သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား ၇၀ ကျော် မြန်မာနိုင်ငံမှာရှိနေဆဲ


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ကိုတိတ်နိုင်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ကိုတိတ်နိုင်

သမ္မတဦးသိန်းစိန် အစိုးရက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိတော့ဘူးလို့ ၂၀၁၃ နှစ်ကုန်ပိုင်းလောက်က ပြောထားခဲ့ပေမဲ့ လက်ရှိ အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က သတင်းပေးပို့ထားပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ နိုင်ငံပိုင် အကျဉ်းထောင်တွေထဲမှာ မရှိတော့ဘူးလို့ သမ္မတဦးသိန်းစိန်အစိုးရက ၂၀၁၃ နှစ်ကုန်ပိုင်းမှာ ပြောဆိုထားခဲ့ပေမဲ့ လက်ရှိအချိန်ထိ နိုင်ငံရေးအကျဉ်းသား ၇၀ ကျော် ကျန်ရှိနေသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကိုတိတ်နိုင်က ပြောပါတယ်။

“လက်ရှိ နိုင်ငံရေးအကျဉ်းသားပေါင်း ကျနော်တို့သတ်မှတ်ထားတဲ့ သတ်မှတ်ချက်နဲ့ဆိုရင် ၇၇ ဦးရှိတယ်။ ၂၉ ဦးဆိုတာက ၂၀၁၃ ခုနှစ်အကုန်မှာ ကျန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်ပါတယ်။ ဆိုတော့ ၂၀၁၃ မှာ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးမယ်လို့ ကြိုးစားမယ်လို့ သမ္မတက ပြောခဲ့တာရှိပါတယ်။ အဲ့ဒီအပေါ်မှာ ၂၀၁၃ ခုနှစ်အကုန်မှာတော့ သူတို့သတ်မှတ်ထားတဲ့ နိုင်ငံရေးပြစ်မှုတွေနဲ့ ကျထားတဲ့ သူတွေကိုတော့ လွှတ်ပေးလိုက်ပြီးတော့ အဲ့ဒီလူတွေကိုပဲ တခြားပုဒ်မတွေနဲ့ စွဲချက်တင်ထားတဲ့ အမှုတွေက ဆက်ပြီးတော့ ခံနေရတဲ့ သဘောမျိုးဖြစ်ပါတယ်။”

တရားမျှတမှုနဲ့ တန်းတူညီမျှရရှိရေး နိုင်ငံသားအခွင့်အရေးတို့အတွက် လှုပ်ရှားဆောင်ရွက်ခြင်းကြောင့် ဖမ်းဆီးထောင်ချခံထားရသူတွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် ဥပဒေတရပ်ရပ်တို့ကို ကန့်ကွက်ဆန္ဒပြခြင်းတို့ကြောင့် ပြစ်ဒဏ်ချမှတ်ခံထားရသူတွေကိုသာ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်မှာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ အာဏာရှင်ဟောင်း ဦးနေဝင်းမြေးတွေကို နိုင်ငံရေးပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရပေမဲ့ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ဖို့ ဘောင်မဝင်ဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောပါတယ်။

“အဲ့ဒီဦးနေဝင်းမြေးတွေက စစွဲကတည်းက ၁၂၂/၁ စွဲထားတဲ့အတွက် အလိုလိုကို သူတို့က စွဲခံရတာကိုက နိုင်ငံရေးပုဒ်မနဲ့ စွဲခံထားရတဲ့အတွက် ဥပဒေအရ သူ့ဟာသူ ဝင်နေတာ။ အခု တဘက်က အန်ကယ်လ်တို့ အခုရေးထားတဲ့ definition အရဆိုရင် အဲ့ဒီလို ပုဒ်မမျိုးကို အခြေမခံဘူး။ လုပ်ရပ်ကိုပဲ အခြေခံပြီးတော့ ရေးထားတယ်။ ဒါကြောင့်မို့လို့ အန်ကယ်လ်တို့ဖွင့်တဲ့ အဓိပ္ပါယ်အတိုင်းဆိုရင်တော့ အဲ့ဒီလိုလူမျိုး မပါဘူး။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံ AAPP-B နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ FPPS တို့က ဦးဆောင်ကာ နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းမှာ ၂ ရက်တာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲက ရရှိလာတဲ့ ရလဒ်တွေကို လွှတ်တော်ကို အဆိုတရပ် တင်သွင်းသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေဝင်းမြင့်က ပြောပါတယ်။

“အဲတော့ ဒီနေ့ အကြမ်းမျဉ်း နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်တော့ ရပါပြီ။ ဒါကို ဥပဒေကြောင်းအရ ပြင်ဆင်ပြီးတော့ အန်တီ့အနေနဲ့ လာမယ့်လွှတ်တော်မှာ အန်တီတယောက်တည်း မဟုတ်ပါဘူး။ အန်တီတို့ရဲ့ ကိုယ်စားလှယ်တွေ အများစုရှိပါတယ်။ ဒီကတဆင့် တရားဝင်လမ်းကြောင်းကနေပြီးတော့ လွှတ်တော်ကနေ အတည်ပြုဖို့အတွက် အဆိုတရပ်အနေနဲ့ တင်သွင်းသွားဖို့ အန်တီဆုံးဖြတ်ထားပါတယ်။”

လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား သတ်မှတ်ချက် တိတိကျကျ ပြဌာန်းထားခြင်းမရှိဘဲ ယုံကြည်ချက်ကြောင့် အကျဉ်းချခံရတဲ့ နိုင်ငံရေးသမားတွေကိုလည်း လုံလောက်တဲ့ အခွင့်အရေးမပေးဘဲ ညှဉ်းပန်းနှိပ်စက်မှုတွေ ရှိခဲ့သလို အကျဉ်းထောင်တွေထဲမှာလည်း ရာဇဝတ်သားတွေနဲ့ တတန်းထဲ ထားခဲ့တဲ့အတွက် နိုင်ငံတကာက ဝေဖန်ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။

XS
SM
MD
LG