သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား ၂၃ ယောက် လွတ်


ရန်ကုန် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာကြသော နိုင်ငံရေးအကျဉ်းသားများ။ (မေ၊ ၁၇၊ ၂၀၁၃။)
ရန်ကုန် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာကြသော နိုင်ငံရေးအကျဉ်းသားများ။ (မေ၊ ၁၇၊ ၂၀၁၃။)
မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ဒီကနေ့မှာ အရေအတွက် အနည်းငယ် ပြန်လည် လွတ်မြောက်လာပါတယ်။ အမေရိကန်ပြည်ထောင်စုဆီ သွားရောက်မယ့် သမ္မတ ဦးသိန်းစိန်ရဲ့ တရားဝင် နိုင်ငံတော်ခရီးစဉ် မတိုင်ခင် ရက်ပိုင်းအတွင်းမှာပဲ အခုလို နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေး လိုက်တာပါ။ အပြည့်အစုံကို ရန်ကုန်၊ အင်းစိန်ထောင်ရှေ့သွားရောက်ပြီး လွတ်မြောက်လာသူတွေနဲ့ ကိုယ်တိုင် တွေ့ဆုံ မေးမြန်းခဲ့တဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

အင်းစိန်ထောင်၊ သာယာဝတီထောင်၊ မန္တလေးထောင်၊ တောင်ငူထောင်၊ မအူပင်ထောင်၊ ပုသိမ်ထောင်နဲ့ လားရှိုးထောင်တွေ ကနေ နိုင်ငံရေးအကျဉ်းသား ၂၃ ယောက်ကို မေလ ၁၇ ရက်၊ သောကြာနေ့မှာ ပြန်လွှတ်ပေးလိုက်တာပါ။ ပြည်ထောင်စု ဝန်ကြီး တစ်ဦး ဦးဆောင်ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေပါဝင်တဲ့ လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီဆိုတာကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့အပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလို နိုင်ငံရေးအကျဉ်းသား တချို့ ထပ်ပြီး လွတ်မြောက်လာတာလည်းဖြစ်ပါတယ်။

ဒီလိုလွှတ်ပေးတာဟာ နိုင်ငံရေးရည်ရွယ်ချက်ပါတယ်လို့ ပြောသူကတော့ အင်းစိန်ထောင်ကနေ ပြန်လွတ်လာသူ ဆယ်ဦးထဲမှာ ပါဝင်တဲ့ ကိုရဲထွဋ်ခေါင်ပါ။

“ပထမအကြိမ် အီးယူရဲ့ sanction တွေကို ဖွင့်ပေးကာနီးမှာ ဒီကော်မရှင်ကို ဖွဲ့စည်းတယ်။ ဒုတိယအကြိမ်မြောက် အစည်းအဝေးမှာ အကျဉ်းသား ၉၀ လောက်ကို လွှတ်ပေးလိုက်တယ်။ အဲဒီမှာ နိုင်ငံရေးအကျဉ်းသား ၅၉ ယောက်ပဲ ပါတယ်။ တချို့ဆိုရင် ဆေးမှုတွေ၊ လူသတ်မှုတွေတောင် ပါတယ်။ နိုင်ငံရေးအကျဉ်းသားက ၅၉ ယောက်ပဲ ပါတယ်။ အခုတကြိမ် သမ္မတကြီးက အမေရိကန် ခရီးစဉ်ရှိတဲ့အတွက်ကြောင့် ကျနော်တို့ကို နိုင်ငံရေး ကစားတဲ့အနေနဲ့ ထပ်လွှတ်ပေးလိုက်တာပါ။ ဒါပေမဲ့ မပြောပလောက်ပါဘူး။ ၂၃ ယောက်ထဲရယ်။”

သူဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ရင်း ၂၀၉ ရဲ့ စစ်ရေးလူငယ်တာဝန်ခံအဖြစ် လုပ်ခဲ့သူဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လူငယ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်မှာ ပထမတစ်ကြိမ် အဖမ်းခံရတုန်းက ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ပြန်လွတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာကိုပဲ အခု တစ်ကြိမ် လွတ်တာနဲ့ဆိုရင် စုစုပေါင်း သုံးကြိမ် အဖမ်းခံရ၊ ထောင်ချခံခဲ့ရသူဖြစ်ပါတယ်။

တကယ်ကတော့ သူဟာ ချမှတ်ခံထားရတဲ့ ပြစ်ဒဏ်ကုန်ဆုံးပြီး ပြန်လွတ်ဖို့ ငါးလနီးပါးပဲကျန်တော့တယ်လို့ ပြောပါတယ်။
ဦးစိုးရွှေ ခေါ် ဦးပညာဝံသကတော့ ၂၀၀၃ ခုနှစ် ၁၁ လပိုင်းမှာ နိုင်ငံရေးလှုပ်ရှားမှု သံသယနဲ့ သင်္ကန်းဝတ်နဲ့ပဲ ဖမ်းဆီး စစ်ဆေးခံရ ပြီး အမှုမထင်ရှားတဲ့အတွက် မူးယစ်ဆေးဝါးမှုတပ်ပြီးတော့ ထောင်အနှစ် ၂၀ ချမှတ်ခံခဲ့ရတယ်လို့ပြောပါတယ်။ ကြားထဲမှာပေးခဲ့ တဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေကြောင့် ပြစ်ဒဏ် လျော့လျော့လာခဲ့ပြီး စုစုပေါင်း ၉ နှစ် ၇ လကျော်နေခဲ့ရပြီးတဲ့နောက် လွတ်ဖို့ တစ်နှစ်ပဲကျန်တော့တဲ့အချိန်မှာ ပြန်လည် လွတ်မြောက်လာသူပါ။

“ဘယ်လိုပဲဖြစ်ဖြစ်၊ တစ်ရက်ပဲရရ၊ နှစ်ရက်ပဲရရ - အခုဆို အခုထိ ကျနော် မနက်စာ ထမင်းမစားရသေးဘူး။ ဒါပေမဲ့ ကျနော် ဗိုက်မဆာသေးဘူး၊ ရင်ထဲမှာတော့ ပျော်နေတာပေါ့။ ”

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်လာပြီးတဲ့နောက်ပိုင်း အကျဉ်းထောင်တွေရဲ့ အခြေအနေ ယေဘုယျအားဖြင့် တိုးတက်လာခဲ့တယ်လို့ ပြောတာတွေရှိပေမဲ့လည်း အဲဒါဟာ ထောင်တစ်ခုချင်းစီမှာ ကွာခြားပုံတော့ ရပါတယ်။ အခုလက်ရှိ အင်းစိန်အကျဉ်းထောင်မှာဆိုရင် အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေအပေါ် တင်းကျပ်တာတွေရှိပြီးတော့ ကျန်းမာရေး စောင့်ရှောက်မှုကလည်း အလွန်အမင်း ဆိုးရွားနေဆဲပဲလို့ ကိုရဲထွဋ်ခေါင်က ပြောပါတယ်။

“ကျနော်ကိုယ်တိုင် ဆေးကုသမှု တောင်းဆိုခဲ့တာကို အရင်တစ်ခေါက် ထောင်ကျတုန်းက ပါရဂူ လေးယောက်နဲ့ တွေ့ခွင့်ရတယ်။ အခု ကျနော့်ကို ဆေးခန်းပြဖို့ ခွင့်မပြုဘူး၊ ဆေးရုံတင်ဖို့ကိုလည်း ခွင့်မပြုဘူး။ ပါရဂူတောင်းဆိုတာကိုလည်း ခွင့်မပြုဘူး။ ကျန်းမာရေးက အရင်တစ်ခါ ထောင်ကျတုန်းက စစ်ခွေးတိုက်မှာ ကျနော့်ကို ညှင်းပန်းနှိပ်စက်ပြီးတော့ စစ်ဆေးချက်တွေ ယူခဲ့တဲ့အတွက် အောက်ပိုင်းချိသွားဖူးတယ်။ အဲဒါကြောင့် ပါရဂူနဲ့တွေ့ရတာပေါ့။ အခုတစ်ခေါက်ကျတော့ တိုက်ခန်းထဲမှာ အေးတော့ အဲဒီ အောက်ပိုင်းဝေဒနာ ပြန်ပြီးခံစားရတဲ့အတွက် ဆေးကုသမှု ပေးပါဆိုပြီး ခွင့်တောင်းခဲ့တယ်။ ဆေးတပ်သားကို ပြောတော့ ထောင်ပိုင်ကြီးခွင့်ပြုချက် မရလို့ဆိုပြီး ထောင်မကြီးကို မပို့ဘူး။ အဲဒီတော့ ဆေးကုသခွင့်မပေးရင် ဆေးဝါး ကောင်းကောင်းတွေ ကျနော့်ကို ပေးပါ ဆိုတော့လည်း သူတို့ပေးတဲ့ဆေးက ပါရာစီတမောလ်တို့၊ ဗာမီတွန်တို့ဆိုတာက သာမန်အကျဉ်းသားကို ပေးတဲ့ ဆေးမျိုးတွေ၊ ဒီဆေးမျိုးတွေက ကျနော့်ရဲ့ဝေဒနာကို မပျောက်ကင်းနိုင်ဘူး။”

အခု ပြန်လည်လွတ်မြောက်လာသူတွေဟာ လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီမှာ တင်ပြထားတဲ့စာရင်းထဲက လူတွေဖြစ်ပေမဲ့လည်း ကော်မတီအနေနဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းကို ခုချိန်ထိ တိတိကျကျ မသတ်မှတ်နိုင်သေးဘူး လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ တာဝန်ရှိသူတစ်ဦးလည်းဖြစ်၊ စိစစ်ရေးကော်မတီဝင်တစ်ဦးလည်းဖြစ်တဲ့ ဦးရဲအောင်က ပြောပါတယ်။

“ကော်မတီမှာက တစ်ဖွဲ့ချင်း တစ်ဖွဲ့ချင်းစီကတင်ပြတဲ့စာရင်းတွေပဲ ရှိပါသေးတယ်။ အဲဒီတော့ တင်ပြတဲ့စာရင်းတွေပေါ်မှာ ကျနော်တို့က ဒီစာရင်းတွေဟာ နိုင်ငံရေးအကျဉ်းသား ဟုတ်မဟုတ် ကော်မတီဝင် တစ်ဦးချင်းစီကနေ ပြန်ပြီးတော့ ပြန်ပြီး အသိအမှတ်ပြုပေးရပါတယ်။ ပြုပေးပြီးတော့မှ ကော်မတီစုံညီ အစည်းအဝေးမှာ ဆုံးဖြတ်ပြီးတော့ လိုအပ်လို့ရှိရင် ကော်မတီကနေ သမ္မတဆီကို တင်ပြမှာပါ။ အခုအချိန်မှာ အဲဒီအဆင့်အထိ လုပ်မပေးရသေးဘူး၊ မလုပ်နိုင်သေးပါဘူးခင်ဗျ။ အဲဒီတော့ အခု လွတ်လာတာက ကျနော်တို့ ကော်မတီ အစည်းအဝေးလုပ်ပြီးမှ နှစ်ကြိမ်ရှိသွားပါပြီ။ ဒီနှစ်ကြိမ်လုံးက ညှိနှိုင်းပြီးတော့ လွှတ်ပေးတဲ့ စာရင်းတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ တင်ပြထားတဲ့စာရင်းတွေတော့ ပါပါတယ်။ ကျနော်မြင်တာကတော့ လုံးဝ မလွတ်ခဲ့တာ စာရင် အခု စပြီးလွှတ်နေပြီ။ နောက် ဒီလက်ကျန် နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီကိုလည်း ဖွဲ့စည်းထားပြီ ဖြစ်တဲ့အတွက်ကြောင့် ရှေ့ဆက်ပြီးတော့လည်း လွှတ်ပေးလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ လွတ်ဖို့လည်း အများကြီး မျှော်လင့်ပါတယ်။”

အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား တစ်ဦးပဲကျန်တော့တယ်ဆိုရင်တောင်မှာ များလွန်းနေသေးပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးရဖို့ အဟန့်အတားဖြစ်နေဦးမှာပဲလို့ နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးနိုင်ဖဲတစ်ခုလို သဘောထားပြီး ကိုင်တွယ် ကစားနေတာထက် တကယ့်ကို စစ်မှန်တဲ့ ရည်ရွယ်ချက်နဲ့ ပြန်လွှတ်ပေးသင့်တယ်လို့လည်း တိုက်တွန်း ပြောဆိုကြပါတယ်ခင်ဗျား။
XS
SM
MD
LG