သုံးရလွယ်ကူစေသည့် Link များ

နိုင်ကျဉ်းလွတ်ရေး လှုပ်ရှားမှုအဖွဲ့များ ပူးပေါင်းဆောင်ရွက်လို


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွမ်းဆောင်ချက်နဲ့ အင်းစိန်နဲ့ သာယာဝတီထောင်က နိုင်ငံရေး ပုဒ်မတွေနဲ့ စွဲဆိုခံထားရသူ တစ်ရာကျော် လွတ်မြောက်လာတာကို ဝမ်းသာ ကြိုဆိုပေမဲ့လို့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်း ကွာဟမှုတွေ ရှိတဲ့အတွက် အစိုးရ ဘက်က အတိအကျ နာမည်နဲ့တကွ အများပြည်သူ သိအောင် ကြေညာပေးဖို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက တောင်းဆို လိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်နိုင်ဖို့ အရေး နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားနေတဲ့အဖွဲ့တွေအနေနဲ့ အစိုးရနဲ့ ပူးပေါင်းေ ဆာင်ရွက်ဖို့ အသင့်ရှိသလို နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကိုလည်း အတိအကျဖွင့်ဆိုနိုင်အောင် အစိုးရဘက်က ကြိုးပမ်းပေးဖို့ တိုက်တွန်းကြပါတယ်။ အသေးစိတ် မဆုမွန်က တင်ပြပေးပါမယ်။

ပြည်သူ့အစိုးရ လက်ထက် နိုင်ငံရေးကြောင့် ဖမ်းဆီးချုပ်နှောင်အကျဉ်းချ ခံနေရသူတွေ လွတ်မြောက်ရေး ကြိုးပမ်းသွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက် ထုတ်ပြောဆို အပြီးမှာပဲ နိုင်ငံရေးပုဒ်မတွေနဲ့ စွဲဆိုခံထားရသူ တရာကျော် လွတ်မြောက် ခဲ့ပေမဲ့လို့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားဆောင်ရွက်တဲ့ အဖွဲ့တွေ စုဆောင်းထားတဲ့ လွတ်စာရင်းနဲ့ အစိုးရသစ်ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ နိုင်ငံပိုင်သတင်းစာပါ လွတ်မြောက် အကျဉ်းသား အရေအတွက်က ကွာဟမှုတွေ ရှိနေပါတယ်။

နိုင်ငံပိုင် သတင်းစာတွေမှာတော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၄ အရ ရုပ်သိမ်းသော အမှုမှ လွှတ်ပေးခဲ့သူပေါင်းက ( ၁၃၈ ) ဦးဖြစ်တယ်လို့ ထုတ်ပြန်ထား တာပါ။

ဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော် သမ္မတ ရုံးဘက်ကရော အကျဉ်းဦးစီးဌာနဘက်ကရော အစိုးရပြန်ကြားရေး ဘက်ကရော အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဘက်ကပါ ဘယ် တရားရုံးကနေ ဘယ်ထောင်က ဘယ်သူတွေကို ဘယ်ပုဒ်မနဲ့ လွှတ်လိုက်ပါသလဲ ဆိုတာကို စာရင်းအတိအကျ အများပြည်သူ သိအောင် ထုတ်ပြန်သင့်တယ် လို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားတဲ့ အဖွဲ့တွေ က တောင်းဆိုလိုက်ပါတယ်။ ဒီလိုမျိုး တရားဝင်ထုတ်ပြန်ပေးမှသာ ဘယ်သူတွေ ကျန်သလဲ၊ ဘယ်သူတွေ လွတ်ခဲ့သလဲ ဆိုတာ အတိအကျ သိနိုင်မယ် လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းေ(အအေပီပီဘီ) ရဲ့ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

”နောက်ဆုံးရထားတဲ့ စာရင်းအရ ၁၀၃ယောက်ပဲ အပြင်ကို ရောက်တယ်လို့ ကျွန်တော်တို့ သိရတယ်။ ကျန်တဲ့သူတွေကတော့ အမှုကို ပလပ်လိုက်တာ ရှိတယ်။ ထောင်ထဲကို ပြန်ရောက်သွားတဲ့ သူတွေရှိတယ်။ ကျွန်တော်တို့ ဒီစာရင်းအရ အမှုရင်ဆိုင်နေရတဲ့သူက ၃၂၀ ရှိသေးတယ်။ နောက်ပြီးတော့ ပြစ်ဒဏ် ကျပြီးသားက ၁၂၁ယောက်ရှိပါတယ်။ ကောင်းတာကတော့ အစိုးရဘက်က အနေနဲ့ ရှင်းရှင်းလင်းလင်း ဖြစ်အောင်ပေါ့။ နာမည်တွေနဲ့ တိတိကျကျ ထုတ်ပြန်ကြေငြာသင့်တယ်။ ခုဟာက အရင်အစိုးရတုန်းကလဲ ဒီလိုပဲ ရှင်းရှင်းလင်းလင်း မထုတ်ဘူး။ ဒီအစိုးရလဲ အရင်လိုပဲ ရှင်းရှင်းလင်းလင်း မထုတ်ဘူး ဆိုရင်တော့ မကောင်းဘူးဗျ။ ဒီဟာက ဘာမှ နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်လည်း မဟုတ်တဲ့အတွက် ဒီအကျဉ်းဦးစီးရဲ့ ၀က်ဆိုဒ်မှာပဲ ဖြစ်ဖြစ်၊ သမ္မတရုံးရဲ့ ၀က်ဘ်ဆိုဒ်မှာပဲ ဖြစ်ဖြစ် နာမည်တွေနဲ့ တိတိကျကျ ထုတ်ပြန်ကြေငြာသင့်ပါတယ်။ ”

အစိုးရသစ်အနေနဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကို နိုင်ငံရေး အကျဉ်းသားများအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပြီး နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး အဖွဲ့တွေ အားလုံးက ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲလို့ ပြောဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်နိုင်ရေးမှာ နိုင်ငံတွင်း လွှတ်တော်မှာပါ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရကို တရားဝင် တိကျတဲ့ အဓိပါယ်ဖွင့်ဆိုချက်နဲ့ဖွင့်ဆိုနိုင်အောင် ဆောင်ရွက်ပေးဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဆက်ရှိနေဦးမယ်ဆိုရင်လည်း သူတို့အတွက် အခွင့်အရေး တရားဝင်ရပိုင်ခွင့်တွေကို လူ့အခွင့်အရေးစံချိန်စံနှုန်းနဲ့အညီ ရရှိနိုင် အောင် ဆောင်ရွက်ပေးဖို့ကိုလည်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ ဦးဆောင်ကော်မတီ အဖွဲ့ဝင် ဦးညိုထွန်းက တိုက်တွန်းပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပက်သက်လို့က အဖွဲ့တွေ သုံးလေးဖွဲ့ရှိတယ်လေ။ ဒီ သုံးလေးဖွဲ့တွေကို ခေါ်ပြီးတော့ ဆွေးနွေးညှိနှိုင်းပြီးတော့ ဒီနိုင်ငံရေး အကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက် အတည်ပြုသင့်တယ် ခင်ဗျ။ အဓိပ္ပါယ်ဖွင့်ဆိုချက် အတည်ပြုပြီးပြီ၊ အဖွဲ့ လေးငါးခြောက်ဖွဲ့က အတည်ပြုပြီးပြီဆိုရင် ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်ကို လွှတ်တော်ကို တင်လိုက်မယ်ပေါ့ဗျာ။ လွှတ်တော်က အသိအမှတ်ပြု ပြီးပြီဆိုရင် နိုင်ငံရေး အကျဉ်းသားဆိုတာကတော့ ဘယ်အစိုးရ လက်ထက် မှာပဲ ဖြစ်ဖြစ်၊ မရှိလေ ကောင်းလေပဲ။ သို့သော် ဘာပဲဖြစ်ဖြစ် တစ်စုံတစ်ရာကြောင့် အကြောင်း တစ်ခုခုကြောင့် ရှိကောင်းရှိလာနိုင်တယ်လေ။ အဲဒီလိုမျိုး ရှိလာတဲ့အခါကျတော့ ရှိလာခဲ့ရင်လည်း နိုင်ငံရေး အကျဉ်းသားအဓိပ္ပါယ်ဖွင့်ဆိုချက် ရှိနေတာ ဖြစ်တဲ့အတွက် ဒီနိုင်ငံရေး အကျဉ်းသားတွေကို ဘယ်လို ထားမလဲ။ ဘယ်လို နေရထိုင်ရမလဲ။ ဘယ်လို သူတို့ကို အခွင့်အရေးတွေ ပေးမလဲ ဆိုတဲ့ ထောင်စည်းမျဉ်းစည်းကမ်းတွေလဲ ပေါ်ထွက်လာနိုင်တာပေါ့။ အခုန ကျွန်တော်ပြောတဲ့ နိုင်ကျဉ်း အဖွဲ့ရှိမယ်။ နောက်ပြီးတော့ ကိုဘိုကြည်တို့ရှိမယ်။ ငြိမ်းပွင့်ရှိမယ်။ အဲဒီလိုမျိုး ပြင်ပ အဖွဲ့အစည်းတွေပါ ဖိတ်ခေါ်ပြီးတော့ နိုင်ငံရေး အကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက် ၀ိုင်းဝန်းပြီးတော့ ပူးပေါင်းပြီးတော့ရေးသင့်တာပေါ့။ အဓိပ္ပါယ်ဖွင့်ဆိုသင့်တာပေါ့။ အမှန်မှန်ကတော့ ဦးဇော်ဌေးတို့ အနေနဲ့ တကယ်တန်း နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် ပြည်ထဲရေးနဲ့ ညှိရမှာပေါ့။ ပြည်ထဲရေးရဲ့ အောက်မှာ အကျဉ်းဦးစီးဌာနရှိတာကိုး။ နောက်ပြီးတော့ ဒီရဲတပ်ဖွဲ့ရှိမယ်ဗျာ။ နောက်ပြီးတော့ ခုနက ပြောတဲ့ ကိုဘိုကြည်တို့၊ နိုင်ကျဉ်းအဖွဲ့တို့၊ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်းတို့ အဲဒါတွေနဲ့လည်း ခေါ်ပြီးတော့ ဆွေးနွေးတိုင်ပင်သင့်တာပေါ့။”

အခုလက်ရှိ မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးကြောင့် ထောင်ချခံရတဲ့ အကျဉ်းကျသူပေါင်း တစ်ရာကျော် ကျန်သေးပြီး အလုပ်သမား၊ လယ်သမားရေးနဲ့ ပြည်တွင်းစစ်ရေးတွေနဲ့ပတ်သက်လို့ နိုင်ငံရေးကြောင့် အချုပ်အနှောင်ခံရသူအပါအဝင် လက်ရှိတရားရင်ဆိုင်နေရသူတွေက သုံးရာကျော် ကျန်သေးတယ်လို့လည်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီဘီကပြောပါတယ်။

အရင်ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းကတော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားမရှိစေရဆိုပြီး ကြွေးကြော်ပြီးနောက်မှာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားတဲ့အဖွဲ့တွေကို ဖိတ်ခေါ်ပြီး ပြည်ထဲရေး၊ နိုင်ငံတော်အစိုးရ တာဝန်ရှိသူ ပြည်ထောင်စုဝန်ကြီးတွေပါ ပါဝင်ပြီး နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသား အဓိပါယ်ဖွင့်ဆိုချက်အပေါ် သဘောထားကွဲလွဲမှုတွေရှိခဲ့ပြီး နောက်ပိုင်းမှာတော့ အစိုးရဘက်က အကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားနေတဲ့ အဖွဲ့တချို့ကို ပါဝင်ခွင့်မပြုတော့ပဲ နိုင်ငံရေးအကျဉ်းသားများရေးရာကော်မတီအဖြစ် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီးတဲ့နောက်ပိုင်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးနဲ့ပတ်သက်ပြီး လှုပ်ရှားမှု မရှိတော့သလောက်ဖြစ်ခဲ့တယ်လို့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။

XS
SM
MD
LG