သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲ စည်းကမ်းသတ်မှတ်ချက်များ


၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲ စကားစစ်ထိုးပွဲအတွင်းတွေ့ရတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် (ဝဲ) နဲ့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် (ယာ) (စက်တင်ဘာ ၂၉၊ ၂၀၂၀)
၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲ စကားစစ်ထိုးပွဲအတွင်းတွေ့ရတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် (ဝဲ) နဲ့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် (ယာ) (စက်တင်ဘာ ၂၉၊ ၂၀၂၀)

သမ္မတဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်တို့ ဒီကနေ့ ဇွန်လ ၂၇ ညမှာ ကျင်းပမယ့် စကားစစ်ထိုးပွဲမှာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကာလက ကျင်းပခဲ့တဲ့ စကားစစ်ထိုးပွဲမှာလို ကသောင်းကနင်း မဖြစ်ရအောင် စည်းကမ်းအသစ်တွေ ချထားပါတယ်။ တယောက်ပြောမပြီးခင် တယောက်က ကြားဖြတ် ဝင်ပြောတာ၊ နှောက်ယှက်တာမျိုးတွေ မဖြစ်အောင် တယောက်ပြောနေတဲ့အချိန် တခြားတယောက်ရဲ့ မိုက်ကရိုဖုန်းကို ပိတ်ထားမှာ ဖြစ်ပါတယ်။

ပြင်ပက ပရိတ်သတ်တွေရဲ့ ကြားဝင်စွက်ဖက် အော်ဟစ်တာမျိုးတွေ မရှိအောင်လည်း စကားစစ်ထိုးပွဲမှာ ပရိတ်သတ်တွေ ပါဝင်တက်ရောက်ခွင့် ပေးမထားပါဘူး။ မိနစ် ၉၀ ကြာ စကားစစ်ထိုးပွဲမှာ ကြော်ငြာတွေ ထိုးမယ့် အားလပ်ချိန် နှစ်ချိန်ရှိပြီး၊ အဲဒီ အားလပ်ချိန်တွေမှာ သက်ဆိုင်ရာ မဲဆွယ်စည်းရုံးမှူးတွေက သမ္မတဘိုင်ဒန်ကိုဖြစ်စေ၊ ထရမ့်ကို ဖြစ်စေ သွားရောက် ဆွေးနွေး အကြံပေးခွင့် မရှိပါဘူး။ စကားစစ်ထိုးပွဲကို မေးခွန်းနဲ့ စမှာဖြစ်ပြီး အဖွင့်မိန့်ခွန်း ပြောကြားခွင့်ပြုမှာ မဟုတ်ဘဲ၊ ပြီးဆုံးချိန်ကြမှ နိဂုံးချုပ် ၂ မိနစ်ဆီ ပြောခွင့်ရပါလိမ့်မယ်။

မေးခွန်းတခုချင်းဆီကို ၂ မိနစ်ဆီ ဖြေကြားခွင့်ရှိပြီး၊ ပြန်လည်ချေပချင်တယ်ဆိုရင် တမိနစ် ထပ်ခွင့်ပြုထားပါတယ်။ မေးခွန်းမေးပြီး ကြားဝင် ကမကထလုပ် ဖြန်ဖြေမယ့် Moderator တွေရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး အချိန်အတိုးအလျော့ ရှိမှာဖြစ်သလို စကားပြောချိန် ပြည့်သွားရင် လက်နဲ့ အချက်ပေးတာ၊ မီးနီပြတာ မျိုးတွေနဲ့ သတိပေးမှာ ဖြစ်ပါတယ်။

သမ္မတဘိုင်ဒန်ရဲ့ မဲဆွယ်စည်းရုံးရေးမှူးတွေက သန္ဓေသားဖျက်ချခွင့်၊ တိုင်းပြည်ရဲ့ ဒီမိုကရေစီ အခြေအနေနဲ့ စီးပွားရေးအခြေအနေတွေကို ဆွေးနွေး ငြင်းခုံလိုတဲ့အကြောင်း အမေရိကန် သတင်းတွေမှာ ဖေါ်ပြပါတယ်။ သမ္မတဟောင်းထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးမှုးတွေကတော့ ငွေကြေးဖေါင်းပွမှု၊ အများပြည်သူ့ လုံခြုံရေး၊ နယ်စပ်လုံခြုံရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေကို ဆွေးနွေးငြင်းခုံလိုတဲ့အကြောင်း ပြောဆိုထားပါတယ်။

မနက်ဖြန် (ဇွန် ၂၈ ရက်) မြန်မာစံတော်ချိန် မနက် ၇နာရီခွဲမှာစတင်မယ့် သမ္မတလောင်း ၂ ဦးရဲ့ စကားစစ်ထိုးပွဲကို ဗွီအိုအေမြန်မာပိုင်းဌာနရဲ့ အင်တာနက်စာမျက်နှာ အချိန်နဲ့တပြေးညီ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG