သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းဖွင့်ဖို့ စီစဉ်နေချိန် မိဘတွေ စိတ်အေးရဖို့ ဘာတွေပြင်ဆင်နေသလဲ


ပြီးခဲ့တဲ့ မတ်လအတွင်း စစ်ဆေးခဲ့တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေပြီး ပြန်လာတဲ့ ကျောင်းသူတချို့။ (မတ် ၁၈၊ ၂၀၂၀)
ပြီးခဲ့တဲ့ မတ်လအတွင်း စစ်ဆေးခဲ့တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေပြီး ပြန်လာတဲ့ ကျောင်းသူတချို့။ (မတ် ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

ဇူလိုင်လဆန်းမှာ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်တဲ့အခါ ကျောင်းသားမိဘတွေ အနေနဲ့ ကိုယ့်ကလေးတွေကို စိတ်ချလက်ချ ကျောင်းပို့နိုင်ဖို့ အစိုးရက အာမခံချက် ပေးနိုင်ပါရဲ့လားဆိုတာ ကိုစည်သူက စုစည်း တင်ပြထားပါတယ်။

ပုံမှန်အားဖြင့် ဇွန်လဆန်းမှာ ကျောင်းတွေပြန်ဖွင့်လေ့ ရှိပေမယ့်လည်း COVID-19 အန္တရာယ်ကြောင့် ဇူလိုင်လဆန်းမှာမှ အထက်တန်းကျောင်းသားတွေနဲ့ စတင်ဖွင့်လှစ်နိုင်ဖို့ လိုအပ်တာတွေကို ပြင်ဆင်နေပြီဆိုတာ ပညာရေးဌာန တာဝန်ရှိသူတွေကရော သမ္မတရုံးကပါ ပြောထားတာပါ။

ဒါပေမယ့်လည်း ကပ်ရောဂါအန္တရာယ် ကင်းပါ့မယ်ဆိုတဲ့ အာမခံချက်မျိုး အပြည့်အဝ ပေးဖို့တော့ မဖြစ်နိုင်ဘူးလို့ ဒီကနေ့လုပ်တဲ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောသွားတာပါ။

“Faceshield တွေ Mask တွေပေးဖို့ ပညာရေးက ပြင်ဆင်ထားတယ်။ သို့သော် ၁၀၀ ရာခိုင်နှုန်း အာမခံချက်ပေးဖို့ ဆိုတာကတော့ ဒီအနေအထားက ခက်ပါလိမ့်မယ်။ ရာနှုန်းပြည့် အာမခံချက်ကတော့ ဘယ်အနေအထားမှာဖြစ်ဖြစ် မလွယ်ပါဘူး။ အကောင်းဆုံးကတော့ မဖြစ်အောင်ပေါ့နော် ကြိုတင်ပြင်ဆင်မယ်၊ အခု အချိန်လည်း အများကြီးရပါတယ်။ ဒီအပေါ်မှာလည်း ပြန်ပြီးတော့ သုံးသပ်မှာ ဖြစ်ပါတယ်။”

ကိုဗစ်ကာလ ကျောင်းပြန်တက်ရေး ရောဂါပိုး ပပျောက်ချိန်ထိ စောင့်လို့မဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောထားပါတယ်။ ဒေသအလိုက် ဦးစားပေးအဆင့်နဲ့ အထက်တန်းကစ ကျောင်းတွေပြန်ဖွင့်နိုင်ရေး သက်ဆိုင်ရာ ကျောင်းတခုချင်းအလိုက် လိုအပ်ချက်တွေကို ဆရာနဲ့ မိဘတွေ ကြိုတင်ဆွေးနွေးထားဖို့ ဦးဇော်ဌေးက တိုက်တွန်း ပြောဆိုပါတယ်။

“အာမခံချက်ဆိုတာ ကျနော်တို့က ပညာရေးကိုလည်း ပြောထားပါတယ်။ ကျောင်းတွေမှာ မိဘဆရာအသင်းဆိုတာ ရှိတယ်။ ကျောင်းသားမိဘတွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေနဲ့ ဒီကျောင်းမှာတော့ ဒီလိုပြင်ဆင်ထားတယ်၊ ကျောင်းသားတွေက ကျောင်းတက်ရင် ဒီလိုတော့ တက်ရမယ်၊ ကျောင်းအကျိုးတော်ဆောင် အသင်းတွေ ဆွေးနွေးပါ၊ ပြီးမှ မိဘတွေက စိုးရိမ်တဲ့ အချက်တွေက ဒီအချက်တွေ၊ ဒါတွေကို ပြေလည်အောင် ဘယ်လိုလုပ်မလဲဆိုတာ သူတို့အချင်းချင်း ညှိနှိုင်းပြီး ဆောင်ရွက်ရပါမယ်။ သူတို့ကိုယ်တိုင်လည်း စိုးရိမ်မှုတွေ ပပျောက်နိုင်မယ် ဆိုလို့ရှိရင် ဇူလိုင်လ ကျောင်းဖွင့်ဖို့ အချိန်မီ ဆောင်ရွက်နိုင်ပါမယ်။”

အခြေခံပညာကျောင်းတွေ ပြန်ဖွင့်နိုင်ရေး အစိုးရက ပြင်ဆင်နေတာမှာ ဒေသအလိုက် ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေ၊ ကျန်းမာရေးက ချမှတ်ထားတဲ့ စည်းကမ်းနဲ့အညီ စာသင်ခန်းတွေ ပြင်ဆင်ထားမှုနဲ့ ကျောင်းသား ကျောင်းသူတွေ ကျောင်းပရိဝုဏ်အတွင်း ခပ်ခွာခွာနေထိုင်ရေး ဦးစားပေးထားတဲ့ အစီအစဉ်တွေကို သုံးသပ်ပြီး ဒေသအလိုက် ဦးစားပေးအဆင့်နဲ့ ကျောင်းပြန်ဖွင့်ရေး စဉ်းစားနေတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒါ့အပြင် ဆင်းရဲသား လက်လုပ်လက်စား မိသားစုတွေအတွက် အစိုးရရဲ့ ဒုတိယအကြိမ် ထောက်ပံ့ကြေး ပေးနိုင်ဖို့ စာရင်းကောက်ယူပြီးစီးပြီလို့ ဒီသတင်းစာရှင်းလင်းပွဲ အတွင်းမှာပဲ ဦးဇော်ဌေးက ပြောသွားပါတယ်။ ပထမတခေါက်မှာ စီမံခန့်ခွဲမှု အမှားတွေကြောင့် စာရင်းမပါခဲ့သူတွေကို ဦးစားပေး ထောက်ပံ့သွားမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

“အောက်ခြေမှာ လူထုနဲ့ ရပ်မိရပ်ဖတွေ ပူးပေါင်းဆောင်ရွက်မှု ကောင်းခြင်း မကောင်းခြင်းပေါ်မှာ မူတည်ပြီးတော့ စိတ်ရင်းမှန်ကန်ခြင်း မမှန်ကန်ခြင်းတွေ ဖြစ်နေတယ်။ အဲဒီတုန်းကတော့ အချိန်နီးကပ်တဲ့အတွက် ပိတ်ရက်ကာလမှာ လူထုဆီ ရိက္ခာငါးမျိုး မရောက်ရောက်အောင်ပေါ့နော်၊ မြန်မြန်ဆန်ဆန် လုပ်လိုက်ရတဲ့ အနေအထားရှိတယ်။ အခုတော့ ကျနော်တို့ အချိန်ရတယ်။ အချိန်ရတော့ စနစ်တကျ စစ်တမ်းတွေကောက်တယ်၊ ပုံစံတွေဖြည့်တယ်၊ ဒီပုံစံတွေအပေါ်မှာ မူတည်ပြီးတော့ သူသည် အခြေခံလူတန်းစား ဟုတ်မဟုတ် ဆိုတာ အကဲဖြတ်နိုင်တယ်။ Complain တွေ နိုင်ငံအနှံ့မှာ ရှိပါတယ်။ ရှိလို့လည်း ကျန်ခဲ့တဲ့သူတွေကို ဦးစားပေးထောက်ပံ့ဖို့ ကျနော်တို့ ဆောင်ရွက်နေပါတယ်။”

ပထမအကြိမ် ထောက်ပံ့ရေး အစီအစဉ်မှာ ဆန် ဆီ ရိက္ခာတွေကို အိမ်ထောင်စု ၄ သန်းနီးပါးအတွက် ထောက်ပံ့ခဲ့ပြီး အခုတော့ နိုင်ငံအနှံ့ အခြေခံလူတန်းစား မိသားစု ၅ သန်းနီးပါးကို ငွေကြေးထောက်ပံ့နိုင်ဖို့ အစိုးရက စီစဉ်နေတာပါ။ ဒါ့အပြင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ စစ်ဘေးရှောင်စခန်းတွေက အမျိုးသမီး၊ ကလေးငယ်တွေနဲ့ အသက် ၈၅ နှစ်အထက် သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းတွေကိုလည်း ထောက်ပံ့ကူညီနေတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)












XS
SM
MD
LG