သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်ရုံးပိတ်ရက် ထက်ဝက်လျှော့


မဟာအတာသင်္ကြန် ရန်ကုန်မြို့မြင်ကွင်း။
မဟာအတာသင်္ကြန် ရန်ကုန်မြို့မြင်ကွင်း။

မြန်မာ့ရိုးရာ သင်္ကြန်ကာလမှာ ရုံးပိတ်ရက် ရက်ရှည်သတ်မှတ်ထားတာကို လျှော့ချလိုက်တဲ့ အစိုးရရဲ့ ကြေညာချက်အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။ မြန်မာအစိုးရကတော့ ရုံးလုပ်ငန်းတွေ မထိခိုက်စေဖို့ ရည်ရွယ်ပြီး မူလက ၁၀ ရက် သတ်မှတ်ထားတာကနေ ၅ ရက် လျှော့ချခဲ့ရတာလို့ ပြောဆိုခဲ့တာပါ။ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အစိုးရရဲ့ ကြေညာချက် အပေါ် အင်တာနက် လူမှုကွန်ယက်တွေပေါ်မှာပါ ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြ တဲ့ အကြောင်းကိုတော့ နန်းလောဝ် ကပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်သစ်ကူးရုံးပိတ်ရက်ကို အရင်က ၁၀ ရက် သတ်မှတ်ထားပေမဲ့ အခုအခါမှာတော့ ဧပြီလ ၁၃ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ၊ ၅ ရက်သာ ပြောင်းလဲ သတ်မှတ်ကြောင်း အစိုးရက အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အများပြည်သူပိတ်ရက် အမိန့်ကြော်ငြာစာ။ (မတ် ၁၀၊ ၂၀၁၇)
ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အများပြည်သူပိတ်ရက် အမိန့်ကြော်ငြာစာ။ (မတ် ၁၀၊ ၂၀၁၇)

ဒါပေမဲ့လည်း အစိုးရ ဝန်ထမ်းတွေ အတွက် ခံစားခွင့်အဖြစ် ၅ ရက်ပေးမှာဖြစ်တယ် လို့လည်း သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး ကပြောပါတယ်။

" အမှန်ကတော့ ရုံးပိတ်ရက် (၅)ရက် လုပ်လိုက်တယ်။ လုပ်လိုက်တဲ့အချိန်မှာ ဝန်ထမ်းတွေက မူလကတည်းက အတိုင်း ခရီးသွားတာတို့၊ အလှူဒါနပြုတာတို့ ကိုယ့်နေရပ်တွေ ပြန်တာတို့ ကျန်တဲ့နေရာတွေ သွားတာတို့ ဒါမျိုးတွေ နောက် တရားစခန်းတို့ ဒါမျိုးတွေ စီစဉ်ထားတာဖြစ်တယ်။ ဒါကို သူတို့က ၁၀ရက်နဲ့ တွက်ပြီး စီစဉ်ထားတဲ့အတွက် ငါးရက် ကန့်သတ်ပြီး ပြောင်းလဲ သတ်မှတ်လိုက်တဲ့အခါမှာ အဲ့ သူတို့ မူလ ချိတ်ဆက်ထားတဲ့ ဥပမာ ဟိုတယ် ဘွတ်ကင်တွေ လုပ်ထားတယ်။ ရထားလက်မှတ်၊ ကားလက်မှတ်တွေ လုပ်ထားတယ်။ နောက် အလှူတွေဆိုလည်း ဖိတ်စာတွေ ဖိတ်တာတို့ တချို့တွေ လုပ်ထားတယ်။ နောက် အလှုမှာ တချို့ဆို ပွဲဌားတာတွေ လုပ်ထားတယ်။ ဒါမျိုးတွေ အများကြီး လုပ်နေတယ် သူတို့ မူလ စီစဉ်ထားတဲ့ အစီအစဉ်တွေ ထိခိုက်သွားတော့မယ် ငါးရက်ပဲ ပိတ်လိုက်ရင်။ အဲ့တော့ ကျနော်တို့က ရုံးပိတ်ရက်ကတော့ ငါးရက်ပဲ ဒါပေမဲ့ မူလအတိုင်းအစီအစဉ်တွေ ဆက်လုပ်နိုင်အောင် ဆိုပြီး သူတို့ကို ထည့်သွင်း စဉ်းစားပြီးတော့ ဌာနဆိုင်ရာအစီအစဉ် အုပ်ချုပ်မှု နည်းလမ်းနဲ့ ပိတ်ရက် လုပ်လို့ရအောင် လုပ်ပေးမယ်။ သို့သော် ရုံးပိတ်ရက်ကတော့ ငါးရက်ပဲ။"

သင်္ကြန်ကာလ နီးကပ်နေတဲ့အချိန်ရောက်မှာ အစိုးရရုံးပိတ်ရက်တွေ အပြောင်းအလဲ လုပ်ရတာကို နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ ခုလိုမြင်ပါတယ်။

"ဒါပေမဲ့ အခုပေါ့လေ။ အခုအခြေအနေမှာ ကြည့်မယ်ဆိုရင် ကျနော်တို့ သင်္ကြန် ရုံးပိတ်ရက်ပေါ့လေ။ နှစ်သစ်ကူး ရုံးပိတ်ရက်ကလည်း အင်မတန်မှ နီးကပ်နေတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ အဲ့ဒီ့လို အခြေအနေမျိုးမှာနော် အစိုးရဝန်ထမ်းတွေရော ပုဂ္ဂလိက ဝန်ထမ်းတွေရော အားလုံးက လာမယ့် သင်္ကြန်ရုံးပိတ်ရက်မှာ မိသားစုလိုက် ခရီးတွေ ထွက်ဖို့၊ နောက် ဘာသာရေးကိစ္စပေါ့လေ တရားစခန်းဝင်ဖို့ အဲ့ဒီလို ပြင်ဆင် ထားတဲ့ ကာလမှာ ဒီလိုရုံးပိတ်ရက်ကို လျှော့ချလိုက်တာကတော့ ဒါပြောမယ်ဆိုရင် အစိုးရအနေနဲ့ ပြည်သူလူထုနဲ့ နည်းနည်း အံဝင်ခွင်ကျ မဖြစ်သလို ဖြစ်သွားတယ်လို့ ကျနော်ကတော့ မြင်ပါတယ်။"

သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး ကတော့ ရက်ရှည်အားလပ်ရက် သတ်မှတ်ထားတဲ့ အတွက် အစိုးရလုပ်ငန်းတွေမှာ ထိခိုက်မှု သက်သာအောင် ရည်ရွယ် ဆောင်ရွက်ခဲ့ တာလို့ ပြောပါတယ်။

" ၁၀ရက် သတ်မှတ်တဲ့အတွက် ဘယ်လိုဖြစ်လဲဆိုတော့ နိုင်ငံတကာဆက်သွယ်တာတွေ ရုံးလုပ်ငန်းတွေ ဘဏ်လုပ်ငန်းတွေ ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးကြန့်ကြာတယ်။ အဲ့တာကြောင့်မို့ ၅ရက် လျှော့မယ်။ ၅ရက် သတ်မှတ်မယ်။ "

အစိုးရတရပ်အနေနဲ့ အစိုးရရုံးပိတ်ရက်တွေကို ပြောင်းလဲသတ်မှတ်မယ်ဆိုရင် ဝန်ထမ်းတွေကို ကြိုတင် အသိပေးသင့်တယ်လို့လည်း ဒေါက်တာရန်မျိုးသိမ်းက ခုလိုပြောပါတယ်။

" အကြောင်းရင်းကိုတော့ ပြောဖို့တော့ ခက်တယ်။ ဒါပေမဲ့ အစိုးရတရပ်အနေနဲ့ဆိုရင်တော့ ၂၀၁၇ ခုနှစ် နှစ်မဆန်းခင်ပေါ့လေ။ ဒီအစိုးရ ရုံးပိတ်ရက်တွေကို ၂၀၁၇ခုနှစ်အတွက် -၂၀၁၆ နှစ်ကုန်ပိုင်းမှာကတည်းကိုက သတ်မှတ်ကတည်းကိုက နှစ်သစ်ကူး သင်္ကြန် ရုံးပိတ်ရက်ကို လျှော့မယ်ဆိုရင် အဲ့ဒီ့ကတည်းက ကြိုပြီးတော့ ပြည်သူလူထုကို အသိပေးသင့်တယ်။ ဝန်ထမ်းတွေကို အသိပေးသင့်တယ်လို့မြင်တယ်။ အခုလိုမျိုး ကတိုက်ကရိုက် လုပ်ရလောက်အောင် ပေါ့လေ ခိုင်လုံတဲ့ အကြောင်းပြချက်တော့ ကျနော်ကတော့ မတွေ့ရဘူး။"

မြန်မာအစိုးရက မတ်လ၉ ရက်နေ့မှာ မြန်မာအစိုးရရုံးများပိတ်ရက်လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများအက်ဥပဒေပုဒ်မ ၂၅ အရ နှစ်သစ်ကူးရုံးပိတ်ရက်တွေ ရက်ရှည်တဲ့အတွက် နိုင်ငံတကာနဲ့ဆက်ဆံရာမှာ ရုံးလုပ်ငန်း၊ ဘဏ်လုပ်ငန်းတွေ အခက်အခဲရှိသလို ကုန်စည်စီးဆင်းမှု နှောင့်နှေးတဲ့အတွက်ဆိုပြီး အစိုးရ ရုံးပိတ်ရက်တွေကို ပြောင်းလဲသတ်မှတ်ဖို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပြီးတဲ့နောက် လူမှုကွန်ယက်ပေါ်ကနေ ဝေဖန်မှုတွေ အတော်လေးထွက်ပေါ်လာခဲ့တာပါ။

အစိုးရက သင်္ကြန်ကာလာ ရက်ရှည်ရုံးပိတ်ရက်ထဲက လျှော့ချလိုက်တဲ့ ၅ ရက်ကိုတော့ သီတင်းကျွတ်၊ တန်ဆောင်တိုင်နဲ့ နိုင်ငံတကာ နှစ်သစ်ကူး ရုံးပိတ်ရက်တွေနဲ့ ပြန်လည် အစားထိုးထားတဲ့အတွက် တနှစ်လုံးပိတ်ရက်စုစုပေါင်းကတော့ မူလအတိုင်း ရှိနေမှာဖြစ်ပါတယ်။

သင်္ကြန်ရုံးပိတ်ရက် ထက်ဝက်လျှော့
please wait

No media source currently available

0:00 0:04:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG