သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေနတ်ထိန်းချုပ်ဥပဒေ ပိုမိုတင်းကျပ်ဖို့ ဖလော်ရီဒါမှာ ဆန္ဒပြ


သေနတ်ထိန်းချုပ်ဥပဒေ ပိုမိုတင်းကျပ်ဖို့ ဖလော်ရီဒါမှာ ဆန္ဒပြ
သေနတ်ထိန်းချုပ်ဥပဒေ ပိုမိုတင်းကျပ်ဖို့ ဖလော်ရီဒါမှာ ဆန္ဒပြ

သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးဆိုင်ရာ ပိုပြီးတင်းကျပ်တဲ့ဥပဒေတွေ ပြဌာန်းပေးဖို့ ဖလော်ရီဒါပြည်နယ်၊ Fort Lauderdale မြို့၊ ဖက်ဒရယ်တရားရုံးအပြင်ဘက်မှာ စနေနေ့က ရာပေါင်းများစွာသောလူတွေ စုဝေး ဆန္ဒပြ တောင်းဆိုကြပါတယ်။

အမေရိကန်နိုင်ငံမှာ ကျောင်းတွေအတွင်း သေနတ်နဲ့ဝင်ပစ်တဲ့ ဖြစ်ရပ်တွေထဲ တတိယမြောက် ထိခိုက်သေဆုံးသူ အရေအတွက် အများဆုံးဖြစ်ရပ်ဖြစ်အပြီး ရက်အနည်းငယ်အတွင်းမှာပဲ အခုလို ဆန္ဒပြ တောင်းဆိုကြတာပါ။

အစုအဖွဲ့ခေါင်းဆောင်တွေ၊ ဒေသဆိုင်ရာလွှတ်တော်အမတ်တွေနဲ့ တခြားထင်ရှားသူတွေဟာ သေနတ်ပိုင်ဆိုင်ခွင့်ဆိုင်ရာ ပိုပြီး တင်းကျပ်တဲ့ဥပဒေတွေ ပြဌာန်းဖို့ အရေးတကြီးလိုအပ်နေပြီလို့ သူတို့ယူဆတာကို ပြောဆိုကြပြီး ဆန္ဒပြသူတွေက သေနတ်ကိုင် အကြမ်းဖက်တာ အဆုံးသတ် ဆိုတဲ့ကြွေးကြော်သံကို အော်ဟစ်ကြပါတယ်။

လွှတ်တော်အမတ်တွေရဲ့ အလုပ်ဟာ လူထုအတွက် လုပ်ကိုင်ဖို့ဖြစ်တယ်ဆိုတာ ကွန်ဂရက်လွှတ်တော်ကို တောင်းဆိုပါတယ်၊ သူတို့ဟာ လူထုအတွက် လုပ်ကိုင်နေတာမဟုတ်ပါဘူး၊ သေနတ်ပိုင်ဆိုင်ခွင့် ပြုပြင်ပြောင်းလဲတာကို တိုင်းပြည်ကလိုချင်ပြီး သူတို့ က အဲဒီအကြောင်းပြောဆိုဖို့ ငြင်းနေပါတယ်၊ စိတ်ကျန်းမာရေးအကြောင်း၊ နိုင်လိုမင်းထက်လုပ်တဲ့အကြောင်းတွေ သူတို့ပြောကြ ပါတယ်၊ အချိန်မတန်သေးဘူးလို့ သူတို့ပြောပါတယ်။ လက်ရှိမှာ အချိန်တန်နေပါပြီ၊ ဒါကိုပြောရမယ့် တခြားအချိန်ဆိုတာ မရှိပါဘူး လို့ အမျိုးသမီးငယ်တယောက်က ဆန္ဒပြလူအုပ်ကြီးကို ပြောပါတယ်။

ဖလော်ရီဒါပြည်နယ်၊ Parkland မြို့က Marjory Stoneman Douglas အထက်တန်းကျောင်းမှာ အသက် ၁၉ နှစ်အရွယ် ကျောင်းသားဟောင်း Nikolas Cruz က သေနတ်နဲ့ဝင်ပစ်လို့ လူ ၁၇ ယောက်သေဆုံးပြီး ၁၄ ယောက်ထက်မနည်း ဒဏ်ရာ ရခဲ့ပြီးတဲ့နောက် သေနတ်ပိုင်ဆိုင်ခွင့်ထိန်းချုပ်ရေး ထပ်ပြီး တောင်းဆိုလာကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG