သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပါတီဖျက်သိမ်းခံရမှု ကန်ရှုတ်ချဝေဖန်


အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Vedant Patel 
အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Vedant Patel 

{{Zawgyi/Unicode}}

မြန်မာ့အာဏာရပါတီဟောင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖျက်သိမ်းမှုအပေါ် အမေရိကန်၊ ဗြိတိန်၊ ဂျပန်နဲ့ သြစတြေးလျနိုင်ငံတို့က စိုးရိမ်ကြောင်းပြောဆိုထားပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးလုပ်ငန်းစဉ်မှာ သက်ဆိုင်သူတွေ ပိုပြီး ပါဝင်မှုရှိစေဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအပါအဝင် ပါတီပေါင်း ၄၀ ကို မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းလိုက်တာဟာ မတည်ငြိမ်မှုတွေ ပိုပြီးဖြစ်လာစေနိုင်တယ်လို့ အမေရိကန်က ပြောဆိုပြီး အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

NLD အပါအဝင် နိုင်ငံရေး ပါတီ ၄၀ ဖျက်သိမ်းတဲ့ စစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ မြန်မာနိုင်ငံတွင်းက သက်ဆိုင်သူတွေအားလုံး ပါဝင်ခြင်းမရှိတဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး မျှတတယ်လို့ မသတ်မှတ်နိုင်သလို သတ်မှတ်မှာလည်း မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Vedant Patel က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်မှုတွေ ပိုတိုးလာနိုင်ပြီး စစ်ကောင်စီက ရွေးကောက်ပွဲတွေလုပ်ရေး တဖက်သတ်လုပ်နေတာဟာဆိုရင် မတည်ငြိမ်မှုတွေ ပိုပြီး တိုးလာစေနိုင်တယ်လို့လည်း သူက ထပ်လောင်း ပြောပါတယ်။

NLD ပါတီနဲ့ တခြားသောပါတီတွေ ဖျက်သိမ်းမှုဟာဆိုရင် မြန်မာ လူထုရဲ့လွတ်လပ်မှုနဲ့ အခွင့်အရေးကို ထိုးနှက်တိုက်ခိုက်မှုအဖြစ် ဗြိတိန် နိုင်ငံခြားရေးဌာနက ဝေဖန်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လုပ်ခွင့်နယ်ပယ် ကျဉ်းမြောင်းလာတဲ့အပေါ်မှာ အထူးပဲ စိုးရိမ်ကြောင်း သြစတြေးလျနိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာနကလည်း ပြောဆိုလိုက်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်မှာ သက်ဆိုင်သူအားလုံးကို ပါဝင်ခွင့်ပြုဖို့ သင့်ကြောင်း၊ သက်ဆိုင်သူတွေကို ဖယ်ထုတ်ခြင်းဟာဆိုရင် အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေ ထပ်ပြီး ဦးတည်သွားနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

NLD ပါတီကို နိုင်ငံရေးလုပ်ငန်းစဉ်ကနေ ဖယ်ထုတ်မှုဟာ အခြေအနေတွေ တိုးတက်ကောင်းမွန်လာစေရေးအတွက် ပိုပြီး ခက်ခဲသွားစေမယ့် အပေါ်မှာ စိုးရိမ်ကြောင်း ဂျပန် အစိုးရကလည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

=============

{{Unicode}}








XS
SM
MD
LG