သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ကျဉ်းလက်ကျန်စိစစ်ရေး ညှိနှိုင်း


အင်းစိန်အကျဉ်းထောင်ဂိတ်ဝ
အင်းစိန်အကျဉ်းထောင်ဂိတ်ဝ
၂၀၁၃ ခုနှစ်အကုန်မှာ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လွတ်မြောက် လာနိုင်ရေး အကျဉ်းသားစာရင်းကို အတိအကျ သမ္မတထံပေးပို့ဖို့ ပြင်ဆင်နေ ကြတယ်လို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆောင်ရွက်နေသူတွေ က ပြောပါတယ်။ အစိုးရ၊ နိုင်ငံရေးပါတီတွေနဲ့ နိုင်ကျဉ်းလွတ်မြောက်ရေး လှုပ်ရှားသူတွေ ပူးပေါင်းပါဝင်တဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီအဖွဲ့ဝင်တွေ ဒီကနေ့ရန်ကုန်မှာ တွေ့ဆုံခဲ့ကြပါ တယ်။ နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး ဆွေးနွေးခဲ့ကြတဲ့ သတင်းအပြည့်အစုံကို မဆုမွန်ကတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ရက်နေ့က နိုင်ငံတော် သမ္မတအမိန့်နဲ့ နိုင်ငံရေးအကျဉ်းသား အချို့အပါအဝင် အကျဉ်းသား ၇၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေး လွှတ်လိုက်ပြီးတဲ့နောက် ဒီကနေ့ ဇူလိုင်လ ၂၇ ရက်နေ့ ရန်ကုန်မှာ လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီဝင်တွေ ပဉ္စမအကြိမ် တွေ့ဆုံခဲ့ကြပါတယ်။ နိုင်ငံရေးပါတီဝင်တွေ၊ အကျဉ်းသားလှုပ်ရှားသူတွေနဲ့ အစိုးရတာဝန်ရှိသူတွေတက်ရောက်ခဲ့တဲ့ ဒီအစည်းအဝေးမှာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာတွေကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေးကော်မတီဝင်လည်းဖြစ်၊ အမျိုးသားဒီမိုကရေစီပါတီသစ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်တဲ့ ဦးသိန်းညွန့်က ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပြပါတယ်။

“နောက်ထပ် လက်ကျန် ဘယ်လောက်ရှိသလဲ။ နောက်ထပ် လွှတ်ပေးသင့် လွှတ်ပေးထိုက်တဲ့သူ ဘယ်လောက်ရှိသလဲ။ အဲ့ဒါတွေကို နိုင်ငံရေးအကျဉ်းသား ထဲထဲဝင်ဝင် လုပ်နေတဲ့ ကိုကိုကြီးတို့၊ ဘိုကြည်တို့တင်ပြသလို အစိုးရဘက်က တာဝန်ရှိသူတွေကလည်း တင်ပြတယ်။ ဒီလိုပဲ ကျနော်တို့ နိုင်ငံရေးပါတီတွေ အနေနဲ့ ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား၊ သို့မဟုတ် နိုင်ငံရေးနဲ့ ဆက်နွယ်တယ်လို့ ယူဆသူများ သို့မဟုတ် ဖြစ်စဉ်တွေကြောင့် ပြစ်ဒဏ်ကျ ခံခဲ့ရသူတွေပေါ့။ အဲ့ဒီ့စာရင်းတွေကို လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဥက္ကဋ္ဌကနေ နိုင်ငံတော်သမ္မတကို ပေးပို့နိုင်ခဲ့ပါတယ်။”

မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်တွေမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူ အားလုံး အမြန်ဆုံး လွတ်မြောက်နိုင်ရေး စာရင်းအတိအကျပေးနိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီဝင်လည်းဖြစ်၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံရဲ့ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည် ကပြောပါတယ်။

“အဓိက ကတော့ အုပ်ချုပ်ရေးပိုင်းတွေနဲ့လည်း တချို့ကိစ္စတွေ မှာတော့ တော်တော်လေး ဆွေးနွေးယူရမယ့် အနေအထားတွေတော့ ရှိပါတယ်။ ဒါကတော့ တယောက်နဲ့တယောက် အမြင်မတူတာတွေ ရှိမယ်။ ကျနော်တို့ဘက်က နိုင်ငံရေးနဲ့ ပတ်သက်တယ်၊ နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ထားပေမဲ့ တခြားဘက်ကနေပြီးတော့ နိုင်ငံရေး အကျဉ်းသား ဟုတ်တယ်မဟုတ်ဘူးဆိုတာမှာ အငြင်းပွားဖွယ်တွေ ရှိပြီးတော့ တချို့အမှုတွေကိုတော့ နောက်ပိုင်းမှာ သေသေချာချာ စစ်ဆေးရမယ်ထင်ပါတယ်။”

မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်အသီးသီးမှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရတဲ့ ယခင်စာရင်း ၁၆၀ ကျော် ရှိတဲ့အထဲက လက်ကျန်နိုင်ငံရေး အကျဉ်းသား အရေအတွက် ဘယ်လောက်ကျန်နေသေးပါသလဲ ဆိုတဲ့ မေးခွန်းအပေါ် ကိုဘိုကြည်က ပြောပြခဲ့တာကတော့ -

“အကျဉ်းသားအရေအတွက်ကိစ္စကတော့ ကျနော်တို့ စာရင်းအရ ၁၁၅ ယောက်ကျန်တယ်။ အဲဒါကို ကျနော်တို့ သမ္မတရုံးမှာရှိတဲ့ အကျဉ်းသားစာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးတာမျိုးတွေတော့ ဆက်လုပ်သွားပါမယ်။ အမြန်ဆုံးလုပ်ဖို့ ဆိုတာတွေလည်း ကျနော်တို့ ဆက်ပြီးတော့ ကြိုးစားနေပါတယ်။”

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း အပြည့်အစုံကို အစိုးရ အာဏာပိုင်၊ နိုင်ငံရေးပါတီတွေနဲ့ နိုင်ကျဉ်းလှုပ်ရှားသူတွေက နိုင်ငံတော်သမ္မတဆီ အတိအကျ ပေးနိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီဝင်လည်းဖြစ်၊ အမျိုးသားဒီမိုကရေစီပါတီသစ် က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး လည်းဖြစ်တဲ့ ဦးသိန်းညွန့်က ပြောပါတယ်။

“ဒီကော်မတီကတော့ အဓိကက ကျနော်တို့ စာရင်းတွေပြုစုပေးတာပါ။ သမ္မတကြီးပဲ လွှတ်ပိုင်ခွင့်ရှိတာပါ။ သို့သော် သမ္မတကြီး ဒီလိုလွှတ်ဖို့အတွက် အချက်အလက်တွေ ကျနော်တို့ စုဆောင်းပေးနိုင်ခြင်းသည်ပင်လျှင် ဒီကနေ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အရေးကြီးတဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်အောင် ဒါတွေကို ကျနော်တို့ ဆောင်ရွက်ပေးနိုင်တာပါ။ ဒီနေ့ ကျနော်တို့ စာရင်းတွေ တင်ပြကြတယ်။ ဒီစာရင်းတွေကို သမ္မတဆီပေးပို့မယ်။ သမ္မတက သင့်တော်တဲ့အချိန်မှာ နောက်ထပ်အကျဉ်းသားတွေ လွှတ်မှာ။”

ပြီးခဲ့တဲ့ ဥရောပခရီးစဉ်အတွင်း လန်ဒန်မြို့မှာ သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံ တွင်း ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူ နိုင်ငံရေးအကျဉ်းသား တစ်ဦးတယောက်မှ မရှိစေရဆိုပြီး ကတိပေးပြောဆိုချက်အတိုင်း အခုလထဲက နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်း ထပ်ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာနိုင်ခြေ ရှိတယ်လို့လည်း ဦးသိန်းညွန့်က ပြောပါတယ်။

“ဘာဖြစ်ဖြစ် သမ္မတပြောခဲ့ပြီးပြီလေ။ ၂၀၁၃ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသား ဇီးရိုးဖြစ်အောင်လုပ်မယ် ဆိုတဲ့ဟာကို ကျနော်တို့ ဝိုင်းကူကြတာပါပဲ။ လက်တွေ့ပိုကျပြီးတော့ ဒီကော်မတီမှာရှိတဲ့ အစိုးရဘက်ကရော နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဘက်ကရော နိုင်ငံရေးပါတီတွေရော ပိုပြီးတော့ အလုပ်သဘော လုပ်ရင်းနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးနိုင်မှုတွေ ရှိလာတာပေါ့။ နိုင်ငံရေးအကျဉ်းသားတွေ ပိုပါလာဖို့ပေါ့။ အငြင်းပွားမှုတွေ ကိုလည်း ဖြေရှင်းနိုင်ဖို့ပေါ့။ ဘာဖြစ်ဖြစ် နိုင်ငံရေးအကျဉ်းသားတွေ အတွက် ဆောင်ရွက်ပေးမယ့် ယန္တယားတခုကို ရလာပြီဖြစ်တဲ့အတွက် ကျနော် ဒီအစည်းအဝေးကို တလတကြိမ် ကျနော်ပါတဲ့ အကြိမ်ကစပြီးတော့ ကျနော် မပျက်မကွက် တက်ရောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အကျဉ်းသားတွေရဲ့ဘဝကို စာနာလို့ပါ။”

လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဦးဆောင်ပြီး ပြည်ထဲရေး၊ ရှေ့နေချုပ်ရုံး၊ အထူးစုံစမ်းစစ်ဆေးရေး၊ အကျဉ်းဦးစီးဌာန၊ လူ့အခွင့်အရေးကော်မရှင်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားဟောင်းတွေ က နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး စီစဉ်ဆောင်ရွက်နေကြ တာဖြစ်ပါတယ်။ ဒီလိုနိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကြိုးပမ်းနေကြတဲ့ တချိန်တည်းမှာပဲ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတချို့ ဖမ်းဆီးအရေးယူ ထိန်းသိမ်းခံနေရတဲ့အပေါ် ဝေဖန်ပြစ်တင်မှုတွေလည်း ရှိနေပါတယ်။
XS
SM
MD
LG