သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲကို စစ်ကောင်စီ စိတ်တိုင်းကျပြင်ဆင်ဟု လေ့လာသူတွေသုံးသပ်


Myanmar Elections
Myanmar Elections

{{Zawgyi/Unicode}}

စစ်ကောင်စီပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအခင်းအကျင်းကို ကြည့်ရင် သူတို့ လိုချင်တဲ့ရလာဒ်ကို အဆုံးဖြတ်ပေးပြီးနေသလိုတောင် ဖြစ်နေတယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ရွေးကောက်ပွဲ ဘယ်အချိန်မှာလုပ်မလဲဆိုတာ မသိရသေးပေမယ့် NLD အပါအဝင် နိုင်ငံရေးပါတီပေါင်း ၄၀ ကို မတ်လအကုန်ပိုင်းမှာ စစ်ကောင်စီဖျက်သိမ်းခဲ့တဲ့ ခြေလှမ်းတွေနဲ့ပတ်သက်လို့ မြန်မာ့အရေးကျွမ်းကျင်သူတွေရဲ့အမြင်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေပြန်မှတ်ပုံတင်ဖို့ နောက်ဆုံးရက်အဖြစ်သတ်မှတ်ခဲ့တဲ့ မတ်လ ၂၈ ရက် အထိ အဓိကနိုင်ငံရေးပါတီကြီးတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အပါအဝင် ပါတီတော်တော်များများ ပြန်ပြီးမှတ်ပုံတင်ခြင်းမရှိတဲ့အတွက် ဖျက်သိမ်းခံခဲ့ရပါတယ်။ ပါတီမှတ်ပုံတင်ဥပဒေသစ်နဲ့ နိုင်ငံရေးပါတီပေါင်း ၄၀ ကို တခါတည်းဖျက်သိမ်းခဲ့တဲ့ စစ်ကောင်စီလုပ်ရပ်မျိုးကို အရင်ကမတွေ့ခဲ့ဘူးပေမဲ့ စစ်တပ်ရဲ့သဘောထားတင်းမာမှုကတော့ အရင်စစ်အာဏာရှင်တွေအတိုင်းပဲဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Mark Farmaner က ဗွီအိုအေကိုပြောပါတယ်။

“အရင် နည်းလမ်းဟောင်းတွေအတိုင်း နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းခဲ့သလို လက်ရှိစစ်တပ်ဟာလည်း နိုင်ငံရေးပါတီတွေအပေါ်မှာ သဘောထားတင်းမာတာကို တွေ့နေရပါတယ်။ နိုင်ငံရေးပါတီတွေကို တရားဝင်အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်တာမျိုးမဟုတ်ဘဲနဲ့ မှတ်ပုံတင်ဖို့အတွက် ကန့်သတ်ချက်တွေကို ချမှတ်ပြီး ဒီအတိုင်းမလုပ်ရင် ပါတီအဖွဲ့အစည်းကနေ ပျက်ပြယ်တယ်ဆိုတာမျိုးနဲ့ စစ်ကောင်စီကလုပ်ခဲ့တာဖြစ်ပါတယ်။ ပါတီတွေကိုဖျက်သိမ်းတယ်ဆိုတာမျိုးမဟုတ်ဘဲ ရွေးကောက်ပွဲကော်မရှင်ရဲ့ သတ်မှတ်ချက်တွေကို မလိုက်နာလို့ဆိုတဲ့ပုံစံမျိုး ဖန်တီးပေမယ့် ဒါဟာ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းတာပါ။ ဒီနည်းလမ်းနဲ့ နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းခဲ့တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်မျိုးကို အရင် စစ်အာဏာရှင်လက်ထပ်တွေတုန်းက မမြင်တွေ့ခဲ့ရပါဘူး။ ဒါကြောင့် နိုင်ငံတော်တော်များများကလည်း ကြေညာချက်ထုတ်ပြန် ကန့်ကွက်ကြတာ ကောင်းပါတယ်။”

Burma Campaign UK ဟာ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို စောင့်ကြည့်နေတဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်ပြီးတော့ အာဏာသိမ်းစစ်ကောင်စီအပေါ် နိုင်ငံတကာက ထိရောက်တဲ့ ဖိအားတွေပေးနိုင်ရေး လှုပ်ရှားနေတာလည်းဖြစ်ပါတယ်။ လက်ရှိ စစ်ကောင်စီ ရင်ဆိုင်နေရတဲ့ အနေအထားအပေါ်မှာ Mark Farmaner က အခုလို သုံးသပ်ပါတယ်။

“ဒီလို ပါတီတွေကိုဖျက်သိမ်းတာဟာ စစ်တပ်ဘက်က ကြံရာမရ၊ အရူးမီးဝိုင်းဖြစ်နေတယ်ဆိုတဲ့ လက္ခဏာပါ။ တရားမျှတတဲ့ရွေးကောက်ပွဲလုပ်မယ်ဆိုရင် စစ်တပ်က သူတို့ ယှဉ်လို့မရဘူးဆိုတာ သိနေပါတယ်။ ဒါ့ပြင် အခု အကြံအဖန်နဲ့ လုပ်မယ့်ရွေးကောက်ပွဲမှာတောင် ဒီနိုင်ငံရေးပါတီတွေနဲ့ပြိုင်ဖို့ဆန္ဒ စစ်တပ်မှာမရှိနေဘဲ သူတို့လက်အောက်ကိုပဲ လာစေချင်နေတာဖြစ်ပါတယ်။ နောက်ပြီး စစ်တပ်ကပြဌာန်းလိုက်တဲ့ ဥပဒေသစ်တွေဟာ နိုင်ငံရေးပါတီတွေကို အခက်အခဲတွေဖြစ်အောင်ကန့်သတ်ဖို့ စည်းမျဉ်းချကြိုးပမ်းနေတာဖြစ်တော့ စစ်ကောင်စီပြုလုပ်မယ့်ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတမှုလုံးဝမရှိဘူးဆိုတာ ကျနော်တို့ သိနေပါတယ်။ ဒါကြောင့် သတ်မှတ်ချက်တွေကို မလိုက်နာဘဲ ကိုယ့်ရဲ့မူအတိုင်းရပ်တည်ကြတဲ့ ပါတီတွေကို စစ်ကောင်စီကဖျက်သိမ်းတာပါ။ လက်ရှိအခြေအနေမှာ စစ်ကောင်စီက အရူးမီးဝိုင်းဖြစ်နေတာ သေချာပါတယ်။ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းတာမျိုး၊ လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာ၊ အရင်ထက်ပိုပြီး အဖမ်းအဆီးတွေလုပ်လာတာဟာ အခုဆိုရင် နိုင်ငံရေးအကျဉ်းသားအရေအတွက် ၂၀,ဝဝဝ ကျော်ရှိနေတာ၊ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေက အရင်ကထက် ပိုများလာတဲ့ အခြေအနေတွေကိုကြည့်ရင် စစ်တပ်ဟာ သူတို့ကိုယ်သူတို့ လုံခြုံမှုမရှိဘူးလို့ ခံစားနေရပြီး ပြသနာတွေ အကြီးအကျယ်ရင်ဆိုင်နေရတယ်ဆိုတာကို ကျနော်တို့ မြင်နေရပါတယ်။”

လက်ရှိအခြေအနေမှာတော့ ရွေးကောက်ပွဲကို စစ်ကောင်စီက ဘယ်အချိန်မှာလုပ်မလဲဆိုတာ မသေချာသေးပေမယ့် ဒီအတွက် အချိန်ယူပြီး နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်လို့ သူတို့လိုချင်တဲ့လမ်းကြောင်းအတိုင်း ဖန်တီးနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမြင်နေရတယ်လို့ မြန်မာ့အရေးလေ့လာသုံးသပ်နေသူ ဦးအောင်သူငြိမ်းက ဗွီအိုအေကို ပြောပါတယ်။

“သေချာတာတခုကတော့ ရွေးကောက်ပွဲကတော့ ဘယ်တော့လုပ်မယ်ဆိုတာ မသေချာပါဘူး။ ဒါပေမဲ့လည်း ရွေးကောက်ပွဲ ဘယ်အချိန်မှာလုပ်တယ်ဖြစ်ဖြစ် ထွက်လာတဲ့ရလာဒ် ဘယ်လိုဆိုတဲ့ကိစ္စမျိုးကို အခုချိန်မှာ စစ်ကောင်စီအနေနဲ့ရော၊ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ရော စပြီးတော့ ဆုံးဖြတ်ပေးတယ်လို့ ယူဆနိုင်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာနိုင်ခဲ့တဲ့ပါတီကြီးတွေပေါ့နော်၊ အထူးသဖြင့် NLD မပါတော့ဘူး။ SNLD လိုပါတီမျိုးတွေ မပါတော့ဘူး။ ဆိုတော့ ဒီလိုပုံစံမျိုးဖြစ်သွားပြီ။ နောက်တခါကျတော့ ကျန်တဲ့ တနိုင်ငံလုံးကို ကိုယ်စားပြုသောပါတီကြီးဆိုတာက သိပ်မကျန်တော့ဘူး။ အထူးသဖြင့်တော့ ပြောရမယ်ဆိုလို့ရှိရင် USDP ပေါ့ ပြည်ခိုင်ဖြိုးပါတီတခုပဲကျန်တော့တယ်။ ဆိုတော့ ဘယ်သူနိုင်မလဲဆိုတဲ့ကိစ္စမျိုးက ပြောရဆိုရ ပိုလွယ်သွားပြီပေါ့နော်။”

တဖက်မှာလည်း ရွေးကောက်ပွဲလုပ်ပြီး စစ်ကောင်စီက တရားဝင်အုပ်ချုပ်လို့ရအောင် ကြိုးပမ်းနေတဲ့ ခြေလှမ်းတွေနဲ့ ပတ်သက်တဲ့ သုံးသပ်ချက်တွေနဲ့ ပတ်သက်လို့လည်း ဦးအောင်သူငြိမ်းက အခုလိုပြောပါတယ်။

“နိုင်ငံတကာအကျပ်အတည်းတွေနဲ့ပတ်သက်လို့ လေ့လာရေးအဖွဲ့ပေါ့။ ICG - International Crisis Group က ဘာပြောလဲဆိုတော့ ဒီရွေးကောက်ပွဲက “ဘယ်ကိုမှမရောက်တဲ့လမ်း” လို့ သူတို့က သုံးသပ်ပါတယ်။ နော်...ဆိုလိုတာက ရွေးကောက်ပွဲကျင်းပမယ်ဆိုလို့ရှိရင် ကျနော်တို့ ဘယ်ကိုမှ မရောက်နိုင်ဘူးဆိုတဲ့ဟာမျိုး သူတို့ပြောပါတယ်။ အဲဒီတော့ နိုင်ငံတကာ အစိုးရတွေအနေနဲ့ ဒီရွေးကောက်ပွဲလုပ်လိုက်မယ်ဆိုလို့ရှိရင် မကူညီပါနဲ့၊ မထောက်ခံပါနဲ့လို့လည်း သူတို့ကတိုက်တွန်းထားတယ်။ နော်၊ အဲဒီတော့ သူတို့ အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် နိုင်ငံတကာက ဝိုင်းပြီးတော့ ကူညီလိုက်မယ်၊ ပံ့ပိုးလိုက်မယ်ဆိုလို့ရှိရင် လက်ရှိ စစ်ကောင်စီအစိုးရ တရားဝင်မှုပေါ့နော် - legitimacy ကို စပြီးတော့ တည်ဆောက်သွားနိုင်လိမ့်မယ်လို့ ဒီအဖွဲ့အစည်းရဲ့အစီရင်ခံစာထဲမှာ ရေးထားတာ ဖတ်ရပါတယ်ခင်ဗျ။”

သေချာတာကတော့ စစ်ကောင်စီ ပြင်ဆင်နေတဲ့ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအပြောင်းအလဲအတွက် သွားနိုင်တဲ့ လမ်းကြောင်းမဟုတ်ဘူးလို့ မြင်ကြောင်း ဦးအောင်သူငြိမ်းက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

===========

{{Unicode}}












ဆက်စပ်သတင်းများ ...

XS
SM
MD
LG