သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသမ္မတပူတင်ကို မကြိုက်သူ တိုးများလာ


Russia Putin
Russia Putin

ဧပြီ ၂၅၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

တကမ္ဘာလုံးမှာ ရုရှားသမ္မတ Vladimir Putin ကို သဘောမကျသူကတိုးများလာနေတယ်လို့ လူထုသဘောထား စစ်တမ်းလေ့လာတဲ့အဖွဲ့က လေ့လာချက် စာတမ်းကို အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

တိုင်းပြည်ပေါင်း ၁၃၇ ပြည်ကလူတွေကို ထောင်ချီ မေးမြန်းခဲ့ရာမှာ တကမ္ဘာလုံးအနေနဲ့ ၅၇ ရာနှုန်းက သဘောမကျဘူးလို့ပြောခဲ့ကြတာပါ။ မနှစ်က သဘောမကျသူ ၃၈ ရာနှုန်းရှိခဲ့ရာက တက်သွားခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ သဘောကျသူ ၃၃ ရာနှုန်းရှိခဲ့ရာက ဒီနှစ်လေ့လာရာမှာတော့ သဘောကျသူက ၂၁ ရာနှုန်းပဲရှိတော့တယ်လို့ Gallup အဖွဲ့ကဆိုပါတယ်။

သဘောမကျသူများလာပြီး သဘောကျသူနည်းသွားရာမှာ အကြီးမားဆုံး အပြောင်းအလဲက လက်တင်အမေရိကနဲ့ ကာရေဘီယန်တိုင်းပြည်တွေမှာ ဖြစ်တာကိုတွေ့ရပါတယ်။ သဘောကျသူ ရာနှုန်း ၂၁ ကနေ ၁၆ အထိ ကျသွားခဲ့ပြီး သဘောမကျသူက ရာနှုန်း ၃၀ ခုန်တက်သွားပြီး ၆၁ ရာနှုန်း ရှိနေပါတယ်။

အာဖရိကနဲ့ အာရှအချို့အပိုင်းတွေမှာ ရုရှားသြဇာဆက်ရှိနေပေမဲ့ အာဖရိက မြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းမှာ ပူတင်အပေါ် သဘောမကျသူက ၁၆ ရာနှုန်းတက်သွားပြီး ၅၅ ရာနှုန်း ရှိနေပါတယ်။ ရုရှားရဲ့လုပ်ငန်းတွေဆက်ရှိနေသေးတဲ့ အာဖရိကရဲ့ ဆာဟာရတောင်ပိုင်းမှာ သဘောမကျသူ ၁၁ ရာနှုန်း တက်သွားပြီး ၃၂ ရာနှုန်း ရှိနေပါတယ်။ ဒါပေမဲ့ပူတင်အပေါ် သဘောကျသူတွေ က ၃၅ ရာနှုန်း ရှိတာမို့ သဘောမကျသူထက်များနေတဲ့ဒေသ ဖြစ်ပါတယ်။

ဥရောပ၊ မြောက်အမေရိက၊ သြစတြေးလျား၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့မှာ သဘောမကျသူတွေက အလွန့်ကို များတာတွေ့ရပါတယ်။ အမေရိကန်၊ ကနေဒါနဲ့ ဥရောပ ၁၀ နိုင်ငံမှာ ပူတင်ကို သဘောမကျသူ ၉၀ ရာနှုန်းအထက် ရှိကြတာပါ။ ထိုင်ဝမ်မှာတော့ ပူတင်ကိုသဘောမကျသူက ၂၀၂၁ မှာ ၂၁ ရာနှုန်းပဲရှိပေမဲ့ ၂၀၂၂ မှာ ၇၂ ရာနှုန်းကို ထိုးတက်သွားပါတယ်။

Gallup သဘောထား စစ်တမ်းလေ့လာရေးအဖွဲ့က ကမ္ဘာ့ခေါင်းဆောင်တွေ အပေါ် သဘောထားကို ၂၀၀၇ ကတည်းက စလေ့လာခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG