သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA ထိန်းသိမ်းခဲ့တဲ့ ရဲမိသားစုဝင် ၇ ဦး ပြန်လည်လွတ်မြောက်


ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရဲမိသားစုဝင်များ (သတင်းဓာတ်ပုံ-အစိုးရပြန်ကြားရေးဝန်ကြီးဌာန)
ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရဲမိသားစုဝင်များ (သတင်းဓာတ်ပုံ-အစိုးရပြန်ကြားရေးဝန်ကြီးဌာန)

ရခိုင်ပြည်နယ် မြောက်ဦးမြို့က ရဲတပ်ရင်းတခုကို ရခိုင့်တပ်တော် AA အဖွဲ့က ပြီးခဲ့တဲ့အင်္ဂါနေ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ခေါ်ဆောင်သွားတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ရဲ့ အမျိုးသမီးနဲ့ ကလေးအပါဝင် စုစုပေါင်း ၇ ဦးကို AA အဖွဲ့က ပြန်လွှတ်ပေးလိုက်ပါတယ်။ သူတို့ကို ဖမ်းဆီးသွားခဲ့တာ မဟုတ်ဘဲ ပစ်ခတ်မှုအတွင်း ဘေးလွတ်ရာ ခေါ်ဆောင်သွားခဲ့တာလို့ AA အဖွဲ့က ပြောပေမယ့် မြန်မာစစ်တပ်ကတော့ ရဲတပ်ဖွဲ့ဝင်မိသားစုတွေကို AA က ဖမ်းဆီးသွားခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင့်တပ်တော် AAကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ မြောက်ဦးရဲတပ်ရင်းက ကလေးနဲ့ အမျိုးသမီးအပါဝင်(၇)ဦး ဟာ ဧပြီ(၁၁)နေ့ညမှာ မြောက်ဦးဆေးရုံကို ရောက်ရှိလာပြီး ရဲတပ်ရင်းကို ပြန်လည်အပ်နှံခဲ့တယ်လို့ ဆေးရုံကျန်းမာရေး ဝန်ထမ်းတဦးက အခုလိုပြောပါတယ်။

“ဟုတ်ပါတယ်။ ညက (၁၀) နာရီမိနစ် (၄၀) လောက်မှာပါ။ သူတို့ မိသားစုအားလုံး (၇)ယောက် ဆေးရုံထဲကို ဝင်လာတယ်တဲ့ (၇) ယောက်က။ ညကပဲ ရဲစခန်းကို ပြန်လွှဲပေးလိုက်တာ။ ကျနော်တို့ တွေ့တာတော့ ကျန်းကျန်းမာမာပါပဲ။”

ရဲမိသားစုဝင်(၇) ဦးဟာ ဆေးရုံဝင်းထဲကို လမ်းလျှောက်ဝင်လာတာဖြစ်ပြီး ဘယ်သူတွေလာပို့တာ သိရှိခြင်းမရှိဘူးလို့ အဆိုပါဆေးရုံ ဝန်ထမ်းက ပြောပါတယ်။

မြောက်ဦးမြို့က အမှတ် (၃၁) လုံခြုံရေး ရဲတပ်ဖွဲ့ဌာနချုပ်ကို ဧပြီလ ၉ ရက် ည ၁၀ နာရီကျော်မှာ AA အဖွဲ့ကနေ ဝင်ရောက် တိုက်ခိုက်တုန်းက ရဲမိသားစုဝင် (၇) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကနေ သတင်းထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ AA ဘက်ကတော့ ဖမ်းဆီးသွားတာမဟုတ်ဘဲ ပစ်ခတ်မှုအတွင်း လုံခြုံရာခေါ်ဆောင်သွားတာဖြစ်ကြောင်း AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။

“ဗမာစစ်တပ်က လေယာဉ်ဂျက် (၃) စီးနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အခါ ရဲမိသားစုတချို့ပေါ့နော် အဲဒီမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ သူတို့က တိုက်ပွဲကြားထဲမှာ ကြားညှပ်နေတယ်။ သူတို့ရဲ့ အသက်အန္တရာယ် လုံခြုံအောင်ပေါ့နော် ကျနော်တို့ တပ်ဖွဲ့တွေက ပြန်ဆုတ်တဲ့အခါ သူတို့ကို ဘေးကင်းလုံခြုံတဲ့ နေရာအထိ ပြီးမှသာ သူတို့ကို လုံလုံခြုံခြုံနဲ့ ပြန်လွှတ်ပေးဖို့ပဲ။”

ပြန်လည်လွတ်မြောက်လာတဲ့ ရဲမိသားစုဝင်တွေရဲ့ အခြေအနေနဲ့ပက်သက်လို့ ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားသူ မရှိခဲ့ပါဘူး။

တပ်မတော် သတင်းမှန်ပြန်ကြားရေး တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ခုလိုပြောပါတယ်။

“ရဲတပ်ဖွဲ့ဝင် မိသားစုလိုင်းတွေ ဝင်တိုက်တဲ့အတွက် ဟိုပါသွားတဲ့ မိသားစုတွေ ဖြစ်မယ်နဲ့တူတယ်။ကျနော်တို့တော့ သိတော့သိနေပါတယ်။ အဲဒီသတင်းအသေးစိတ်က ရဲ ဘာတွေမေးကြည့်ရင် ပိုပြီးသိရလိမ့်မယ်ဗျ။”

မြောက်ဦးရဲတပ်ရင်းစခန်း တိုက်ပွဲဖြစ်ပွါးအပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရင်း တပ်မတော်ဘက်က ဖမ်းဆီးထားတဲ့ လက်ကာရွာသား (၂၇) ဦးတော့ ပြန်လည်လွတ်မြောက်လာတာ မရှိသေးပါဘူး။

ဧပြီလ (၁၀) ရက်နေ့က တပ်မတော်ကနေ ဖမ်းဆီးထားတဲ့ လူ (၂၇) ဦးဟာ လက်ကာရွာသားတွေလို့ ဒေသခံရွာသားတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပေမဲ့ တပ်မတော်ဘက်ကတော့ AA တပ်ဖွဲ့ဝင်တွေဆိုပြီး ဖမ်းဆီးစစ်ဆေးနေဆဲလည်း ဖစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်တော် AA တို့အကြား တိုက်ပွဲတွေဆက်လက် ဖြစ်ပွါးနေသလို ဖြစ်ပွါးတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေမှာလည်း အမျိုးသမီးနဲ့ ကလေးတွေ ထိခိုက်သေဆုံးမှုတွေ မြင့်တက်လာနေပါတယ်။

လက်ရှိစစ်ရေး ပဋိပက္ခအတွင်းမှာ အမျိုးသမီးနဲ့ ကလေးတွေအတွက်လုံခြုံရေးဟာ စိုးရိမ်စရာအနေအထားမှာ ရှိနေတယ်လို့ ရခိုင်ပြည်နယ်အမျိုးသမီး ကွန်ယက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောပါတယ်။

“အမျိုးသမီးနဲ့ ကလေးသူငယ်တွေဆိုတာ ပြဿနာတခုခုဖြစ်ပြီဆိုရင် သူတို့ကတော့ဘယ်လိုပဲဖြစ်ဖြစ်လေ နစ်နာသူတွေထဲမှာ ရှိနေတယ်။ ကျွန်မတို့ရဲ့ ရခိုင်ပြည်နယ်ဖြစ်စဉ်က ပစ်မှတ်ရယ်လို့ မဟုတ်ဘဲနဲ့ကို လေယာဉ်နဲ့ ပစ်ကြတာတွေ၊ ပြီးလို့ရှိရင် ရမ်းသန်းပြီးပစ်တာတွေပေါ့နော်။ ဒါမျိုးတွေရှိနေတယ်ဆိုတဲ့ တိုင်ချက်တွေရောက်နေတဲ့ အချိန်မှာ တကယ်လည်း လက်တွေ့ပဲ ကလေးတယောက်ဆိုရင် တနှစ်ကျော်ကျော်လေးပဲ ရှိသေးတယ်။ ဆေးရုံပေါ်မှာ ရှိနေတယ်။ လွန်ခဲ့တဲ့ တလကပဲ ကလေး ရသေ့တောင်နယ်မှာ ဆုံးတယ်ယောကျ်ားလေးတယောက်။ အမျိုးသမီးလည်း တယောက်ဆုံးတယ်။ ကျမတို့ အောက်သကန်မှာလဲ အမျိုးသမီးတွေ ဆုံးနေတယ်။ စိတ်တော့မကောင်းဘူးပေါ့နော်။ ကြားတွေထဲမှာ ညှပ်နေတယ်ပေါ့။ ကျမတို့စိုးရိမ်စရာ စိုးရိမ်ချက်ကတော့ အမြင့်ဆုံးလို့ ဆိုရမှာပေါ့နော်။”

ဧပြီလ (၃) ရက်နေ့က တပ်မတော်ကနေ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘူးသီးတောင်မြို့နယ် စိုင်းဒင် တောင်တန်းက ဒေသခံ မူဆလင်ဝါးခုတ်လုပ်သား (၆) ဦးသေဆုံးခဲ့သလို (၁၃) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မတ်လ (၁၅) ရက်နေ့နဲ့ (၁၈) ရက်နေ့က မြောက်ဦးမြို့အတွင်း ပစ်ခတ်မှုမှာလည်း အရပ်သား (၆) ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

မတ်လ (၂၁) ရက်နေ့တုန်းကလည်း ဘူးသီးတောင်မြို့နယ် စည်တောင်ရွာအတွင်းမှာ လက်နက်ကြီး လက်နက်ငယ် တွေနဲ့ ပစ်ခတ်ခံရမှုကြောင့် ရွာသား (၅) ဦး သေဆုံးပြီး (၂၀) ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော်တို့ အကြား တိုက်ပွဲဟာ အရပ်သားတွေအပေါ် ထိခိုက်မှု များပြားလာလာနေတဲ့အတွက် တိုက်ပွဲဖြစ်ပွါးရာ ဒေသအတွင်း ပြည်သူတွေရဲ့ လုံခြုံရေး အခြေအနေဟာလည်း စိုးရိမ်စရာ အနေအထားမှာ ဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG