သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများအပေါ် ခြိမ်းခြောက်မှု အရေးယူဖို့ပြင်နေ


(သတင်းဓာတ်ပုံ - IPRD Paletwa)
(သတင်းဓာတ်ပုံ - IPRD Paletwa)

ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးအပါအဝင် ဘာသာရေးခေါင်းဆောင်တွေကို လူမှုကွန်ရက်စာမျက်နှာ facebook က တဆင့် အသက်အန္တရာယ် ခြိမ်းခြောက်နေတာတွေကို ဖော်ထုတ် အရေးယူဖို့ ပြင်ဆင်နေကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှု ဝန်ကြီးက ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ ရခိုင်လူငယ်ပရဟိတအဖွဲ့ကလည်း သူတို့ကို AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲတာတွေ ရှိနေတာကြောင့် ဥပဒေအရ အရေးယူဖို့ ဆောင်ရွက်နေပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အခုလို ခြိမ်းခြောက်တာတွေ၊ စွပ်စွဲပြောဆိုတာတွေဟာ ချင်းမျိုးနွယ်စုတွေနဲ့ ရခိုင်လူမျိုးတွေ ရောနှောနေထိုင်တဲ့ ချင်းပြည်နယ် ပလက်ဝမြို့မှာ အဓိကဖြစ်ပွားနေတာပါ။

Facebook ခေါ် လူမှုကွန်ရက်ကနေ ခြိမ်းခြောက်တာတွေ ရှိနေတာကြောင့် အရေးယူဖို့ ပြင်ဆင်နေကြောင်းကို ချင်းပြည်နယ် အစိုးရ၊ စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှု ဝန်ကြီး ဦးစိုးထက်က အခုလို ပြောပါတယ်။

“ကျနော်တို့ ဝန်ကြီးတွေကို online ပေါ်မှာ တင်တယ်။ နောက်တစ်ခါ အရင် ဝန်ကြီးဟောင်း ဦးအိုက်ဇက်ခင်ကို online ပေါ်မှာ တင်တယ်။ သတ်ပစ်လိုက်မယ်။ ရှင်းပစ်လိုက်မယ်ပေါ့ အဲလိုမျိုးတွေ ပြောတယ်။ နောက်တခါ ခရစ်ယာန်ဘုန်းကြီး စတီဗင်ကိုလည်း ဒီလူကို တွေ့တဲ့နေရာမှာ သတ်ပစ်လိုက်ဆိုပြီးတော့ အဲလိုမျိုးတွေ တင်တယ်။ ဒီအမုန်းတရားတွေနဲ့ လုပ်ပြီးတော့ ခြိမ်းခြောက်တဲ့ဟာမို့လို့ ဒီဟာတွေကို ဖော်ထုတ်ပြီး အရေးယူမယ်လို့ ပြောတာ။ အခုက account အတုတွေနဲ့ လုပ်ပြီးတော့မှ လူတစ်ယောက်ကို အသက်အန္တရာယ် ခြိမ်းခြောက်တဲ့အထိ အဲလို ဖြစ်လာတယ်။ ကျနော်တို့က ဒီဟာတွေကို ပြန်ကာကွယ်ဖို့အတွက် အရေးယူရမယ်လို့ အဲလို ပြောတာ။ ”

ဒီလိုခြိမ်းခြောက်စာတွေ ရေးသားတာ account ဆယ်ဂဏန်းအောက် ဝန်းကျင်လောက်ရှိပြီး ဒီအထဲမှာ အစိုးရဝန်ထမ်းတွေပါ ပါဝင်နေတယ်လို့ ပြောပါတယ်။

Facebook ပေါ်က ရေးသားချက်တွေဟာ လူမျိုးရေး ပဋိပက္ခအထိ ဦးတည်စေနိုင်တာကြောင့် အရေးယူဖို့ ပြင်ဆင်ရတာ ဖြစ်ကြောင်းလည်း ဦးစိုးထက်က ဆက်ပြောပါတယ်။

“လူမှုကွန်ယက်မှာ တယောက်နဲ့ တယောက် ပြောတာ ဆိုတာတွေ လက်ခံပါတယ်။ အခုဟာ လူရဲ့ အသက်အန္တရာယ် ကျနော့် ရဲ့ အသက်အန္တရာယ်တောင် ခြိမ်းခြောက်လာပြီ။ ကျနော်ကို မုန်းတဲ့သူရှိသလို ချစ်တဲ့ သူလည်း အများကြီးပဲ။ ဆိုတော့ ကျနော်တို့ကို အမုန်းတရားနဲ့ တိုက်ခိုက်တဲ့သူကို ချစ်တဲ့သူက ပြန်ဝေဖန် တိုက်ခိုက်တာတွေ ပလူပျံနေတာပဲ။ ဒါ နောက်ဆက်တွဲ လူမျိုးရေးပြဿနာဖြစ်မှာ။ ကျနော် သေသွားကြည့်ပါလား ကျနော့် မိသားစုတွေလည်း နေမှာ မဟုတ်ဘူး။ ကျနော့် လူမျိုးတွေလည်း နေမှာ မဟုတ်ဘူး။ အဲဒါ တားဆီးဖို့အတွက်ကို ကျနော်တို့က အဲလို ပြောတာ။”

တစ်ချိန်တည်းမှာပဲ ရခိုင်လူမှုကူညီရေးအသင်းတစ်ခုက သူတို့ကို မဟုတ်မမှန် စွပ်စွဲတာတွေ ရှိနေတာကြောင့် တရားစွဲဖို့ ဆောင်ရွက်နေကြောင်း တင်ထွန်းအောင် ပရဟိတ လူငယ်အဖွဲ့က ကိုတင်ထွန်းအောင်က ပြောပါတယ်။

“ဒီနေ့ ကျနော် ၉ နာရီခွဲမှာ ရဲစခန်းမှာ သွားပြီးတော့ အမှုသွားဖွင့်တယ်။ စခန်းမှူး ဦးဝေလွင် တပတ်လောက် စောင့်ကြည့်ပါအုံးလို့ အဲ့လိုပြောလိုက်တယ်။ ကျနော်က တင်ထွန်းအောင် ပရဟိတ လူငယ်အဖွဲ့ဆိုပြီး ၂၀၁၇ တုန်းကနေ စစ်ဘေးရှောင်တွေကို ကူညီတယ်။ ရခိုင်လူမျိုးတွေကို ဦးစားပေးပြီး ကူညီတယ်။ ကူညီတဲ့အချိန်မှာ မနာလိုတဲ့ ဒီ ဒေသခံတချို့က ရက္ခိုင်တပ်မတော် AA နဲ့ ပါဝင် ပတ်သက်နေတယ်ဆိုပြီး စွပ်စွဲတယ်။ နဂိုကတည်းကတောင် အစိုးရစစ်တပ်က ရခိုင်လူမျိုးတွေကို သံသယဖြစ်နေတဲ့ ကြားထဲမှာ ပိုပြီးတော့ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်လိုက်တဲ့အတွက် ကျနော်က တရားစွဲဆိုရတာဖြစ်ပါတယ်။”

လောလောဆည် facebook account သုံးခုကို တရားစွဲဖို့ ဆောင်ရွက်နေပြီး တပတ်အတွင်းမှာ အလားတူ စွပ်စွဲတာတွေ ရှိရင် အမှုဖွင့်မှာ ဖြစ်ကြောင်း၊ နားလည်မှု လွဲမှားစေပြီး လူမျိုးရေးအရ အမုန်းပွားစေနိုင်တဲ့ စွပ်စွဲချက်မျိုးတွေ ဆက်မလုပ်စေလိုကြောင်းလည်း ပြောပါတယ်။

ပလက်ဝမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း အစိုးရတပ်မတော်နဲ့ AA အကြားတိုက်ပွဲတွေ ပြင်းထန်ပြီး ပလက်ဝမြို့ပေါ်ကို စစ်ရှောင်ပြည်သူ ၆၀၀ လောက် ထပ်မံေ ရောက်ရှိလာနေပါတယ်။ လောလောဆည်မှာ ချင်းလူမျိုး စစ်ရှောင် ၂၆၀၀ လောက်နဲ့ ရခိုင်လူမျိုးစစ်ရှောင် ၆၀၀ ကျော်လောက် ရှိနေကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG