သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘူးသီးတောင်နဲ့ မောင်တော ညမထွက်ရအမိန့် နှစ်လတိုး


ဘူးသီးတောင်မြို့နယ်ရှိ လုံခြုံရေးရဲများ
ဘူးသီးတောင်မြို့နယ်ရှိ လုံခြုံရေးရဲများ

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေအတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာ ကို နှစ်လ ထပ်မံတိုးမြင့်လိုက်ပေမယ့်၊ လုံခြုံရေးအခြေအနေကတော့ သိသိသာသာ ဆိုးဆိုးဝါးဝါးဖြစ်လာ တာမရှိ ဘူး လို့ တပ်မတော်ဖက်ကပြောပါတယ်။ ဒါ့အပြင် ပေါက်တောပြင်ဘုန်းကြီးကျောင်းမှာ ခုံလှုံနေတဲ့ ပုဏ္ဏားကျွန်းမြို့ နယ် ရွာ၉ ရွာက စစ်ဘေးဒုက္ခသည်အတော်များများ နေရပ်ပြန်သွားခဲ့ပါတယ်။ ရခိုင်လုံခြုံရေးအခြေအနေ စုံစမ်း မေးမြန်းထားတဲ့ ကိုနိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့အကြား ပြင်းပြင်းထန်ထန်တိုက်ပွဲ တွေဖြစ်ခဲ့တဲ့နောက် ၂၀၁၉ ဖေဖော်ဝါရီလ အတွင်းက ဘူးသီးတောင်နဲ့ မောင်းတောမြို့နယ်တွေမှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ရတာပါ။ အခု ဇွန်လ ၉ ရက်နေ့မှာတော့ ညမထွက်ရ အဲဒီအမိန့်ကို နောက်နှစ် လတိုးပြီး၊ မောင်တောမြို့နယ်မှာဆိုရင် ည ၉နာရီမှ နံနက် ၅ နာရီအထိ၊ ဘူးသီးတောင်မြို့နယ်မှာဆိုရင် ည၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ဖို့ ထုတ်ပြန်ပါတယ်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်မှာလုံခြုံရေးစိတ်မချရသေးတဲ့အခြေအနေကြောင့် ညမထွက်ရအမိန့်ကို ထပ်မံချခဲ့တာလို့မောင်တောခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးအောင်ကပြောပါတယ်။

“စိတ်မချရသေးလို့ထပ်ထုတ်တာပေါ့။ သက်တမ်းတိုးတာပေါ့။ သူကတခါ ထုတ်ရင်(၂)လဗျ။ များသောအားဖြင့်လုံခြုံ ရေး စိတ်မချရလို့ဆိုတာနဲ့ ကျွန်တော်တို့ကထုတ်ပြန်ထားတာလေ။ ပုံမှန်နေရာတွေနဲ့စာရင်စိတ်မချရသေးလို့။

ဘူးသီးတောင် မောင်တောဖက်မှာ လုံခြုံရေးဆိုးဝါးမှုမရှိပေမဲ့ ဂရုစိုက်နေရတုန်းအခြေအနေရှိလို့ ညမထွက်ရ အမိန့်ထုတ်ပြန်တာဖြစ်ကြောင်း တပ်မတော်သတင်းမှန်ထုတ်ပြန်ရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။

“ကျွန်တော်တို့သက်တန်းကုန်သွားလို့ ပြန်ဆင့်ပြီးထုတ်နေကြ။ အဓိကတော့ အဲဒီဖက်မှာတော့ လုံခြုံရေးအခြေအနေ ကတော့ ပိုပြီးတော့ ဆိုးဝါးလာတာမရှိဘူး။ ဒါပေမယ့် လုံခြုံရေးအခြေအနေ ဂရုစိုက်နေရတုန်းအခြေအနေဘဲဖြစ်ပါတယ်ဗျ။ ထုတ်ပြန်တာကတော့ ခရိုင်ကနေ သူ့ရဲ့လုပ်ထုံးလုပ်နည်း အဆင့်က မြို့နယ်ကနေ ခရိုင်ကိုတင်တယ်။ ခရိုင်ကနေပြီး တော့မှ တိုင်းဒေသကြီး တိုင်းဒေသမှအစိုးရကို တင်တယ်။ အစိုးရကနေခွင့်ပြုလိုက်ပြီဆိုရင်လဲ ထုတ်တဲ့ သဘောပါဘဲ။”

မောင်တောမြို့နယ်မှာ ၂၀၁၂ခုနှစ်အတွင်း ဒေသတွင်းရခိုင်လူမျိုးနဲ့ ဌာနေ မွတ်စလင်နွယ်ဖွားတွေအကြား လူမျိုးရေး ဘာသာရေး အဓိက ရုဏ်းဖြစ်တာကြောင့် ညမထွက်ရအမိန့် အဲဒီတုန်းက ထုတ်ပြန်ခဲ့ရပါတယ်။

၂၀၁၇ခုနှစ် သြဂုတ်လ(၂၅)ရက်နေ့ ARSA ရိုဟင်ဂျာအဖွဲ့ တိုက်ခိုက်မှုတွေဖြစ်တဲ့နောက်မှာလည်း မောင်းတော မြို့နယ်တွင်းမှာ ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ရပါတယ်။

သြဂုတ်လအထိ နှစ်လတိုးထားတဲ့ အခုညမထွက်ရအမိန့်ကိုတော့ လုံခြုံရေးမတည်ငြိမ်သေးသမျှ ထပ်မံထားရှိဦး မယ်လို့လည်း မောင်းတောမြို့နယ်အာဏာပိုင်တွေက ပြောပါတယ်။

တချိန်တည်းမှာတော့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ၊ပေါက်တောပြင်ဘုန်းကြီးကျောင်း စစ်ဘေးဒုက္ခသည် စခန်း မှာတိမ်းရှောင်နေတဲ့ စစ်ရှောင်အားလုံးနီးပါး နေရပ်ရင်းကို ပြန်သွားကြတယ်လို့ စစ်ရှောင်စခန်းဦးဆောင် သူသဘာဝနဒီဆရာတော်ကအခုလိုမိန့်ပါတယ်။

“အေးချမ်းတာတော့မဟုတ်ဘူး။ စစ်ကြောင်းကသူတို့ ရွာထဲတပ်စွဲနေထိုင်တာကနေ ရုပ်သိမ်းသွားတယ် ပေါ့နော်။ စစ် ကြောင်းထွက်သွားတဲ့အခါကျတော့ သူတို့က စစ်ကြောင်းမရှိတော့ဘူးဆိုပြီး ပြန်ချင်တဲ့သူတွေ ပြန်တာပေါ့ဗျာ။ (၂၀၀၀)ကျော် (၃၀၀၀)ဝန်းကျင်လောက်ပေါ့။ ပိုးရွှီပြင်ဆို လုံးဝမကျန်တော့ဘူး။ အခုကျန် တာက(၂၃၂)ဦးပါ။ အိမ်ထောင်စုက(၉၃)စု ကျန်ပါတယ်ဗျ။”

စစ်ရှောင်ရွာသား(၂၀၀၀)ကျော်ပြန်သွားကြပြီး ခနောင်းကြီး၊ ဂန့်ဂါ ၊ စေတီပြင်၊ ရဟတ်တောင် အစရှိတဲ့ရွာ(၅)ရွာက စစ်ရှောင်ဦးရေ(၂၀၀)ကျော်သာ ကျန်ရှိတယ်လို့ ဆရာတော်ကမိန့်ပါတယ်။

ဒုက္ခသည်စခန်းထ ဲAAရခိုင်လက်နက်ကိုင်အဖွဲ့တွေ ခိုအောင်းနေတယ်ဆိုတဲ့သံသယနဲ့ ဇွန် လ(၁၀)ရက်နေ့တုန်း ကတော့ ပေါက်တောပြင်ဘုန်းကြီးကျောင်း စစ်ဘေးဒုက္ခသည်စခန်းကို တပ်မတော်ကနေ ဝိုင်းပတ် ရှာဖွေ စစ်ဆေးဖို့ကြိုးစားရာမှာ စခန်းဦးဆောင် ဆရာတော်တွေက ယူနီဖေါင်းနဲ့ဝင်ခွင့်မပေးလို့ တညလုံး ဝိုင်းရံ ထားခဲ့ပြီး တင်းတင်းမာမာဖြစ်ခဲ့ပါသေးတယ်။ ဇွန်လ(၁၁) ရက်နေ့မှာတော့ သံဃာတော်တွေ လွှတ်တာ်ကိုယ်စားလှယ် တွေကြားဝင်ညှိနှိုင်းချက်အရ တပ်မတော် အရာရှိတွေအပါအဝင် အာဏာပိုင်တွေကနေ ဝင်ရောက်စစ်ဆေးရာမှာ ထူးခြားမှုမရှိလို့ အခြေအနေအေးချမ်းစွာ ပြီးဆုံးသွားပါတယ်။

ဒါပေမဲ့ အဲဒီနေ့မှာဘဲ လယ်တဲမှာရှိနေတဲ့ ပေါက်တော ပြင်ကျေးရွာသားတဦးကို တပ်မတော်ကနေ ဖမ်းဆီးသွားခဲ့ တယ်လို့ သဘာဝနဒီဆရာတော်က အခုလိုဆက်မိန့်ပါတယ်။

“လယ်ထဲမှာတယောက်အဖမ်းခံထားရတယ်။ သူကပြန်အလွတ်သေးဘူး။ (၃)ရက်ရှိနေပြီ ဒီနေ့နဲ့ဆိုရင်။ သူ့မိသားစု တွေ ကလဲအရမ်းစိုးရိမ်ပူပန်ပြီးတော့ လာပြီးလျှောက်ထားတာ တွေရှိတယ်။ သူ့ကိုဖမ်းချုပ်ထားတာက ပုဏ္ဏားကျွန်းမြို့နယ်က နတ်ပုဆိုးဆိုတဲ့ ကျေးရွာမှာ တပ်စွဲနေထိုင်ထားတဲ့ ခလရ(၃၄၆)ကခင်ဗျ။”

တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ရွာသားတွေကိုဖမ်းဆီးတာ မရှိဘူးလို့ပြောပါတယ်။

“မရှိပါဘူး။ ကျွန်တော်တို့အဲဒီမှာ ဝင်ရောက်စစ်ဆေးခဲ့တာရှိတယ်။ ပထမနေ့မှာတော့ ဆရာတော်တွေ ခွင့်မပြုတဲ့ အတွက် စောင့်ပေးပြီးတော့နောက်နေ့မှာ ခွင့်ပြုတဲ့အတွက် ဝင်ရောက်စစ်ဆေးတယ်။ စစ်ဆေးပြီးတော့လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှု တွေလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ဆီက ဖမ်းဆီးတာ ထိန်းသိမ်းတာ ကျွန်တော်သိရသလောက် တော့မရှိပါဘူးဗျ။”

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအခြေအနေဟာ အခုလအတွင်း သိသိသာသာ တိုးတက်လာတယ်လို့ တပ်မတော် ဖက်က ပြောနေပေမယ့်လည်း ဒေသခံတွေကတော့ စိုးရိမ်မှုတွေရှိနေကြဆဲပါ။ AA ရခိုင်လက်နက်ကိုင်တွေကို ရခိုင်ပြည်နယ်အတွင်း အခြေချခွင့်မပေးနိုင်ဘူးလို့ မြန်မာစစ်တပ်က အကြိမ်ကြိမ်ပြောနေတာကြောင့်လည်း ဒေသတွင်း စစ်ရေးပဋိပက္ခတွေဟာ ပြေလည်မယ့်ပုံတော့ မရှိသေးပါဘူး။ AA လက်နက်ကိုင်တွေဟာ ကျေးရွာတွေနဲ့ အရပ်သားတွေကို အကာအကွယ်ယူပြီး သူတို့ကို တိုက်ခိုက်တာတွေ ရှိနေတယ်လို့ မြန်မာစစ်တပ်ဖက်က ပြောနေ ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG