မင်းသမီး အန်ဂျလီနာဂျိုလီနဲ့ မင်းသား ဘရတ်ပစ်တို့ ကွဲရှင်းသဘောတူညီမှု ရသွားကြပြီလို့ ဂျိုလီရဲ့ ရှေ့နေက ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဒါဟာ ဟောလိဝုဒ်မှာ လူစိတ်အဝင်စားဆုံး ၂ ဘက် အခါးသည်းဆုံး ကွာရှင်းပြတ်စဲမှုတခု အဆုံးသတ်သွားတာပဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၉ နှစ် ၂၀၁၅ ခုနှစ်ကတည်းက ချစ်သူတွေ ဖြစ်ခဲ့ပြီး ပေါင်းသင်း လက်ထပ်ချိန် ၂ နှစ်ကြာခဲ့တဲ့ ဘရတ်ပစ်နဲ့ ကွာရှင်းဖို့ ဂျိုလီက တရားရုံးမှာ တင်ခဲ့တာပါ။ ဟောလိဝုဒ်က နာမည်အကျော်ဆုံး သရုပ်ဆောင် နှစ်ယောက်ရဲ့ ဆက်ဆံရေးကို လူထုစိတ်ဝင်စားတဲ့ သတင်းဖြစ်လို့ သတင်းမီဒီယာတွေကလည်း သူတို့ အိမ်ထောင်ရေးသတင်းကို နှစ်တွေအကြာကြီး စောင့်ကြည့်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ "ဒါက ၈ နှစ်ကြာကတည်းက ဖြစ်နေတဲ့ ကိစ္စရဲ့ တစိတ်တပိုင်းပါ။ အမှန်အတိုင်းပြောရရင် အန်ဂျလီနာက အရမ်းပင်ပန်းနေပြီ၊ ဒါပေမယ့် ဒီတပိုင်းကတော့ ပြီးသွားလို့ သက်သာသွားပါတယ်" လို့ ဂျိုလီရဲ့ ရှေ့နေ ဂျိမ်းဆိုင်မွန်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။ ကွာရှင်းသဘောတူညီမှုကို အပြီးသတ်ပြီး လက်မှတ်ထိုးပြီး တရားရုံးကို တင်ပြီးပြီလို့လည်း သူကပြောပါတယ်။
သဘောတူညီမှုရဲ့ အသေးစိတ်ကတော့ ချက်ချင်း ထွက်မလာသေးပါဘူး။ ရိုက်တာက ဘရတ်ပစ်ဘက်ကို ဆက်သွယ်မေးမြန်းတဲ့အခါ ရုံးချိန်ပြင်ပမို့ ချက်ချင်း တုံ့ပြန်မှု မရခဲ့တာပါ။ အောစ်ကာဆုရှင် အန်ဂျလီနာ ဂျိုလီက ကွာရှင်းခွင့်လျှောက်ထားတော့ သူတို့ ၂ ဦးကြား ပြန်ညှိလို့မရတဲ့ ကွဲလွဲမှုတွေကြောင့်လို့ ပြောထားပါတယ်။ နောက်ပိုင်းမှာသူက အသက် ၈ နှစ်ကနေ ၁၅ နှစ်အရွယ် ကလေး ၆ ယောက်ကို အပြည့်အဝ အုပ်ထိန်းခွင့် တောင်းဆိုခဲ့ပြီး ဘရတ်ပစ်ကိုတော့ တွေ့ဆုံခွင့်ပဲ ပေးဖို့ ဖြစ်ပါတယ်။
ဒီမှာတင် ၂ ဘက်ကြား ခါးသည်း အခြေအနေရောက်ပြီး ကလေးတွေရဲ့ အုပ်ထိန်းခွင့်ရဖို့ ၂ ဘက် အကြီးအကျယ် ငြင်းခုန် ကြိုးပမ်းခဲ့တာပါ။ ဘရတ်ပစ်ကို ကလေးညှဉ်းပန်းမှုနဲ့ စုံစမ်းစစ်ဆေးခဲ့ပေမယ့် အပြစ်မရှိဘူးဆိုတာ တွေ့ရှိခဲ့ရပါတယ်။ နှစ်ဖက်စလုံးက သူတို့ပြောချင်တာမျိုး အသံထွက်အောင် မီဒီယာတွေကို အသုံးချတယ်လို့ အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။ အစကတော့ သူတို့နှစ်ယောက် ကလေးတွေကို အညီအမျှ အုပ်ထိန်းခွင့်ရဖို့ ပုဂ္ဂလိက တရားသူကြီးတယောက်နဲ့ သဘောတူညီမှု ရခဲ့ပါတယ်။
"ဂျိုလီက လူရှေ့မှာရော၊ နောက်ကွယ်မှာပါ ဘရတ်ပစ်အကြောင်း မကောင်းပြောလေ့မရှိပါဘူး။ သိပ်ဆိုးတဲ့ အချိန်တွေကျော်လွန်ပြီးတဲ့နောက် အခြေအနေပိုသက်သာလာအောင် ကြိုးစားနေပါတယ်" လို့ မင်းသမီးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက တယောက်က ရှေ့နေရဲ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။ "ကလေးတွေကတော့ ဒီနှစ်တွေအတွင်း သူ့အမေကိုဝိုင်းပြောတာက သူ့ဘက်က ရှင်းပြဖို့၊ ကိုယ့်ကိုကို ကာကွယ်ဖို့" တိုက်တွန်းခဲ့ကြတယ်လို့ လည်းပြောပါတယ်။
၂၀၀၀ ခုနှစ်မှာ "Girl, Interrupted" ရုပ်ရှင်နဲ့ ဇာတ်ပို့အမျိုးသမီးဇာတ်ဆောင်ဆုရခဲ့တဲ့ ဂျိုလီဟာ အရင်က မင်းသား ဂျောနီလီမီလာနဲ့ ဘီလီဘော့သွန်တန်တို့နဲ့ လက်ထပ်ခဲ့ဖူးပါတယ်။ ဘရတ်ပစ်ကတော့ ၂၀၀၃ မှာ မင်းသမီး ဂျင်နီဖာအန်နစ်စတန်နဲ့ လက်ထပ်ထားတာဖြစ်ပြီး အဲဒီအတောအတွင်းမှာပဲ သူနဲ့ဂျိုလီတို့ "Mr. & Mrs. Smith" ရုပ်ရှင်မှာ အတူသရုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီရုပ်ရှင်က တယောက်နဲ့တယောက် သတ်ဖို့ တာဝန်ပေးခံရတဲ့ သူလျှိုတွေအကြောင်းပါ။ အဲဒီမှာပဲ သူတို့နှစ်ယောက် ကြိုက်နေကြပြီလို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ဂျိုလီက ၂၀၁၅ မှာ ပစ်နဲ့ အန်နစ်စတန်တို့ မကွဲခင်အထိ သူတို့နှစ်ယောက် "သူငယ်ချင်းတွေပဲရှိသေးတယ်လို့" Vogue မဂ္ဂဇင်းကို ပြောခဲ့ပါတယ်။
Forum