သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ ဒုရဲမှူးနဲ့ မိသားစု တွေ့ခွင့်ရဖို့ ကြိုးပမ်းနေ


ဒုရဲမှူး မိုးရန်နိုင် အားရုံးထုတ်လာစဉ် (ဧပြီ ၂၀-၂၀၁၈)
ဒုရဲမှူး မိုးရန်နိုင် အားရုံးထုတ်လာစဉ် (ဧပြီ ၂၀-၂၀၁၈)

Reuters သတင်းထောက် နှစ်ဦး အမှုနဲ့ပတ်သက်လို့ စတင်ထိမ်းသိမ်းခံရပြီးချိန် လေးလကြာမြင့်တဲ့ အချိန်ထိ ဒုရဲမှူး မိုးရန်နိုင် ကို မိသားစုနဲ့ တွေ့ခွင့်မပေးသေးတဲ့အတွက် တွေ့ခွင့်ပေးဖို့ ဧပြီလ (၆)ရက်နေ့ကတည်းက သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကို မိသားစုက မေတ္တာရပ်ခံပေမယ့် အခုချိန်ထိ တစုံတရာ တုန့်ပြန်မှု မရသေးဘူးလို့ ညီဖြစ်သူ ကိုရဲဝင့်နိုင် ဗွီအိုအေကိုပြောပါတယ်။ ဒါ့အပြင် အမှုနဲ့ ပတ်သက်လို့လည်း ဧပြီလ ၂၀ ရက်နေ့က တရားရုံးမှာ အကိုဖြစ်သူ ကိုယ်တိုင် ထွက်ဆိုတဲ့အခါမှ သိခဲ့ရပြီး မတရားဖမ်းဆီးထိမ်းသိမ်းခံခဲ့ရတယ်လို့ မြင်ကြောင်းနဲ့ မှန်မှန်ကန်ကန် ဥပဒေအရ စီရင်မယ်ဆိုရင် အကိုဖြစ်သူမှာ အပြစ်တစုံတရာ ကျူးလွန်မှုမရှိဘူးလို့ မြင်ကြောင်း ကိုရဲဝင့်နိုင်က ပြောပါတယ်။

အကိုဖြစ်သူဟာ အရင်ကတည်းက အမှန်တရားကိုပဲ ယုံကြည်သူဖြစ်တဲ့အတွက် တရားရုံးမှာ ဒုရဲမှူး မိုးရန်နိုင်ရဲ့ ထွက်ဆိုချက်တွေဟာလည်း ဖြစ်ရပ်မှန်တွေပဲလို့ မိသားစုတွေယုံကြည်ကြောင်း သူကဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အရပ်သားအစိုးရလက်ထက်မှာ တရားဥပဒေစိုးမိုးရေးအားကောင်းလာမယ်လို့ ယုံကြည်ချက်နဲ့ အကိုဖြစ်သူနဲ့ တွေ့ခွင့်ရဖို့၊ အကိုဖြစ်သူ မတရား ထိန်းသိမ်းခံထားရတာကနေ လွတ်မြောက်လာဖို့ မျှော်လင့်နေတယ်လို့ ကိုရဲဝင့်နိုင်က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။

ကိုရဲဝင့်နိုင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို စပြောပါတယ်။

ကိုရဲဝင့်နိုင်။ ။ ကျနော်တို့ ပြီးခဲ့တဲ့ ဧပြီလ ၆ရက်နေ့ကတည်းက နိုင်ငံတော်သမ္မတတို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ လူ့အခွင့်အရေးတို့ အဂတိလိုက်စားမှုတို့ အစရှိသဖြင့် အကူညီတောင်းခံထားတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့အစ်ကို စပြီး ဖမ်းဆီးခံရကတည်းက မိသားစုနဲ့ အဆက်အသွယ် မရတဲ့အတွက်လေ။

မအင်ကြင်းနိုင်။ ။ ဧပြီခြောက်ရက်နေ့ကတည်းကဆိုတော့ သမ္မတဘက်ကရော တရားဝင် မိသားစုကို တုန့်ပြန်လာပြီလားရှင့်။

ကိုရဲဝင့်နိုင်။ ။ မိသားစုကို တရားဝင်ပြန်လည်တုန့်ပြန်လာတာ မရှိသေးဘူးခင်ဗျ ကျနော်တို့ ခြောက်ရက်နေ့ကတည်းက အကူအညီတောင်းခံထားတာကိုလေ။ ကျနော်တို့ နားလည်သလောက်ကတော့ ဒီလောက် ရက်အကြာကြီးအထိကို မိသားစုနဲ့ တကြိမ်တခါမှ တွေ့ဆုံခွင့်မရတဲ့ အတွက် ဘာမှမသိတဲ့အတွက် ဒါကြီးကိုတော့ မတရားမှုကြီးပဲပေါ့နော်။ လူ့အခွင့်အရေးချိုးဖောက်ခံရတယ်လို့ ယုံကြည်တယ် ထင်တဲ့အတွက် ကျနော်တို့က တိုင်လိုက်တာပါခင်ဗျ။

မအင်ကြင်းနိုင်။ ။ ဒီအနေအထားအရဆိုရင် ဒုရဲမှူး မိုးရန်နိုင်ဘက်ကနေပြီးတော့ ရှေ့နေ ရှေ့ရပ်တွေ ဌားခွင့်ရှိမရှိပေါ့လေ ဒါတွေကိုရော စဉ်းစားပြီလားရှင့်။

ကိုရဲဝင့်နိုင်။ ။လောလောဆယ်တော့ ကျနော်တို့က အဲ့ဒီ့အခြေအနေအထိကို မစဉ်းစားရသေးဘူးခင်ဗျ။ ကျနော့်အစ်ကိုအတွက်ကလည်း ဘာမှ အဖြေက သဲသဲကွဲကွဲ မထွက်သေးတော့လေ။

မအင်ကြင်းနိုင်။ ။ ဒုရဲမှူးမိုးရန်နိုင်ကို အခု သူတို့အာဏာပိုင်တွေက ဘယ်လိုအရေးယူတာတွေ လုပ်ထားသေးလဲရှင့်။

ကိုရဲဝင့်နိုင်။ ။ ကျနော်တို့ အစ်ကိုနဲ့ပတ်သက်လို့ ဘာမှကို မသိတာဗျ။ သူတို့က အကြောင်းကြားခြင်းလည်း မရှိတော့လေ။ မိသားစုကိုလည်း အသိပေးထားတာ ဘာပုဒ်မနဲ့ အရေးယူထားတယ်တို့ ဘယ်မှာထိန်းသိမ်းထားတယ်တို့ ဘယ်သူတွေ့ခွင့်ရမယ်တို့ ဒါတွေကအစ ကျနော်တို့က ဘာမှကို မသိရတာဗျ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့အစ်ကိုနဲ့တော့ အနည်းဆုံးတွေ့ခွင့်ရချင်တယ်ဗျ။

မအင်ကြင်းနိုင်။ ။ ဒီ Reuters တွေရဲ့ အမှုနဲ့ပတ်သက်ပြီးတော့ သူ့ကို အခုလိုဖမ်းဆီးထားတဲ့အပေါ်မှာရော မိသားစုတွေက ဘယ်လိုအမြင်တွေရှိပါသလဲ။

ကိုရဲဝင့်နိုင်။ ။ အခုသူကလည်း ထွက်ဆိုသွားပြီလေ ဒီသတင်းထောက်တွေကို သတင်းပေးတာက ဒုတပ်ကြပ် နိုင်လင်းပေါ့နော်။ သတင်းထောက်တွေကို သွားတွေ့တာ သူလည်း မဟုတ်ဘူး။ အဲ့အချိန် သတင်းထောက်တွေ အဖမ်းမခံရခင်ကတည်းက သူအပါအဝင် ငါးယောက်က ကြိုပြီးတော့ အထိန်းသိမ်းခံနေရပြီခင်ဗျ။ အဲ့ဒီ့လို သူကိုယ်တိုင် ကြိုပြီးတော့ အထိန်းသိမ်းခံနေရတာဖြစ်တဲ့အတွက် ဖမ်းဆီးခံနေရတဲ့သူက သတင်းထောက်တွေကိုသွားပြီး သတင်းပေးတယ်ဆိုတာကတော့ မဖြစ်နိုင်တော့ဘူးဆိုတာတော့ သေချာပြီပေါ့နော်။

မအင်ကြင်းနိုင်။ ။ ဒုရဲမှုူးမိုးရန်နိုင်ရဲ့ မိသားစုကိုလည်း အခုနေတဲ့ဒီလိုင်းခန်းကနေ ချက်ခြင်းပြောင်းခိုင်းတော့ အခု ဘယ်မှာ ပြန်ပြီးတော့ နေရာချထားပေးမယ်ဆိုတာမျိုးရော စီစဉ်ထားလားရှင့်။

ကိုရဲဝင့်နိုင်။ ။ ဘာမှ မပြောဘူးခင်ဗျ အဲ့ဒီ့အတွက်ကတော့။

မအင်ကြင်းနိုင်။ ။ အဲ့တော့ အခု သူတို့လိုင်းခန်းကနေ ပြောင်းဖို့ပေါ့နော် အဲ့တာ ဘယ်တုန်းကတည်းက အဲ့ဒီ့အခြေအနေက ဖြစ်နေတာလဲရှင့်။

ကိုရဲဝင့်နိုင်။ ။ ကျနော်တို့အစ်ကို ရာထူးတိုးနဲ့ ရန်ကုန်ကို ပြောင်းကတည်းက ပုံမှန်ကတော့ ဝန်ထမ်းတယောက်က ရာထူးတိုး ပုံမှန် တာဝန်ကျတဲ့နေရာကို လိုက် ပြောင်းရမှာက ဒါထုံးစံပေါ့နော်။ ဒါပေမဲ့ ကလေးတွေကလည်း ကျောင်းရှိတဲ့အခါကျတော့ မိသားစုက ဒီမှာပဲ နားလည်မှုနဲ့နေတယ်။ ဌာနကလည်း နားလည်မှုနဲ့ ဘာမှ မပြောဘူးပေါ့နော်။ အထိန်းသိမ်းခံရကတည်းက လစာတို့ဘာတို့ကလည်း မရတော့ဘူးလေ။ ဟိုမှာ လိုက်ပြောင်းဖို့ဆိုတာကလည်း သူက အထိန်းသိမ်းခံထားရတာဆိုတော့ ကျနော်တို့မှာလည်း မိသားစုက အခက်အခဲရှိတယ်လေ အဲ့တော့ မိသားစုက ဟန်မပျက် လက်ရှိနေနေတဲ့ တိုက်ခန်းမှာပဲ ဟန်မပျက်နေနေတာဗျ။ အဲ့တာကို သူတို့က မနေ့တနေ့ကမှ သူတို့က အကြောင်းကြားတာပေါ့နော်။

ဒုရဲမှူး မိုးရန်နိုင်ရဲ့ ညီဖြစ်သူ ကိုရဲဝင့်နိုင်ကို ဗွီအိုအေမြန်မာပိုင်းက မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဒုရဲမှုူးမိုးရန်နိုင်အမှု တရားမျှတမှု ရရှိရေးအတွက် နိုင်ငံတော်အာဏာရှိသူတွေထံ တိုင်ကြားထားကြောင်း မိသားစုဝင်တွေက သတင်းစာရှင်းလင်းပွဲတရပ်ကို ဒီကနေ့ မန္တလေးမြို့မှာ ကျင်းပခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG