သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပေါက်တောပြင် စစ်ရှောင်စခန်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စစ်ဆေး


ပေါက်တောပြင် စစ်ရှောင်စခန်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက် စစ်ဆေးနေပုံ (သတင်းဓာတ်ပုံ - စခန်းတာဝန်ခံဆရာတော် သဘာဝနဒီ)
ပေါက်တောပြင် စစ်ရှောင်စခန်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက် စစ်ဆေးနေပုံ (သတင်းဓာတ်ပုံ - စခန်းတာဝန်ခံဆရာတော် သဘာဝနဒီ)

တပ်မတော်က ဝိုင်းထားတဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်ဒုက္ခသည်တွေ ခိုလှုံနေရာ ပေါက်တောပြင် ဘုန်းကြီးကျောင်းမှာ အာဏာပိုင်တွေက ဒီကနေ့ ဝင်ရောက် စစ်ဆေးခဲ့ပြီးနောက် အခြေအနေတွေ ပုံမှန်ပြန်ဖြစ်နေပြီလို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။ ရခိုင်တပ်မတော် AA နဲ့ ဆက်နွယ်သူတွေ ရှိနိုင်တယ်ဆိုတဲ့ သံသယနဲ့ ဝင်ရောက်ရှာဖွေဖို့ ပြီးခဲ့တဲ့ရက်တွေမှာ စစ်တပ်က ဝိုင်းထားတဲ့အတွက် လုံခြုံရေး စိုးရိမ်တာကြောင့် စစ်ရှောင် ၁၀၀၀ ကျော်လောက်ကတော့ စခန်းကနေ ထွက်ခွာသွားတယ်လို့လည်း စခန်းတာဝန်ခံတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန် က သတင်းပေးပို့ ထားပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ကျေးရွာက ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေထဲမှာ ရခိုင်လက်နက်ကိုင် အဖွဲ့ AA နဲ့ ဆက်နွယ်သူတွေ ရှိမရှိ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ အပါအဝင် အာဏာပိုင်တွေ ဝင်ရောက် စစ်ဆေးခဲ့ကြောင်း စစ်ရှောင်စခန်းကို ရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ် က ဗွီအိုအေကို ပြောပါတယ်။

“စစ်ဆေးမှုအခြေအနေပြီးသွားပါပြီး။ ရဲအရာရှိ နှစ် ဦးပါတယ်။ လဝကအရာရှိ နှစ် ဦး ပါတယ်။ တပ်မတော်က အရာရှိ ငါး ဦး၊ ခြောက် ဦးလောက် ဝင်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း အနီးအနားမှာ ရှိနေတယ်ဆိုတော့။ ဝင်ရောက်စစ်ဆေး တယ်။ ဘာမှတော့ မတွေ့ပါဘူး။ သူတို့ကဒီမှာ AA တွေ ရှိတယ်။ ဆေးကုတယ်။ ကျောင်းဝင်းထဲမှာ ဒုက္ခသည်တွေနဲ့ ရောပြီး နေတယ်။ အဲဒီလို သတင်းရတဲ့ သဘောရှိတယ်။ အဲတာကြောင့် သူတို့မှာလည်းအပေါ်က အမိန့်အရ လုပ်ရတာ။

စစ်ဘေးဒုက္ခသည်စခန်းကို တပ်မတော်က စစ်ဆေးပြီး ဝိုင်းရံထားတာကို ဖယ်ရှားလိုက်ပြီးနောက်ပိုင်း စခန်းအခြေအနေ ပုံမှန်ပြန်ဖြစ်သွားပြီးလို့ စခန်းတာဝန်ခံဆရာတော် သဘာဝနဒီအရှင်ပညာဇောတ က အခုလို မိန့်ကြားပါတယ်။

“လက်ရှိကတော့ အေးဆေးသွားပြီးလို ပြောလို့ ရတယ်။ ကျောင်းရှေ့မှာတော့ သူတို့ မရှိတော့ဘူး။ ဒါပေမဲ့ ကျောင်းနဲ့ ၅ ဖါလုံ ၆ ဖါလုံလောက် အပေါ်မှာရှိတဲ့ ရေတံခွန်ပေါ်မှာတော့ သူတို့ ရှိလိမ့်မယ်။ ရွာရဲ့ စာသင်ကျောင်းပေါ် သူတို့ရှိလိမ့်မယ်။ အင်အား ၇၀၀ လောက်။ ကျောင်းကို ဝိုင်းရံ ပိတ်ဆို့ထားတဲ့ဟာကတော့ ရုပ်သိမ်းသွားပါပြီ။ ဒီမှာ စစ်ရှောင်ပြည်သူတွေကလည်း စိတ်ချမ်းချမ်းသာသာနဲ့ ရွာထဲ ဝင်ထွက်သွားလာတာ ပြန်လုပ်နေပါပြီ။”

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်ကနေ လိုအပ်ချက် အရ စစ်ဆေးမှုတွေ လုပ်ဆောင်တာဖြစ်တယ်လို့ ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

ပေါက်တောပြင်ဘုန်ကြီးကျောင်း စစ်ဘေး ဒုက္ခသည်စခန်းကို တပ်မ ၂၂ လက်အောက်ခံ တပ်ဖွဲ့ကနေ မနေ့ကတည်းက အင်အားနဲ့ ဝိုင်းထားတာကြောင့် သံဃာတော်တွေ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ စိုးရိမ်စိတ်တွေ ရှိနေခဲ့ကြ တာပါ။

မနေ့ကတည်းက တပ်ကနေ ဘုန်းကြီးကျောင်းဝင်းကို ဝိုင်းထားတာကြောင့် စိုးရိမ်စိတ်နဲ့ စစ်ရှောင် ၁၀၀၀ ကျော် စခန်း ကနေ ထပ်မံထွက်ပြေး တိမ်းရှောင်သွားတယ်လို့ စခန်းတာဝန်ခံဆရာတော် သဘာဝနဒီအရှင်ပညာဇောတ က အခုလို မိန့်ကြားပါတယ်။

“ဒုက္ခသည် တချို့ကတော့ ကြောက်ပြီးတော့ ပြေးခဲ့ကြပါပြီ။ ဘယ်ကို ပြေးကြတာတော့ မသိဘူးခင်ဗျ။ ဒီမှာပြန်တော့မယ်ဆိုပြီး အကြောင်းပြတယ်။ ကိုယ့်ရွာကိုများ ပြန်သလား၊ နောက်တခြားနေရာ တခုများ ပြေးသလား မသိဘူးဗျ။ လူကြီးတွေရော၊ ကလေးရော ပြန်တာ ၁၀၀၀ ကျော်လောက် ရှိတယ်ဗျ။ ပြန်သွားတဲ့သူတွေ တော်တော်များများဟာ ပိုးရွှီပြင် များတယ်။ ခနောင်းကြီး များတယ်။ အောင်ဘောင်တော် များတယ်။

တပ်မတော်ကနေ ပေါက်တောပြင်ဘုန်းကြီးကျောင်း စခန်းအတွင်း စစ်ဆေးဖို့ ကြိုးစားခဲ့ရာမှာ စခန်းတာဝန်ခံဆရာတော်တွေကနေ ယူနီဖေါင်းနဲ့ စစ်ဆေးခွင့်မပေးဘဲ အရပ်ဝတ်နဲ့သာ စစ်ဆေးခွင့်ပြုတာကြောင့် စစ်တပ်ဘက်က မစစ်ဆေးဘဲ ကျောင်းပတ်လည်ကို ဝိုင်းရံထားလို့ ရွာသားထောင်ကျော်ဟာ စိုးရိမ်စိတ်နဲ့ ထပ်မံ ထွက်ပြေး တိမ်းရှောင်ကြတာပါ။

လက်ရှိစစ်ရှောင် အများစုနေထိုင်တဲ့ ပေါက်တောပြင်စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာနည်းပါးလာနေပြီလို့ ဆရာတော်က မိန့်ပါတယ်။

“စားသောက်နေထိုင်ရေးကြတော့ လက်ရှိစခန်း ရိက္ခာ ငါးခြောက်တို့ ဘာတို့ကတော့ လေး ရက်စာလောက်တော့ ရှိသေးတယ်ဗျ။ ဒါပေမဲ့ ဒီ ၄ ရက်နောက်ပိုင်းတော့ ဦးဇင်းတို့ မတွေးရဲစရာပါ။ လူဦးရေ အရေအတွက်ကတော့ ၁၀၀၀ ကျော် လောက်ပြန်ပြီး နောက်ပိုင်း အခု ၁၆၀၀ ဝန်းကျင်တော့ ရှိပါသေးတယ်။

ပြီးခဲ့တဲ့ဇွန်လ ၅ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့အပြီး ရဟတ်တောင်၊ ဂန်းဂါ၊ ပိုးရွီပြင်၊ ကြက်စာသလည်း၊ ခနောင်းကြီး စတဲ့ ရွာကိုးရွာက စစ်ဘေးဒုက္ခသည် ၃,၀၀၀ ကျော်ဟာ ပေါက်တောပြင် စစ်ဘေး ရှောင်စခန်းနဲ့ ပုဏ္ဏားကျွန်းမြို့ အောင်မင်္ဂလာကျောင်းတွေမှာ စစ်ဘေးခိုလှုံလာနေခဲ့ကြတာပါ။

အများစုကတော့ရွာထဲမှာ တပ်မတော်က တပ်စွဲနေထိုင်တာ၊ တပ်မတော်က ဖြတ်သန်းသွားလာတာတွေကို ကြောက်ရွံ့ပြီး စစ်ဘေးဒုက္ခသည်စခန်းကို ရောက်လာတယ်လို့လည်း ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင် မဟာမိတ် ကူညီရေး အဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ စစ်ရေး ပဋိပက္ခကြောင့် စစ်ရှောင်ဦးရေ ၄၁,၀၀၀ ကျော် တိုးပွားနေသလို ဒုက္ခသည်အရေး ဖြေရှင်းဖို့ကလည်း ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG