သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်မွတ်ဆလင်ဒုက္ခသည်စခန်းများ ရခိုင်အကြံပေးကော်မရှင်သွားရောက်လေ့လာ


Cox’s Bazarဒုက္ခသည်စခန်း
Cox’s Bazarဒုက္ခသည်စခန်း

ကုလသမဂ္ဂ အတွင်းရေးမှုးဟောင်း ကိုဖီအာနန်ကော်မရှင်လို့ လူသိများတဲ့ ရခိုင်ပြည်နယ်အရေးအကြံပေးကော်မရှင်က ကော်မရှင်အဖွဲ့ဝင်သုံးဦးဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံနယ်စပ်မှာရှိတဲ့ မြန်မာဘက်က ဒုက္ခသည်တွေကို ထားတယ်ဆိုတဲ စခန်းတွေကို အခု သီတင်းပတ်အတွင်း သွားရောက်ကွင်းဆင်းကြည့်ခဲ့ပါတယ်။ မကြာခင်က ရောက်ရှိလာတယ်ဆိုတဲ့ ဒုက္ခသည်တွေထဲ မြန်မာနိုင်ငံက နေထိုင်ခွင့်အထောက်အထားတွေ ကိုင်ဆောင်သူတွေ တွေ့ရပြီး သူတို့ရဲ့ စခန်းအတွင်းအခြေအနေဟာ အတော်လေး ဆိုးဆိုးဝါးဝါးနေထိုင်နေကြရတယ်လို့ သိရပါတယ်။ ဒီအဖွဲ့ဟာ ဘင်္ဂလားဒေ့ရ်ှ အစိုးရဝန်ကြီးတွေနဲ့ လည်း တွေ့ဆုံခဲ့တာပါ။

အဲဒီမှာ ပါသွားတဲ့ထဲက ကော်မရှင်အဖွဲ့ဝင်တဦးလည်းဖြစ် ဦးအေးလွင်ကို ကိုသားညွန့်ဦးက ဒီခရီးစဉ်နဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းတဲ့အခါ အခုလို စတင် ပြောပါတယ်။

“ဦးအေးလွင်။ ။အကြံပေးကော်မရှင်ကနေပြီးတော့ ဘင်္ဂလားဒေ့်ရ်ှကို သွားလေ့လာသင့်တယ် ဆိုပြီးအကြံပြုတော့ ဟိုဘက်အစိုးရက အကြံပြုပြီးတော့ တာဝန်ယူပေးတယ်လေ။ တာဝန်ယူပေးတော့ ကျနော်တို့ ၃ ရက်သွားဖြစ်ပါတယ်။

ကိုသားညွန့်ဦး။ ။အဲဒီက ရှိတဲ့ ဒုက္ခသည်စခန်းတွေဘက်ကို ရောက်ပါသလား။

ဦးအေးလွင်။ ။ရောက်ပါတယ်ခင်ဗျ။

ကိုသားညွန့်ဦး။ ။ဆိုတော့ အဲဒီဘက်က အခြေအနေလေးတွေ နည်းနည်းရှင်းပြပေးပါလား။ ဘယ်လိုအနေအထားရှိပါသလဲ သူတို့ပြောနေတာက ဘင်္ဂလားဒေ့ရ်ှက ဒီနှစ်ပိုင်းထဲမှာကို သူတို့ဆီကို ရောက်လာတဲ့လူက သောင်းဂဏန်းရှိတယ်လို့ပြောနေပါတယ်။

ဦးအေးလွင်။ ။အဲလိုတော့ ပြောတယ် ကျနော်တို့က Cox’s Bazar ရောက်ပါတယ်။ အဲဒီမှာ သူတို့ Camp တွေလည်းခွဲထားပါတယ်။ တခုက ၉၀ ပတ်ဝန်းကျင်ကရောက်တဲ့ Registered camp ဆိုပြီးတော့ စနစ်တကျပေါ့နော် UN တို့ဘာတို့ဘက်ကနေ လုပ်ထားတာ တွေရှိတယ်။ နောက်တခုက Makeshift ဆိုပြီးတော့ နည်းနည်းလေး အဆင့်နိမ့်တာပေါ့လေ၊ နောက်ပြီးတော့ New arriver ဆိုတာကတော့ တော်တော့်ကို အခြေအနေဆိုးပါတယ်၊ တဲတွေဘာတွေကလည်း တော်တော်လေး ခနိုးခနဲ့နဲ့ အဲလိုလေး နေနေရတဲ့ ဟာလေးတွေ တွေ့တယ်။ အရေအတွက်အတိအကျကတော့ ကျနော်တို့လည်း အတည်မပြုနိုင်ဘူးလေ၊ တွေ့တာကတော့ လူတော်တော်များများတွေ့ခဲ့ပါတယ်။

ကိုသားညွန့်ဦး။ ။ New Arriver ဆိုတာဘယ်ကာလလောက်က ရောက်လာတဲ့ သူတွေလဲ။

ဦးအေးလွင်။ ။အခုကျနော်တို့ ၉ ရက်နေ့ နောက်ပိုင်းရောက်လာတာပါ။

ကိုသားညွန့်ဦး။ ။ဟုတ်ကဲ့၊ အဲဒါလူတော်တော်များများလား သောင်းဂဏန်းရှိတယ်လို့ပြောလို့ အဲဒီလောက် အထိရှိနိုင်ပါသလား။

ဦးအေးလွင်။ ။အဲဒါကတော့ ကျနော်တို့ မခန့်မှန်းနိုင်ဘူး တွေ့တော့တွေ့တယ် လူတော်တော်များများလေ။ နောက်တနေရာတည်းမှာမဟုတ်ဘူး နေရာတော်တော်များများမှာ ရှိနေကြတာ

ကိုသားညွန့်ဦး။ ။သူတို့က တကယ်ပဲ မြန်မာနိုင်ငံထဲက ထွက်ပြေးလာသူတွေပဲလား၊ မြန်မာနိုင်ငံက လူတွေပဲလား။

ဦးအေးလွင်။ ။ကျနော်တို့က မေးတဲ့အခါမှာ ဗမာလို့ပြောနိုင်တဲ့လူတွေရှိတယ်၊ နောက်ပြီး ခေါက်ချိုးမှတ်ပုံတင် ပြနိုင်တဲ့လူတွေရှိတယ်။ နောက်ပြီးတော့ White Card ကို ပြန်အပ်တဲ့အခါမှာ ရတဲ့ Receipt လေးတွေ၊ အဲဒါတွေကို ပြနိုင်တဲ့လူတွေရှိတယ်။ တချို့က မြန်မာလိုမပြောနိုင်ပေမယ့် သူတို့ရွာ ဘယ်မှာ ရှိတယ်ဆိုတာကို ကျနော်တို့ မေးသမျှ သူတို့ပြောနိုင်တယ်။ ရွာကိုသူတို့ရဲ့ ဘာသာစကားနဲ့ သူတို့ပြောတာပေါ့နော် အဲဒါကို ကျနော်တို့က ရခိုင်နာမည်ကော သိလားဆိုတော့ သူတို့ ရခိုင်နာမည်ကို ပြောနိုင်တဲ့လူတွေရှိတယ်။ ကျနော်တို့တွေ့သမျှလူတွေကတော့ ခုန ကျနော်တို့မေးတဲ့ မေးခွန်းတခုသို့မဟုတ် တခုနဲ့ကတော့ ဖြေနိုင်ကြပါတယ်။

ကိုသားညွန့်ဦး။ ။အဲဒီလူတွေနဲ့ ပတ်သက်လို့ နိုင်ငံသားစိစစ်မှုတွေ ကျနော်တို့ မြန်မာအစိုးရဘက်က လုပ်တာမျိုးတွေရော စရှိနေပြီလား။

ဦးအေးလွင်။ ။ သူတို့ ဒု-ဝန်ကြီးခေါင်းဆောင်တဲ့အဖွဲ့ပေါ့နော် ၊ ကိုယ်စားလှယ်အဖြစ်နဲ့ လာထားတာရှိတယ်၊ ရှိပြီးတော့ သူတို့ စလုပ်တော့မယ်ဆိုတဲ့သတင်း အကြောင်းလေးတွေတော့ သိခဲ့ရပါတယ်။

ကိုသားညွန့်ဦး။ ။နောက်တချက်ကတော့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံက ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ နိုင်ငံခြားရေးဌာနက တော်တော်လေး အစည်းအဝေးထိုင်နေတယ်လို့ သိရပါတယ်၊ အဲဒါကို သူတို့ ဘယ်လိုကိုင်တွယ်မလဲပေါ့ တချို့ Option တခုဆိုရင် ကျွန်းတကျွန်းကို ပို့မယ်လို့ အဲဒါမျိုးအထိပြောတာရှိတယ်၊ အဲဒီတော့ နိုင်ငံခြားရေးဌာနက ဘာတွေလုပ်ဆောင်နေပါသလဲ။

ဦးအေးလွင်။ ။အဲဒါ ကျနော်သတင်းစာထဲဖတ်ရတယ်၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ပါတယ်။ တွေ့တုန်းကတော့ အဲဒါတွေကို သိပ်ပြောသံမကြားဘူး၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့တယ်၊ ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့တယ်၊ ဝန်ကြီးချုပ်ရဲ့ အတိုင်ပင်ခံ နဲ့လည်း တွေ့တယ်။ အဲဒီကျွန်းပို့မယ်ဆိုတာ သူတို့ ဘင်္ဂလားဒေ့ရ်ှသတင်းစာမှာ ကျနော်တို့လည်းဖတ်လိုက်ရတယ်၊ သို့သော် သူတို့ တခုပြောတာကတော့ သူတို့အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နေတယ်ဆိုတာ ပြောပါတယ်။ ဒီလူတွေက ဒီကိုရောက်လာပြီးတော့ တဲ တွေဘာတွေဆောက်ဖို့အတွက် သစ်ပင်တွေခုတ်တော့ သစ်တော ပြန်းတီးရေးဖြစ်တယ်၊ နောက်ပြီးတော့ သူတို့အတွက် ဒေသခံများက အစက ကြည်ကြည်ဖြူဖြူလက်ခံတယ် ၊ ကြာလာတဲ့အခါမှာ သူတို့အတွက် အလုပ်အကိုင်ရှာဖွေရေးမှာလည်း အပြိုင်အဆိုင် ဖြစ်လာတာတွေရှိတယ်။ နောက်မြန်မာပြည်ဘက်ကနေပြီးတော့ trafficking ကလည်း သူတို့အတွက် အရမ်းကို မြင့်တက်စေတယ်ဆိုပြီးတော့ သူတို့ပြောတဲ့ပုံစံကတော့ သူတို့အတွက် အင်မတန်မှ ကြီးမားသော ဝန်ထုတ်ဝန်ပိုး ဖြစ်တယ်ဆိုတဲ့ လေသံတွေတော့ ပြောပါတယ်။

ကိုသားညွန့်ဦး။ ။အခု အသစ်ရောက်လာတဲ့လူတွေကို နိုင်ငံတကာ အဖွဲ့အစည်း ဥပမာ UNHCR တို့ ကူညီတာကော မရှိဘူးလားခင်ဗျ။

ဦးအေးလွင်။ ။သူတို့က စာရင်းကို မယူရသေးဘူး ၊ ကျနော်တို့ကို လိုက်ပြတာပဲလေ၊ စနစ်တကျ သူတို့ ဘာမျ မလုပ်ရသေးဘူးခင်ဗျ။”

ရခိုင်ပြည်နယ်အရေးအကြံပေးကော်မရှင်ရဲ့ အဖွဲ့ဝင် ဦးအေးလွင်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG