်။

နိုင်ငံရေးသုံးသပ်သူ ဦးစည်သူအောင်မြင့်ကတော့ ၂၁ရာစုပင်လုံတတိယ အစည်းအဝေး ကြန့်ကြာနေတာဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အကြို လူထုဆွေးနွေးပွဲတွေ၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ မကျင်းပနိုင်တာ၊ ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးဆုံးဖြတ်ချက်တွေ အပေါ်မှာ မကျေလည် တာနဲ့ တချို့ဒေသတွေမှာတိုက်ပွဲတွေပြန်ဖြစ်နေတာတွေလည်း ပါဝင်နိုင်ကြောင်း ထောက်ပြပါတယ်။

ကြန့်ကြာမှုမရှိအောင် မပြေလည်မှုတွေအပေါ် အလေးထားညှိနှိုင်းဖို့ လိုအပ်နေကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“ အဲလိုမျိုးကြန့်ကြာမှုမရှိအောင်တော့ ပါဝင်တဲ့ ဘက်ပေါင်းစုံကပေါ့နော်။ သူတို့တွေက အဲဒါကို ဂရုစိုက်ပြီး လုပ်ဖို့ လိုတာပေါ့။ တပ်မတော်ဘက်ရှိမယ်။ လက်နက်ကိုင်ဘက်က ရှိမယ်။ နောက်ပြီးတော့မှ အစိုးရဘက်။ အခုလောလောဆည်ဆိုရင်တော့ အစိုးရဘက်က ဘာမှ ကြန့်ကြာစရာအကြောင်းတော့ သိပ်မရှိဘူး။ ရှိတာ ၂ဖက်ပဲလေ။ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မပြေလည်မှုတွေ အဲဒီမှာ ရှိကြတာကိုး။ ဆိုတဲ့ခါကျ ဒီဟာတွေ မဖြစ်အောင် ဂရုစိုက်ပြီးလုပ်တယ်ဆိုရင်တော့ ပြဿနာ နည်းသွားမှာပေါ့နော်။ အဲဒီအပေါ်ပဲ မူတည်ပါတယ်။”

NCA စာချုပ်အရ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ ကို တနှစ်မှာ ၂ကြိမ် ကျင်းပရမှာဖြစ်ပါတယ်။ လက်ရှိ အရပ်သားအစိုးရလက်ထက်မှာ ၂၀၁၆ သြဂုတ်လမှာ ၂၁ရာစုပင်လုံ ပထမအကြိမ်၊ ၂၀၁၇ မေလမှာ ဒုတိယအကြိမ် ကျင်းပခဲ့ပေမဲ့ တတိယအကြိမ်ကိုတော့ တနှစ်ကြာတဲ့ထိ ထပ်မံ ကျင်းပနိုင်တာ မရှိသေးပါဘူး။ NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့က လက်မှတ်ရေးထိုးထားပြီး လက်မှတ်မရေးထိုးသေးတဲ့ တရုတ်မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုလည်း ၂၁ရာစုပင်လုံ တတိယအစည်းအဝေးကို ဖိတ်ကြားရင် တက်ရောက်မှာဖြစ်ကြောင်း သတင်းထုတ်ပြန် ထားပါတယ်။

ပင်လုံညီလာခံ ထပ်မံ ရွှေ့ဆိုင်း
please wait

No media source currently available

0:00 0:05:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG