သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၀ တန်း အောင်မြင်သူ လူငယ်အကျဉ်းသား ၉ ဦး သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ပေး


သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မန္တလေးထောင်က ပြန်မလွတ်ခင် ကျောင်းသားတွေကို တာဝန်ရှိသူတွေ တွေ့ဆုံစဉ်။ ဓာတ်ပုံ- ထောင်ပိုင်ကြီး ဦးချိုဝင်းထွန်း
သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မန္တလေးထောင်က ပြန်မလွတ်ခင် ကျောင်းသားတွေကို တာဝန်ရှိသူတွေ တွေ့ဆုံစဉ်။ ဓာတ်ပုံ- ထောင်ပိုင်ကြီး ဦးချိုဝင်းထွန်း

မန္တလေးနဲ့ အင်းစိန် အကျဉ်းထောင်တွေမှာ အကျဉ်းကျနေကြရာက ၁၀ တန်း စာမေးပွဲတွေကို အောင်မြင်အောင် ဖြေနိုင်ခဲ့ကြတဲ့ အကျဉ်းသား ကျောင်းသား ကျောင်းသူ ၇ ဦးကို သမ္မတ ဦးထင်ကျော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သြဂုတ်လ ၇ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပါပြီ။ မန္တလေး အကျဉ်းထောင်က ပြန်လွတ်လာတဲ့ ကျောင်သား ၅ ဦးမှာ ၃ ဘာသာဂုဏ်ထူးရှင် တဦး၊ (၁) ဘာသာ ဂုဏ်ထူးရှင် (၄)ဦးနဲ့ ရိုးရိုးအောင်သူ ၂ ဦးတို့ ပါဝင်ကြောင်း ထောင်ပိုင်ကြီး ဦးချိုဝင်းထွန်း က VOA ကိုပြောပါတယ်။ အခုလို ကျောင်းသားတွေကို စာသင်ပေးဖြစ်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး VOA ဝိုင်းတော်သာ ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းတဲ့ အခါ ထောင်ပိုင်ကြီး ဦးချိုဝင်းထွန်းက အခုလို စပြောပါတယ်။

ထောင်ပိုင်ကြီး ဦးချိုဝင်းထွန်း။ ။ သူတို့က ထောင်ထဲရောက်လာတော့ ကလေးတွေက ၁၀ တန်း တပိုင်းတစပေါ့ဗျာ။ ပညာသင်ယူတာ တပိုင်းတစ ဖြစ်နေတာပေါ့။ အဲတော့ ကျနော်က သူတို့ကို ၁၀ တန်း ပြန်ဖြေလို့ရအောင် ဖေါင်တင်တာပေါ့ အပြင်မှာ။ ပြင်ပဖြေ သဘောမျိုးနဲ့ ဖေါင်တင်ခဲ့ပါတယ် ခင်ဗျ။ ဖေါင်တင်ခဲ့ပြီးတော့ ကလေးတွေကို အထဲမှာ အကျဉ်းသား ဆရာ၊ ဆရာမတွေနဲ့ ဒါ ကျနော် အနီးကပ် သင်ပါတယ်။ အကျဉ်းသား ဆရာဆရာမတွေနဲ့။ သင်ပြီးတော့ ပညာရေးဝန်ကြီးဌာနကို သွားရောက် ညှိနှိုင်းတာပေါ့။ သွားရောက် ညှိနှိုင်းတော့ အောင်မြေသာဇံမြို့နယ်က မြို့နယ်ပညာရေးမှုးရဲ့စီစဉ်ပေးချက်အရ အပြင်က အထက်တန်းပြ ဆရာ၊ ဆရာမတွေက ကျနော့်ထောင်မှာ ဒီကလေးတွေကို နေ့စဉ်လာရောက် သင်ကြားပေးပါတယ်ဗျ။

နေ့စဉ် လာရောက်သင်ကြားပေးပြီးတော့ ကျနော့ရဲ့မူလ အကျဉ်းသား ဆရာဆရာမတွေက ပြန်ပြီးတော့ အနီးကပ် ဂိုက် ပြန်လုပ်ပေးပါတယ်ဗျ။ ပြန်လုပ်ပေးပြီးတော့ ညဆိုလို့ရှိရင်လည်း အဲဒီ အကျဉ်းသား ဆရာဆရာမတွေနဲ့ပဲ အတူတူ နေပြီးတော့ ညတိုင်းလည်း အနီးကပ်ဂိုက်လုပ်၊ နောက်တခါ ပညာရေးဝန်ကြီးဌာနနဲ့ ဆက်သွယ်ပြီးတော့ ကျနော့်ထောင်မှာပဲ စာစစ်ဌာနရအောင် ကလေးတွေ အပြင်ထွက်ပြီးတော့ ဖြေရင် အခက်အခဲ ဖြစ်မှာစိုးလို့ ကျနော့ထောင်မှာပဲ စာစစ်ဌာနရအောင် လျှောက်ထားခဲ့ပါတယ်။ လျှောက်ထားခဲ့တော့လည်း ပညာရေးဌာန ခွင့်ပြုချက်နဲ့ ကျနော့်ထောင်မှာ စာစစ်ဌာနဖွင့်ပြီးတော့ စာမေးပွဲ ဖြေခဲ့ပါတယ်ဗျ။ ဒါကြောင့်မို့လို့လည်း ပညာရေးဝန်ကြီးဌာနရဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့် အခုလို အောင်မြင်တယ်လို့ ဒီလို ခေါ်ရမှာပါခင်ဗျ။

ကိုဇော်ဝင်းလှိုင် ။ ။ ဟုတ်ကဲ့ခင်ဗျ။ ကျနော်တို့ သိရသလောက်ဆို သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အထဲမှာတော့ မန္တလေးထောင်၊ ထောင်ပိုင်ကြီးတို့ထောင်ကနေ လွတ်လာတာ ကျောင်းသား ၅ ယောက်ပေါ့နော်။ ဆိုတော့ စာမေးပွဲဖြေတုန်းက ဘယ်နှစ်ယောက် ဖြေခဲ့တာပါလည်းခင်ဗျ။ စုစုပေါင်း။

ထောင်ပိုင်ကြီး ဦးချိုဝင်းထွန်း။ ။ စာမေးပွဲ ဖြေတုန်းက ကျနော့ထောင်က ၁၁ ယောက် ဝင်ဖြေပါတယ်ခင်ဗျ။ ၁၁ ယောက် ဝင်ဖြေပြီးတော့မှ အောင်တာကတော့ ကျနော့်ထောင်မှာ ၇ ယောက် အောင်ပါတယ်။ ၇ ယောက်အောင်ပြီးတော့ ၄ ယောက် ကျပါတယ်ခင်ဗျာ။

ကိုဇော်ဝင်းလှိုင် ။ ။ ကြေးနန်းစာ ဘယ်နေ့မှာရတာလဲ။ သူတို့ကို ဘယ်နေ့မှာ လွှတ်ပေးလိုက်တာလဲ ခင်ဗျ။

ထောင်ပိုင်ကြီး ဦးချိုဝင်းထွန်း။ ။ ကျနော်တို့ ၇ ရက်နေ့မနက်မှာပါခင်ဗျ။ ၇ ရက်နေ့မနက်မှာ ရတယ်။ ရပြီးတော့ ကျနော်တို့က ၇ ရက်နေ့ မနက်မှာ ရပြီးတာနဲ့ ကျနော့်ရဲ့ရုံးလုပ်ငန်း လုပ်ထုံးလုပ်နည်း အတိုင်း လုပ်တာပေါ့ဗျာနော်။ လုပ်ပြီးတော့ ကျနော်တို့ဌာနရဲ့ အကြီးအကဲရဲ့ ကိုယ်စား ကျနော်တို့ တိုင်းဒေသကြီးရဲ့ညွှန်ကြားရေးမှုး၊ နောက်တခါ ကျနော်တို့ မန္တလေးရဲ့ ခရိုင် အုပ်ချုပ်ရေးမှုးတို့ ဒါတွေနဲ့ ကျနော်တို့က ကလေးတွေကို ဆုံးမစကား ပြောကြားပါတယ်ဗျ။ လိမ်လိမ်မာမာနေဖို့။ နိုင်ငံတော်က ဒီလိုလုပ်ပေးတယ် ဆိုတဲ့ အကြောင်းတွေပေါ့။ ရှေ့ဆက် ပညာသင်ကြားဖို့ အနေအထားတွေကို ဆုံးမစကားပြောကြား ပြီးတဲ့နောက် မနက် ၉ နာရီမှာ သူတို့ မိဘတွေကို ကျနော်တို့က ဖုန်းနဲ့ အကြောင်းကြားပြီးတော့ မိဘတွေကို ထောင်ကိုခေါ်တယ်။ ခေါ်ပြီးတော့ မိဘတွေလက်ထဲကို ပြန်အပ်လိုက်ပါတယ်ဗျ။

ကိုဇော်ဝင်းလှိုင် ။ ။ အော်ဟုတ်ကဲ့။ ၇ ရက်နေ့မှာပဲ ပြန်လွှတ်ပေးလိုက်တာပေါ့နော်။

ထောင်ပိုင်ကြီး ဦးချိုဝင်းထွန်း။ ။ အော် ဟုတ်ပါတယ်ခင်ဗျာ။ ဟုတ်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ သမ္မတရုံးက လာတဲ့ ညွှန်ကြားချက်ထဲမှာ ဘယ်လိုပုံစံများ ရေးထားပါသလဲ။

ထောင်ပိုင်ကြီး ဦးချိုဝင်းထွန်း။ ။ အဲဒါက ကလေးတွေရဲ့ပြစ်ဒဏ်ကျတဲ့ ကျောင်းသား၊ ကျောင်းသူတွေက ဒီ စာမေးပွဲကို ထူးချွန်စွာနဲ့ အောင်မြင်ခဲ့တာရယ်၊ နောက်တခါ ဟုတ်လား၊ သူတို့ရဲ့ လူမှုရေး အရ ငဲ့ညှာတာရယ်၊ နောက်တချက်ကတော့ ပြင်ပမှာ အဆင့်မြင့် ပညာတွေကို သင်ကြားနိုင်ရေးအတွက် ရည်ရွယ်ပြီးတော့ နိုင်ငံတော် သမ္မတကြီးကနေ အခုလို လွတ်ငြိမ်းချမ်းသာ ပေးလိုက်ခြင်း ဖြစ်ပါတယ်ဗျ။

ကိုဇော်ဝင်းလှိုင် ။ ။ ထောင်ပိုင်ကြီး သူတို့ အခုလိုမျိုး ကူညီ တာက ထောင်ပိုင်ကြီးကိုယ်တိုင်က သားသမီး ရှိလို့ ကိုယ်ချင်းစာပြီး ကူညီတာလား။ ဘယ်လိုမျိုးများ စိတ်ကူးရသွားတာလဲ ထောင်ပိုင်ကြီး။

ထောင်ပိုင်ကြီး ဦးချိုဝင်းထွန်း။ ။ ဒီလိုပါခင်ဗျ။ ကျနော်တို့ရဲ့ ဌာနရဲ့အကြီးအကဲ ညွှန်ကြားရေးမှုးချုပ်က လည်း ဒီပညာသင်ပေးရမယ့် ပညာ တပိုင်းတစနဲ့ ရောက်လာတဲ့ လူငယ် အကျဉ်းသားလေးတွေကို အပြင်မှာ ဆက်ပြီးတော့ ပညာဆက်သင်နိုင်အောင် ဆောင်ရွက်ရမယ်ဆိုတဲ့ ညွှန်ကြားချက်လည်း ရှိပါတယ်ခင်ဗျ။ ရှိလို့လည်း ကျနော့်ထောင်မှာ ၅ တန်းကနေ စပြီးတော့ ၁၀ တန်းအထိ ဒါ ပညာသင်ကျောင်းပေါ့ဗျာ ဖွင့်ပြီးတော့ အကျဉ်းသား ဆရာတွေနဲ့ သင်ခဲ့ပါတယ်။ နောက် ကျနော့်မှာလည်း သားသမီးလည်း ရှိပါတယ်။ ရှိတော့ သူတို့ကို ဒီ ၁၀ တန်း ကလေးတွေ ဆိုလို့ရှိရင် ကလေးတွေကလည်း ယဉ်ယဉ်ကျေးကျေး လိမ်လိမ်မာမာလေးတွေ ပါခင်ဗျ။ လူငယ်လေးတွေ။ ဒါကြောင့်မို့လို့လည်း ကိုယ့်သားသမီးတွေလို ဟုတ်လား သဘောထားပြီးတော့ ကျနော့် အရာရှိတွေနဲ့ ပူးပေါင်းပြီးတော့ ဒီကလေးတွေကို စာမေးပွဲ ဖြေနိုင်ဖို့အတွက် ကြပ်မတ် ဆောင်ရွက်ခဲ့တာပါခင်ဗျ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG