သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပါတီဖျက်သိမ်းခံရတဲ့အပေါ် နိုင်ငံတကာ သတိပေး


ယခင်မှတ်တမ်းရုပ်ပုံ | ၂၀၂၀ ရွေးကောက်ပွဲအတွင်း ရန်ကုန်မြို့တွင် အသက် ၆၀ အထက် လူကြီးများ မဲပေးကြသည့် မြင်ကွင်းတချို့။
ယခင်မှတ်တမ်းရုပ်ပုံ | ၂၀၂၀ ရွေးကောက်ပွဲအတွင်း ရန်ကုန်မြို့တွင် အသက် ၆၀ အထက် လူကြီးများ မဲပေးကြသည့် မြင်ကွင်းတချို့။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီပေါင်း ၄၀ ကို စစ်ကောင်စီက ဖျက်သိမ်းလိုက်တဲ့အပေါ် အမေရိကန်၊ ဗြိတိန်၊ သြစတေးလျနဲ့ ဂျပန်နိုင်ငံတို့က အပြစ်တင်လိုက်ပါတယ်။ ပါဝင်သင့်သူအားလုံး မပါဝင်ဘဲ ရွေးကောက်ပွဲကျင်းပရင် လွတ်လပ် မျှတမှုရှိမှာ မဟုတ်သလို မတည်ငြိမ်မှုတွေ ပိုဖြစ်လာလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ဒုတိယပြောခွင့်ရ Vedant Patel က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းပွဲမှာ ခုလို ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပါဝင်သင့်သူအားလုံး မပါဘဲ ဘယ်လိုရွေးကောက်ပွဲပဲ လုပ်လုပ် လွတ်လပ် မျှတတယ်လို့ လက်ခံလို့ရမှာ မဟုတ်ပါဘူး။ စစ်တပ်အုပ်ချုပ်တာကို ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်နေချိန်မှာ စစ်ကောင်စီက ရွေးကောက်ပွဲကို တဖက်သတ် အတင်းကျင်းပရင် မတည်ငြိမ်မှုတွေလာ ပိုဖြစ်လာဖို့များပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ဒုတိယပြောခွင့်ရက ပြောကြားခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှန်ပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီစနစ် ထူထောင်နိုင်ရေး ကြိုးစားနေကြသူအားလုံးကို အမေရိကန်က ဆက်လက်ထောက်ခံသွားမယ်လို့လည်း ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

ဗြိတိန်၊ သြစတေးလျနဲ့ ဂျပန်နိုင်ငံတို့ကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်ရှိလာအောင် အားလုံးပါဝင်တဲ့ လုပ်ငန်းစဉ်တွေ ပိုလုပ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။ နောက်ဆုံးရက်အထိ မှတ်ပုံတင်ခြင်းမရှိတဲ့ NLD, ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အပါအဝင် နိုင်ငံရေးပါတီပေါင်း ၄၀ ဟာ အလိုအလျောက် ပျက်ပြယ်သွားပြီလို့ မတ်လ ၂၈ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ အရင်ရှိခဲ့တဲ့ နိုင်ငံရေးပါတီ ၉၀ ထဲက ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၅၀ က ဆက်လက်တည်ထောင်ခွင့် မှတ်ပုံတင်လျှောက်ခဲ့ပြီး ပါတီတည်ထောင်ခွင့် လျှောက်ခဲ့တဲ့ ပါတီသစ် ၁၃ ပါတီရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG