သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ရှေ့နှစ်သန်းခေါင်စာရင်းကောက်နိုင်ဖို့ စစ်ကောင်စီ ပြင်ဆင်နေ


၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူခဲ့စဉ်
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူခဲ့စဉ်

လူဦးရေနဲ့ အိမ်ထောင်စု သန်းခေါင်စာရင်းကို ကွန်ပျူတာ Software အကူအညီတွေနဲ့ လက်ကိုင်ဖုန်းတွေကတဆင့် ကောက်ယူနိုင်ဖို့ ပြင်ဆင်နေကြောင်းနဲ့ အဲဒီအတွက် ကျွမ်းကျင်တဲ့ နိုင်ငံတကာက အကြံပေးပညာရှင်တွေကို ဖိတ်ခေါ်ထားတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ပြောပါတယ်။ ၂၀၂၄ အောက်တိုဘာ ၁ ရက်ကစပြီး သန်းကောင်စာရင်း ကောက်ယူသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပြီးတဲ့နောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာပါ။ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြပေးပါမယ်။

၂၀၂၄ မှာကောက်ယူမဲ့ လူဦးရေနဲ့ အိမ်ထောင်စု သန်းခေါင်စာရင်းကို လက်ကိုင်ဖုန်းနဲ့ တက်ဘလက် (Tablet) တွေကို အသုံးပြုပြီး ကောက်ယူသွားမယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက မေလ၂ရက်နေ့စွဲနဲ့ ကြေညာထားပါတယ်။ ဒီလို လက်ကိုင်ဖုန်းတွေကတဆင့် ကောက်ယူနိုင်ဖို့ လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာအတွက် ပြည်ပက အကြံပေး ပညာရှင်တွေကို ဖိတ်ခေါ်ထားကြောင်း ပြည်သူ့အင်အား ဦးစီးဌာနက တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

"နည်းပညာပိုင်းက ကျမတို့က Mobile/Tablet နဲ့ စာရင်းကောက်မယ်ပေါ့။ မေးခွန်းပုံစံနဲ့ မကောက်ဘူးပေါ့။ မိုဘိုင်းနဲ့ကောက်ရင် အဲဒီမှာ Software ရေးမယ်၊ ဒီဇိုင်းတွေ ဆွဲမယ်ပေါ့။ Data collection system အဲဒီဟာတွေဆွဲမယ်၊ တည်ဆောက်မယ်ပေါ့။ ဥပမာ ကျား၊ မ။ အသက်ဆိုရင် အသက်ဘယ်လောက် ရှိပြီလဲ၊ မွေးသက္ကရာဇ်က ဘယ်နှစ်ရက်၊ ဘယ်နှစ်လ၊ ဘယ်နှစ်ခုနှစ်လဲ၊ အိမ်ထောင်ဦးစီးနဲ့ ဘယ်လိုတော်စပ်လဲ အဲလိုမျိုးတွေပေါ့။"

စစ်ကောင်စီဘက်ကတော့ ရွေးကောက်ပွဲကို ဘယ်တော့လုပ်မယ်ဆိုတာ တိတိကျကျ ပြောတာမရှိပေမဲ့ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် အဖွဲ့တွေကတော့ သန်းခေါင်စာရင်း ကောက်ပြီးမှ ရွေးကောက်ပွဲကို လုပ်နိုင်ခြေရှိတယ်လို့ ခန့်မှန်းနေတာလည်း ရှိပါတယ်။ အရပ်ဘက် အဖွဲ့အစည်းအတချို့ကတော့ ပြည်တွင်း အခြေအနေ၊ အင်တာနက် ရရှိနိုင်မှု စတဲ့အချက်တွေအပေါ်မှာ မူတည်ပြီး သန်းခေါင်စာရင်း ကောက်ယူတာမှာ အခက်အခဲတွေ ရှိလိမ့်မယ်လို့မြင်ကြောင်း အရပ်ဘက်အဖွဲ့အစည်းတခုရဲ့ တာဝန်ခံက အခုလို ပြောပါတယ်။

"ဒီ System နဲ့ Used to မဖြစ်သူတွေက အတော်လေး အခက်ရှိမယ်လို့ ယူဆတယ်။ သူတို့ရဲ့ အချက်အလက်တွေက ဘယ်လောက်ထိ ပါလာမယ်ဆိုတာလည်း မသိနိုင်သေးဘူးပေါ့လေ။ နောက်တခုက ပြည်သူလူထုရဲ့ စိတ်ဆန္ဒပေါ့လေနော်။ ဖြေဖို့ ဆန္ဒမရှိသူတွေကရော ဘယ်လို အရေးယူဆောင်ရွက်မှုတွေ လုပ်မလဲပေါ့။ ဖြေဖို့ ဆန္ဒရှိတယ်ဆိုရင် အင်တာနက် မရတဲ့၊ လိုင်းကောင်းကောင်း မရတဲ့နေရာတွေဆို ဘယ်လိုလုပ်ကြမလဲပေါ့။ ဒါတွေကလည်း ရှိသေးတာကိုး။"

တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်ယူတာကို ၂၀၁၄ ခုနှစ်၊ ဧပြီလမှာ နောက်ဆုံး ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်း ၃၀ အတွင်းမှာ ပထမဆုံးအကြိမ် ကောက်ယူခဲ့တာပါ။ ဆယ်နှစ်အကြာမှာ အခုလို သန်းခေါင်စာရင်း နောက်ထပ်တကြိမ် ကောက်ယူဖို့ စစ်ကောင်စီဘက်က ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအရဆိုရင် တနိုင်ငံလုံးလူဦးရေက ၅၁ သန်းကျော် ဖြစ်ပါတယ်။ အဲဒီအထဲက (လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း) ၃၅ သန်းကျော်ဟာ ကျေးလက်မှာ နေထိုင်ကြတာ ဖြစ်ပါတယ်။

၂၀၁၄ မှာ လုံခြုံရေးနဲ့ တခြား အခြေအနေ အမျိုးမျိုးတို့ကြောင့် ကောက်ယူလို့ မရခဲ့တဲ့ လူဦးရေက ၁.၂သန်း ရှိတယ်လို့ အရပ်ဘက်အဖွဲ့တွေရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG