သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးဦးတည်ပြီး ပြောဆိုလုပ်ကိုင်ဖို့ AA တိုက်တွန်း


AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

(Zawgyi / Unicode)

စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရခိုင်အပါအဝင် တိုင်းရင်းဒေသတွေက စစ်မီးတွေငြိမ်းဖို့ဆိုရင် တိုက်ပွဲတွေ လျှော့ချဖို့ဆိုရင် အစိုးရ၊ တပ်မတော်ဘက်က ငြိမ်းချမ်းရေးကို ဦးတည်တဲ့ လက်တွေ့ကျတဲ့ ပြောဆိုလုပ်ကိုင်မှုတွေ လုပ်သင့်တယ်လို့ AA ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဘက်က ပြောဆိုလိုက်ပါတယ်။ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ AA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တပ် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ကြား ဒီကနေ့ တရုတ်နိုင်ငံမှာ ငြိမ်းချမ်းရေး အလွတ်သဘော ဆွေးနွေးနေကြချိန် အခုလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

မြန်မာနိုင်ငံထဲက တိုင်းရင်းသားဒေသတွေမှာ အထူးသဖြင့် ရခိုင်ပြည်နယ်ထဲ အစိုးရတပ်နဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေချိန် NCA အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ရော အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တချို့နဲ့ပါ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းမြောက် စတဲ့ တိုင်းရင်းဒေသတွေမှာပါ စစ်ရေးတင်းမာမှုတွေ ရှိနေချိန်မှာပဲ မြန်မာအစိုးရနဲ့ တပ်မတော် နောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ကြား ငြိမ်းချမ်းရေးရနိုင်ဖို့ ယုံကြည်မှု တည်ဆောက်နိုင်ဖို့ ငြိမ်းချမ်းရေးစကားဝိုင်း ကျင်းပနိုင်ဖို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရချိန် ဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာပဲ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ကြား တရုတ်နိုင်ငံထဲ အလွတ်သဘော တွေ့ဆံုံဖို့ သွားရောက်နေပါတယ်လို့ မြန်မာအစိုးရ ငြိမ်းချမ်းရေးအကျိုးဆောင်တဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ တနင်္ဂနွေနေ့မှာတော့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တရုတ်နိုင်ငံမှာ တွေ့ဆုံဖို့ ရှိနေပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကချင်လွတ်မြောက်ရေးတပ် (KIA)၊ နောက် ရက္ခိုင့်တပ်မတော် (ULA/AA)၊ ကိုးကန့်တပ်၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ်တပ်ပေါင်းစု တပ်မတော် (MNDAA) နဲ့ တအာင်းပလောင်တပ် (PSLF/TNLA) တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေတာပါ။

တိုင်းရင်းဒေသတွေက စစ်မီးတွေငြိမ်းဖို့ စစ်ရေးပဋိပက္ခတွေ ငြိမ်းဖို့ဆိုရင် အစိုးရနဲ့ တပ်မတော်ဘက်က ငြိမ်းချမ်းရေးကို ဦးတည်တဲ့ လုပ်ရပ်တွေ ပြောဆိုမှုတွေကို ဆောင်ရွက်သင့်တယ်လို့ မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုထဲက ရက္ခိုင့်တပ်မတော် (AA) ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“တဖက်နဲ့တဖက်ကြားမှာ တင်းမာမှုတွေက စစ်ရေးအရရော နိုင်ငံရေးအရရော တင်းမာမှုတွေ များလာတယ်။ အဲဒီဥစ္စာတွေကို လျှော့ချဖို့ဆိုရင် ငြိမ်းချမ်းရေးကို ဦးတည်နိုင်တဲ့ အပြောအဆို အပြုအမူ အလုပ်အကိုင်တွေ စလုပ်ဖို့ လိုတာပေါ့နော်။ အဲဒီလိုမဟုတ်ဘဲနဲ့ အစိုးရတရပ်ကနေပြီးတော့ ပြည်သူတွေကို နေ့စဉ်ရက်ဆက် မတရား နှိပ်စက် ညှဉ်းဆဲ သတ်ဖြတ်ပြီးတော့ စစ်ရာဇဝတ်မှုကို ကျူးလွန်နေမယ်ဆိုရင် တိုင်းရင်းသားတွေဘက်ကလည်း ခုခံစစ်ကို အရှိန်မြှင့်ပြီး လုပ်ရုံမှအပ အခြားနည်းလမ်း မရှိဘူးဆိုတာ ဖြစ်လာတယ်။ အဲဒါကြောင့် အစိုးရဘက်ကလည်း ပိုပြီးတော့ ဒီကိစ္စတွေကို သတိထားပြီး လုပ်ဆောင်သင့်တာပေါ့နော်။”

မဆုမွန် - ရခိုင်ဘက်မှာလည်း တိုက်ပွဲက တောက်လျှောက် ဖြစ်နေတုန်း အနေအထားရှိတယ်။ ဒီကြားထဲမှာ ဒီလို ဆွေးနွေးမှုတွေလည်း လုပ်နေဆဲ အနေအထား ဆိုတော့ ဒီစစ်မီး ပဋိပက္ခတွေ ငြိမ်းနိုင်အောင် ဘယ်လိုအနေအထားမျိုးတွေ လုပ်နိုင်မယ်ဆိုရင် ပိုပြီးအဆင်ပြေမယ်လို့ ဦးခိုင်သုခ အကြံပြုချင်တာ ရှိပါသလဲ။

ခိုင်သုခ - “အခု ဗမာစစ်တပ်ဘက်က လုပ်နေတဲ့ အင်အားတွေ အလွန်အကျွံသုံးပြီး လုပ်နေတဲ့ ထိုးစစ်တွေ ရပ်လိုက်ရင် ယုံကြည်မှု တည်ဆောက်ရေးမှာ ပိုပြီးတော့ အထောက်အကူ ဖြစ်နိုင်တာပေါ့။ ကျနော်တို့ဘက်ကတော့ လွန်ခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ကတည်းက ထိုးစစ်တွေ ရပ်ထားမယ်ဆိုပြီး ကြေညာချက် ထုတ်ထားပြီးသား ရှိတယ်။ အဲဒီနောက်ပိုင်းမှာ မြန်မာစစ်တပ်ဘက်က ကျနော်တို့ဘက်က ထိုးစစ်ရပ်ထားတာကို အခွင့်ကောင်းယူပြီးတော့မှ သူတို့က ထိုးစစ်ကို အင်အား အလွန်အကျွံ သုံးပြီးတော့ လုပ်လာတဲ့ဟာတွေ ရှိတယ်။ တဖက်က ထိုးစစ်တွေ များလာလို့ရှိရင် ဒီဘက်ကလည်း ခံစစ်ကို နည်းနည်း ပြင်းပြင်းထန်ထန် လုပ်ရတဲ့ သဘောမျိုးတွေ ဖြစ်လာတာပေါ့။ အဲဒါကြောင့်မို့ အကောင်းဆုံးကတော့ ဗမာစစ်တပ်ဘက်က သူတို့လုပ်နေတဲ့ ထိုးစစ်တွေကို ရပ်လိုက်လို့ရှိရင် နှစ်ဖက် စကားပြောတဲ့ဟာက ပိုပြီးတော့ အဆင်ပြေ ချောမွေ့လာမှာပါ။”

မဆုမွန် - အခုလက်ရှိ သွားတွေ့နေတာ အစိုးရဘက်က ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ ဆိုတော့ တကယ့် တပ်နဲ့က မြေပြင်မှာ ဖြစ်နေတာဆိုတော့ အစိုးရနဲ့ တပ်နဲ့ကြားထဲမှာ သြဇာလွှမ်းမိုးမှု ရှိတာရော၊ အစိုးရနဲ့ တပ်မတော်ကြားမှာရော ဘယ်လိုပုံစံမျိုးနဲ့လုပ်မှ ပိုပြီး အဆင်ပြေမယ်လို့ ဦးခိုင်သုခ အနေနဲ့ အကြံပြုချင်တာ ရှိပါသလဲ။

ခိုင်သုခ - “ကျနော်တို့က အဲဒီကိစ္စတော့ တောက်လျှောက်ပြောလာတာ ဖြစ်တယ်။ တကယ်ပြောမယ်ဆိုရင် အခုဟာက အစိုးရကို ကိုယ်စားပြုပြီးတော့ ဘယ်သူက အဆုံးအဖြတ်ပေးမလဲ ဆိုတာက တော်တော်အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်။ တကယ်ဆုံးဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်က စစ်တပ်ကလား၊ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကလား ဆိုတာ ကျနော်တို့က တခါတခါ မသည်းကွဲဘူး ဖြစ်နေတယ်။ ဒီဟာကလည်း မေးခွန်းထုတ်စရာတခုပေါ့။ ဘာကြောင့်လဲဆိုရင် ကျနော်တို့မြင်တာကတော့ စစ်တပ်က အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်ကို အပြည့်အဝ ရောက်ဖို့လိုတယ်ဗျ။ မဟုတ်ဘူးဆိုရင် ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေက အရာမထင်ဖြစ်မှာပေါ့။ ဘာကြောင့်လဲဆိုရင် တဖက်မှာ အစိုးရက ငြိမ်းချမ်းရေးကိစ္စကို ဘယ်လောက်ပဲ အားသွန်ခွန်စိုက်လုပ်လုပ် တဖက်မှာ စစ်တပ်က ထိုးစစ်ဆင်နေလို့ရှိရင် ဒီဟာက ဘယ်လိုမှ အလုပ်မဖြစ်ဘူးပေါ့ဗျာ။ အဲဒါကြောင့် စစ်တပ်က အစိုးရရဲ့ ထိန်းချုပ်မှုအောက်ရောက်ဖို့ တော်တော်အရေးကြီးတယ်။”

စက်တင်ဘာလတုန်းက မြန်မာနိုင်ငံ ရှမ်းပြည်နယ် ကျိုင်းတုံဆွေးနွေးပွဲ နောက်ပိုင်း အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နဲ့ KIO ကချင်၊ MNTJP ကိုးကန့်၊ PSLF တအာင်း (ပလောင်) နဲ့ ULA ရခိုင်လက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့တို့အကြား ဆွေးနွေးပွဲကို ထပ်မံတွေ့ဆုံကြဖို့ အကြိမ်ကြိမ် ညှိနှိုင်းခဲ့ကြပေမယ့် ကျိုင်းတုံဆွေးနွေးပွဲ နောက်ပိုင်းမှာကတည်းက နေရာသတ်မှတ်ဖို့ အခက်တွေ့ခဲ့ကြတာဖြစ်ပြီး ၂၀၁၉ နှစ်မကုန်ခင်မှာတော့ ဒီတရုတ်နိုင်ငံက အလွတ်သဘော တွေ့ဆုံမှုကနေ ငြိမ်းချမ်းရေးရလဒ်တွေ ရဖို့ မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။

---------------------------------

(Unicode)













တိုက်ရိုက် လင့်ခ်


XS
SM
MD
LG