သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၃ ခုနှစ်အတွင်း အမေရိကန်မီဒီယာများအကဲစမ်းခံရမှု


ကဲန်ဆတ်စ်ပြည်နယ်က သတင်းစာတိုက်ကို ရဲကဝင်စီးချိန်မှာ စိတ်ဖိစီးမှုကြောင့်သေဆုံးသွားရတယ်လို့ အယ်ဒီတာနဲ့ထုတ်ဝေသူဖြစ်တဲ့ အဲရစ်မေယာက စွပ်စွဲထားတဲ့ အသက် ၉၈ နှစ်အရွယ် ကွယ်လွန်သူ မိခင် Joan Meyer အတွက် အောက်မေ့ဖွဘ် ပန်းစည်းများ။ (သြဂုတ်လ ၁၁၊ ၂၀၂၃)
ကဲန်ဆတ်စ်ပြည်နယ်က သတင်းစာတိုက်ကို ရဲကဝင်စီးချိန်မှာ စိတ်ဖိစီးမှုကြောင့်သေဆုံးသွားရတယ်လို့ အယ်ဒီတာနဲ့ထုတ်ဝေသူဖြစ်တဲ့ အဲရစ်မေယာက စွပ်စွဲထားတဲ့ အသက် ၉၈ နှစ်အရွယ် ကွယ်လွန်သူ မိခင် Joan Meyer အတွက် အောက်မေ့ဖွဘ် ပန်းစည်းများ။ (သြဂုတ်လ ၁၁၊ ၂၀၂၃)

အမေရိကန် ပြည်ထောင်စုမှာ လွတ်လပ်စွာပြောဆိုဝေဖန်ခွင့်ကိုအာမခံတဲ့ First Amendment ခေါ် အခြေခံဥပဒေပြင်ဆင်ချက် အမှတ်(၁) ခိုင်ခိုင်မာမာ ရှိပေမဲ့လို့လည်း အခု ၂၀၂၃ ခုနှစ်အတွင်း ဒီအခြေခံအပေါ် အကဲစမ်းချက်တွေ ကြုံခဲ့ရပါတယ်။ ၂၀၂၃ ခုနှစ် အတွင်းမှာ စီးနင်းမှုတွေ၊ ရှာဖွေမှုတွေနဲ့ တရားရုံးကို ဆင့်ခေါ်မှုတွေနဲ့အတူ ဒေသဆိုင်ရာမီဒီယာလည်း ပစ်မှတ်ထားခံခဲ့ရတာမျိုးရှိပြီး ဒါတွေဟာ ပြဿနာအဖြစ် လှုပ်ရှားဆောင်ရွက်သူတချို့က ထောက်ပြကြပါတယ်။ Liam Scott ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စု Kansas ပြည်နယ်ရဲ့ မြို့ငယ်လေးက သတင်းစာတိုက်တခုကို ၂၀၂၃ ခုနှစ် နွေရာသီအတွင်းစီးနင်းမှုကို ကမ္ဘာက အာရုံစိုက်ခဲ့ကြပါတယ်။ Marion County Record စာစောင်ရဲ့ ရုံးနဲ့ စာစောင်တိုက် ပူးတွဲပိုင်ရှင် အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ Joan Meyer ရဲ့အိမ်ကနေ စက်တွေနဲ့ ပစ္စည်းတွေကို ရဲတွေ သိမ်းယူခဲ့တာကို ဗွီဒီယိုမှတ်တမ်းမှာ တွေ့ရပါတယ်။ Marion မြို့ ရဲချုပ်ကတော့ အလုပ်က ဆိုင်းငံ့ခံခဲ့ရပြီးနောက်ပိုင်းမှာ နုတ်ထွက်သွားပါတယ်။ ရဲတွေရဲ့ဒီလုပ်ရပ်ဟာဆိုရင် အမေရိကန်မှာ ၂၀၂၃ ခုနှစ်အတွင်း သတင်းလွတ်လပ်ခွင့်အပေါ် အဆိုးရွားဆုံး ချိုးဖောက်မှုအဖြစ် သုံးသပ်သူတွေက ဝေဖန်ကြပါတယ်။ ဒီကိစ္စဟာဆိုရင် သတင်းလွတ်လပ်ခွင့်ရဲ့အရေးကြီးမှုကို ပေါ်လွင်စေတယ်လို့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ သတင်းသမားများ ကော်မတီက Gabe Rottman က ပြောပါတယ်။

“သတင်းမီဒီယာပါဝင်နေတဲ့ အခန်းကဏ္ဍ၊ အစိုးရကို ထိန်းကျောင်း စောင့်ကြည့်မှုအဖြစ် သတင်းမီဒီယာရဲ့အရေးပါမှုကို နိုင်ငံတဝန်းက တရားဥပဒေ ထိန်းသိမ်းရေးဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အစိုးရ တာဝန်ရှိသူတွေ နားလည်ဖို့ အရေးကြီးပါတယ်။”

သတင်းစာတိုက်ဝန်ထမ်းအနေနဲ့တော့ ဒီကိစ္စကို မလွဲမသွေ တုံ့ပြန်ပါတယ်။ Eric Meyer က Marion County Record ကို ထုတ်ဝေသူနဲ့ ပူးတွဲပိုင်ရှင်ဖြစ်ပါတယ်။

“လူအတော်များများက ခြိမ်းခြောက်ဖို့လွယ်ပါတယ်။ သူတို့ သိထားရမှာက ဒီကိစ္စကို ဒီတိုင်းမထားသင့်ပါဘူး။ သူတို့ကို ထောက်ခံမယ့်သူတွေ အများအပြား ရှိနေတယ်ဆိုတာပဲ ဖြစ်ပါတယ်။”

အမေရိကန်ပြည်ထောင်စုတွင်း သတင်းလွတ်လပ်ခွင့်ကို စောင့်ကြည့်တဲ့ U.S. Press Freedom Tracker ကလည်း နယူးယောက် Brooklyn ရုံးချုပ်ကနေ ဒီလို ချိုးဖောက်မှုတွေကို စောင့်ကြည့်နေတာပါ။ Kirstin McCudden ကတော့ U.S. Press Freedom Tracker ရဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အယ်ဒီတာ ဖြစ်ပါတယ်။

“သတင်းလွတ်လပ်ခွင့်က ကျမတို့ကို တိုက်ရိုက် သက်ရောက်ပါတယ်။ ကျမတို့အားလုံးဟာ နိုင်ငံသားတွေ၊ သတင်းအချက်အလက် ရှာဖွေသူတွေ ဖြစ်ကြပြီး သတင်းအချက်အလက်တွေကို စိတ်ချယုံကြည်မှု ရှိရှိ၊ အပြစ်ပေး အရေးယူခံရမှာကို စိုးရိမ်စရာမလိုဘဲ ရယူရေးဟာ ကျမတို့ အားလုံးနဲ့ သက်ဆိုင်ပါတယ်။”

လွတ်လပ်စွာ ပြောဆိုဝေဖန်မှုကို တားမြစ်ပိတ်ပင်တဲ့ ကြိုတင်တားမြစ်မှု အသုံးပြုတာအပါအဝင် တခြားသော သတိထားစရာ အလားအလာတွေလည်း တွေ့ရကြောင်း McCudden က ပြောပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း အလားတူ ဖြစ်ရပ်အနည်းဆုံး ၁၀ ခုကို Tracker က မှတ်တမ်း ပြုစုထားတဲ့အထဲမှာ Alabama Missouri နဲ့ North Carolina တို့က ဖြစ်ရပ်တွေလည်း ပါဝင်ပါတယ်။

“၂၀၂၃ ခုနှစ်အတွင်းမှာ တွေ့ရှိချက်ကတော့ အမေရိကန် ပြည်ထောင်စုထဲမှာ သတင်းထောက်တွေနဲ့ သတင်းလုပ်ငန်းတွေ ခြိမ်းခြောက်ခံနေဆဲ ဆိုတာပဲ ဖြစ်ပါတယ်။”

အမေရိကန် သတင်းထောက် Catherine Herridge အနေနဲ့ ၂၀၁၇ ခုနှစ် စုံစမ်းဖော်ထုတ် သတင်းရေးသားထုတ်ဝေမှုတွေရဲ့ သတင်းရင်းမြစ်တခုကို မဖော်ပြဘူးဆိုရင် တရားရုံးကို မထီမဲ့မြင်မှုနဲ့ ရင်ဆိုင်ရနိုင်တဲ့ အခြေအနေကိုလည်း Gabe Rottman က ထောက်ပြပါတယ်။

“ဖက်ဒရယ် အကာအကွယ်ပေးရေး ဥပဒေ တခု လိုအပ်နေတယ်ဆိုတာကို ဒီကိစ္စက ထင်ထင်ရှားရှား ပြသလိုက်တာပါ။”

အကာအကွယ်ပေးရေး ဥပဒေတွေဟာဆိုရင် သတင်းရင်းမြစ် နာမည်တွေအပါအဝင် သတင်းအချက်အလက်တွေ အတင်းအကျပ် ထုတ်ဖော်ခိုင်းမှုကနေ သတင်းထောက်တွေကို အကာအကွယ်ပေးထားတာ ဖြစ်ပါတယ်။ Las Vegas Review-Journal ရဲ့ သမိုင်းဝင်အမှုတခုကို ပြန်လည်ချေပရာမှာ Nevada ပြည်နယ်ရဲ့ အကာအကွယ်ပေးရေးဥပဒေက အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် အတွင်း ဓားနဲ့ထိုးသတ်ခံခဲ့ရတဲ့ Review-Journal ရဲ့ သတင်းထောက် Jeff German ပိုင်ဆိုင်တဲ့ စက်ပစ္စည်းတွေကို ရဲက မရှာဖွေနိုင်အောင် ကာကွယ်ပေးခဲ့တဲ့ဆုံးဖြတ်ချက်ကို အောက်တိုဘာလအတွင်း ပြည်နယ် တရားရုံးချုပ်က ချမှတ်ခဲ့တာပါ။

“သတင်းထောက်တွေရဲ့ သတင်းရင်းမြစ်တွေကို လျှို့ဝှက်ထားပြီး သတင်းထောက်အလုပ်တွေ ဆက်လက် လုပ်ဆောင်နိုင်ရေးက အရေးကြီးပါတယ်။”

အမေရိကန်ပြည်ထောင်စုမှာ လာမယ့်နှစ် သမ္မတရွေးကောက်ပွဲ ရှိတာနဲ့အတူဘဲ Tracker အနေနဲ့ အမေရိကန် အခြေခံဥပဒေပြင်ဆင်ချက် အမှတ် ၁ အပေါ် ခြိမ်းခြောက်မှုတွေကို အနီးကပ် ဆက်လက် စောင့်ကြည့်သွားမယ်လို့လည်း McCudden က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG