သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ရာစုပင်လုံညီလာခံ ကျင်းပရေးအပြီးသတ် ပြင်ဆင်မှုများ


မနက်ဖြန်ကျင်းပမယ့် ၂၁ ရာစု ပင်လုံ - ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအတွက် ပြင်ဆင်ဆောင်ရွက်မှုတွေ အပြီးသတ် လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။ ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် မျှော်မှန်းတဲ့ ဒီညီလာခံမှာ၊ ပါဝင်တတ်ရောက်မှုတွေ ပြင်ဆင်ဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့တော့ ဒီနေ့အထိ အငြင်းပွားမှုတွေကတော့ ရှိနေဆဲပါ။ ညီလာခံကျင်းပမယ့် နေပြည်တော်ကနေ ကိုသားညွန့်ဦး သတင်းပေးပို့ထားပါတယ်။

၂၁ ရာစု ပင်လုံ - ငြိမ်းချမ်းရေးညီလာခံ ပထမဦးဆုံးအကျော့ အကြိမ်အစည်းအဝေးတွေကို ကျင်းပနိုင်ဖို့အတွက် အခုစတင်ပြင်ဆင်နေကြ ပြီဖြစ်ပါတယ်။ အခုဒီ မွန်းလွဲပိုင်းမှာဆိုရင် ဒီအခမ်းအနားကျင်းပရေးဗဟို ကော်မတီ အစည်းအဝေးတရပ်ကို ကျင်းပနေပြီးတော့ အခမ်းအနားမှာ ကျင်းပမယ့် အကြောင်းအရာတွေ ၊ နောက်တခါ တက်ရောက်စကားပြောမယ့်လူတွေ ကိစ္စကို ဆွေးနွေးနေကြပြီဖြစ်ပါတယ်။ ဒါ့အပြင် ဒီညီလာခံကို တက်ရောက်ကြမယ့် နိုင်ငံရေးပါတီတွေ တိုင်းရင်းသားအဖွဲ့အစည်းတွေ တော်တော်များများလည်း ရောက်ရှိနေကြပြီဖြစ်ပါတယ်။

ညီလာခံကျင်းပမယ့် နေပြည်တော် မြန်မာကွန်ဗန်းရှင်းစင်တာ အမှတ်(၂)မှာတော့ ညီလာခံကျင်းပရေးဆိုင်ရာ အကြီးတန်းတာဝန်ရှိသူတွေကနေ၊ နေရာချထားရေးနဲ့ ပြင်ဆင်ရေးဆိုင်ရာ အောက်ခြေပိုင်းဆောင်ရွက်သူတွေအထိ ပျားပန်းခတ် ဆောင်ရွက်နေကြတာ တွေ့ရမှာပါ။

မြန်မာနို်င်ငံရဲတပ်ဖွဲ့ကလည်း ညီလာခံ လုံခြုံရေးဆိုင်ရာ အသေးစိတ်ကိစ္စတွေကို ပြင်ဆင်ဆောင်ရွက်နေပါတယ်။ မနက်ဖြန်လုပ်မယ့် ညီလာခံဖွင့်ပွဲကိုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကုလသမဂ္ဂ အတွင်ေးရးမှုးချုပ် ဘန်ကီမွန်းတို့က အဖွင့်မိန့်ခွန်း ပြောဆိုဖို့ရှိသလို၊ ဒီပွဲမှာ အစိုးရတာဝန်ရှိသူတွေ လွှတ်တော်အကြီးအကဲတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေ အပြင် နိုင်ငံတကာသံတမန်တွေပါ တတ်ရောက်ကြမှာပါ။ ညီလာခံအတွက် အဆုံးသတ်ပြင်ဆင်မှုတွေကို တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အစိုးရပိုင်းက တာဝန်ရှိသူတွေက သီးခြားစီ ဒီမနက် ကျင်းပပြုလုပ်ခဲ့ကြသလို၊ မွန်းလွဲပိုင်းမှာတော့ ညီလာခံဖြစ်မြောက်ရေးဗဟိုကော်မတီ အစည်အးဝေးကိုလည်း ကျင်းပခဲ့ပါတယ်။

ဒီညီလာခံဟာ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တခုလုံးရဲ့ ပထမအကျော့ဆွေးနွေးပွဲဖြစ်တယ်ဆိုပေမယ့်၊ အားလုံးပါဝင်ခွင့်ဆိုတာနဲ့ပတ်သက်လို့တော့ အငြင်းပွားမှုတွေ ရှိနေဆဲပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာဆိုရင် MNDAA လက်နက်ကိုင်အဖွဲ့ TNLA တအောင်းလက်နက်ကိုင်အဖွဲ့နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တတ်ရောက်ပါဝင်ခွင့်နဲ့ပတ်သက်လို့က ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။

ဒီ သုံးဖွဲ့ကိုပါ ဖိတ်ကြားမယ်လို့ တာဝန်ရှိသူတွေဖက်က ပြောခဲ့ဖူးပေမယ့်၊ နောက်ပိုင်းမှာတော့ ဒီအဖွဲ့တွေနဲ့ ဆွေးနွေးပွဲရလဒ် အောင်မြင်မှုရှိပုံမရပါဘူး။ ဒီအဖွဲ့သုံးဖွဲ့အနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကိုစွန့်ပါမယ်လို့ ဂတိပြုချက်ကို တပ်မတော်ဖက်က လိုလားနေတဲ့သဘောရှိပါတယ်။ တချိန်တည်းမှာပဲ ရွေးကောက်ပွဲအနိုင်ရပါတီမဟုတ်တဲ့ နိုင်ငံရေးပါတီများကိုယ်စားလှယ်ရွေးခြယ်မှုမှာလည်းကြေလည်မှုမရပဲ အဆုံးသတ်ခဲ့ရပါတယ်။ ဒါ့အပြင် ညီလာခံတတ်ရောက်သူများစာရင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေဖက်က ကိုယ်စားလှယ်တွေကို သူတို့လက်နက်ကိုင်အဖွဲ့အစည်းကရာထူးဝိသေသတွေကို ဖော်ပြမှုမရှိတာကြောင့်လည်း ဝေဖန်မှုတွေရှိနေပါတယ်။

ဒါပေမယ့်လည်း တတ်ရောက်ကြမယ့် တိုင်းရင်းသားအဖွဲ့အစည်းတွေကတော့ ဒီညီလာခံဟာ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အလားအလာကောင်းဖြစ်မယ်လို့ မျှော်လင့်ကြပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီးလုပ်မယ့် ညီလာခံဖြစ်တာကြောင့်ပါ။

“ကျနော်တို့က ငြိမ်းချမ်းရေးက သိပ်အရေးကြီးတယ်လေ။ ကျနော်တို့ ရှမ်းပြည်ဆိုရင်လည်း နယ်စွန်နယ်ဖျားဖြစ်တယ်။ တရုတ်နယ်စပ်လည်းဖြစ်တယ် ယိုးဒယားနယ်စပ်လည်းဖြစ်တယ် ၊ နောက် လာအိုနယ်စပ်လည်းဖြစ်တယ်။ ဆိုတော့ ကျနော်တို့ ငြိမ်းချမ်းရေးက မရှိမဖြစ်လုပ်ရမယ်ဗျ။ အခုအစည်းအဝေးလာတက်တဲ့လူတွေကို အကြံပြုရမှာပေါ့နော်။ ကျေးဇူးတင်ပါတယ်။”

ရှမ်းပြည်နယ် အရှေ့ပိုင်း ဖွံဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ ဥက္ကဌ စိုင်းဟောင်ခမ်း ပြောသွားတာပါ။ ညီလာခံကိုတော့ မနက်ဖြန်ကစပြီး စက်တင်ဘာလ ၄ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။ ဒါဟာ ပထမအကျော့ ငြိမ်းချမ်းရေးညီလာခံဖြစ်ပြီး နောက်တကျော့ကိုတော့ နောက် ၆ လလောက်နေမှ ကျင်းပမယ် ခန့်မှန်ရပါတယ်။ ဒီညီလာခံအတွင်းမှာ အရင်ချမှတ်ပြီးသား နိုင်ငံရေးမူဘောင်သတ်မှတ်ချက်တွေကိုတော့ အသေးစိတ် ပြန်လည်ပြင်ဆင်ရေးဆွဲနိုင်မယ်လို့ ယူဆရပါတယ်။

XS
SM
MD
LG