ဖုန်းမော်နေ့ဆိုပြီး လူသိများတဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ သေဆုံးခဲ့ရတဲ့ မတ်လ အရေးအခင်းဖြစ်ပွားခဲ့တဲ့ နှစ်ပတ်လည် အထိမ်း အမှတ်နေ့ကို ယခင်ရန်ကုန်စက်မှုတက္ကသိုလ်နေရာ အခု ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ဒီကနေ့ ကျင်းပပါတယ်။ ဒီ အခမ်းအနားကျင်းပတာဟာ နောင် အနာဂတ်မျိုးဆက် တွေကြား သမိုင်းမှန် ပျောက်ပျက်မသွားစေဖို့ ဖြစ်တယ်လို့ အခမ်းအနား စီစဉ်သူတွေက ပြောပါတယ်။ ၁၉၈၈ ခုနှစ် မတ်လ ကျောင်းသားအရေးအခင်းကနေ ရှစ်လေးလုံး လူထုအုံကြွမှုကြီးဖြစ်တဲ့အထိ ဦးတည်ခဲ့တာပါ။ နှစ်ပတ်လည်အခမ်းအနားကို သွားရောက်သတင်းယူခဲ့တဲ့ ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
ဒီကနေ့ မတ်လ ၁၃ ရက်နေ့ဟာ မဆလ အစိုးရရဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့တွေ ပစ်ခတ်တာကြောင့် ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ သေဆုံးခဲ့ရတဲ့ ၃၁ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ဒီလိုနေ့ရောက်တိုင်း အောက်မေ့ဘွယ် အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပလေ့ရှိသလို၊ ဒီကနေ့ ရန်ကုန် နည်းပညာ တက္ကသိုလ်မှာ ကျင်းပတဲ့ အခမ်းအနားနဲ့ ပတ်သက်လို့တော့ အခမ်းအနား ကျင်းပရေး ကော်မတီအဖွဲ့ဝင် အောင်ကျော်ဆင့်က ခုလိုပြောပါတယ်။
"နံပတ် ၁ အချက်ကတော့ သမိုင်းအမှန်ကို ဆက်လက်သိရှိစေဖို့ပေါ့ ၊နံပတ် ၂ အချက် ကတော့ တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာကို ထိန်းဖို့ ၊ နံပတ် ၃ က ဖက်ဒရယ်ပြည်ထောင်စု အရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ပေါ့ လေ။"
ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ သေဆုံးခဲ့တဲ့နေရာမှာ အရေးအခင်းဖြစ်တဲ့ ညချင်းမှာပဲ ကျောင်းသားတွေက ကြယ်ပုံ အထိမ်းအမှတ်အုတ်ဂူ ဆောက်လုပ်ပေမယ့်၊ အဲဒီခေတ် မဆလ အစိုးရက ချက်ချင်းပဲ ပြန်လည်ဖျက်ဆီးခဲ့ပါတယ်။ စစ်အစိုးရ လက်ထက် တလျှောက်လုံးမှာလည်း ဒီအခမ်းအနားတွေကို လွတ်လွတ်လပ်လပ် ကျင်းပခွင့်မရခဲ့ပါဘူး။ အခု ဒီနှစ် အခမ်းအနားမှာတော့ အရင်ဆောက်လုပ်ခဲ့ဖူးတဲ့ ပုံစံတူ အုတ်ဂူ ပြန်လည် တည်ဆောက်ခဲ့ကြပါတယ်။
၁၉၈၈ မတ်လ ၁၃ ရက်နေ့ ညက စက်မှုတက္ကသိုလ် ကျောင်းသားတွေနဲ့ အရပ်သားတွေ ဖြစ်ပွားတဲ့ ပဋိပက္ခကို တာဝန်ရှိသူတွေဘက်က ဖြေရှင်းပေးဖို့ ကျောင်းသားတွေက တောင်းဆိုခဲ့ရာကနေ အာဏာပိုင်တွေက အင်အားသုံး ဖြိုခွင်းတာခံခဲ့ရပြီး ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်စဉ်အမှန်ကို ပြည်သူတွေ သိရှိအောင် လုပ်ဆောင်သွားမယ်လို့ ကိုအောင်ကျော်ဆင့် က ဆက်ပြောပါတယ်။
"ကျွန်တော်တို့ကပေါ့လေ တဖြေးဖြေးနဲ့ပြန်ပြီးသိလာအောင် လုပ်ရမှာပေါ့ ကျွန်တော်တို့ နှစ်ပေါင်းများစွာလည်း ဒီဟာနဲ့ပတ်သက်ပြီးတော့ မှေးမှိန်ပျောက်ကွယ်အောင် အကွက်ကျကျ လုပ်ထားခဲ့တယ်ဆိုတော့လေ ဒီနေ့ကာလမှာတော့ အကုန်လုံးတော့ သိနိုင်တဲ့အထိ မရှိဘူးပေါ့လေ။ သိတဲ့လူတွေကလည်း မှားယွင်းစွာ သိရှိနေတာတွေလည်းရှိတယ်။ ကျွန်တော်တို့ စိတ်ရှည်ရှည်နဲ့ ဒီဟာကို ဆက်ပြီးတော့မှ ကိုယ့်အတိုင်းအတာနဲ့ နိုင်သလောက် ဆက်လုပ်ကမှာပေါ့လေ။"
ဒီကနေ့ အခမ်းအနားကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ သူတို့တွေ ပေးဆပ်တာကြောင့် တစ်ပါတီ အာဏာရှင်စနစ် လက်အောက်ကနေ ရုန်းထွက်ပြီး ခိုင်မာတဲ့ ဒီမိုကရေစီ မတည်ဆောက်နိုင်သေးပေးမယ့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်ကို ရောက်ရှိလာတာလို့ သဝဏ်လွှာထဲမှာ အသိမှတ်ပြု ဖော်ပြခဲ့ပါတယ်။
ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံ လူ့အခွင့်ရေးနေ့ အဖြစ် သတ်မှတ်ပေးဖို့ နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ တက်ကြွလှုပ်ရှားသူတွေက အစိုးရ အဆက်ဆက်ကို တောင်းဆိုခဲ့ကြပါတယ်။
အစိုးရက တရားဝင် သတ်မှတ်ပေးထားတာ မရှိပေမဲ့လို့ ဒီနေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် လူ့အခွင့်အရေး တက်ကြွသူတွေကတော့ အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပကြပါတယ်။ ဒါနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးက
"ပြောချင်တာကတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့လို့ သတ်မှတ်ချင်း မသတ်မှတ်ချင်း ဆိုတာက ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့လူတွေနဲ့ ပြည်သူအများစုက သတ်မှတ်ထားရင် သတ်မှတ် ခဲ့ပြီလို့ ကျွန်တော် ယူဆပါတယ်။ အစိုးရက အသိမှတ်ပြုပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့ဗျာ။ အဲ့ဒီအခြေအနေက လောလောဆယ် မရောက်သေးဘူးလို့ပဲ ကျွန်တော်ပြောချင်ပါတယ်။"
ဒီကနေ့ အခမ်းအနားကိုတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အပြင် ပညာရေး ဝန်ကြီး ကလည်း သဝဏ်လွှာ ပေးပို့ခဲ့သလို ၈၈ နိုင်ငံရေးမျိုးဆက်တွေ၊ ကျောင်းသားဟောင်းတွေ အပြင် ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ မိသားစုဝင်တွေပါ တက်ရောက်ခဲ့ကြပါတယ်။