သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အင်တာနက်ပြန်ဖွင့်ပေးဖို့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အရေးကြီးအဆိုတင်


ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းစေတီပုထိုးများ

ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ် ရှစ်မြို့နယ်မှာ အင်တာနက် ဖြတ်တောက်ထားတာကို ရပ်ဆိုင်းပြီး အမြန်ဆုံး ပြန်သုံးခွင့်ပေးဖို့ ပြည်နယ်အစိုးရကတဆင့် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အရေးကြီး အဆိုကို ရခိုင်ပြည်နယ် လွှတ်တော်မှာ ဒီကနေ့ တင်သွင်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ သတင်းအမှောင် ချထားမယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုပြီး ဆိုးလာနိုင်တဲ့အတွက် အခုလို အရေးကြီးအဆို တင်သွင်းရတာလို့ အဆိုတင်သွင်းသူ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် ရှစ်မြို့နယ်နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေမှာ နယ်မြေ အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အများပြည်သူအကျိုးကို ထိခိုက်စေတဲ့အတွက်ဆိုပြီး ဒီလ ၂၁ ရက်နေ့က စတင်ပြီး အင်တာနက်လိုင်းတွေကို အစိုးရရဲ့ ညွှန်ကြားချက်နဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ၀န်ကြီးဌာနက ယာယီ ဖြတ်တောက်ထားတာပါ။

ဒီလို ပိတ်ထားတာကို အမြန်ဆုံး ပြန်ဖွင့်ပေးဖို့အတွက် ရခိုင်ပြည်နယ် လွှတ်တော်မှာ ဒီကနေ့ အရေးကြီးအဆို တင်သွင်းတာ ဖြစ်ပါတယ်။

ဒီအရေးကြီးအဆို တင်သွင်းရတဲ့ အဓိက စိုးရိမ်ချက်ကို အဆိုတင်သွင်းသူ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က အခုလို ပြောပါတယ်။

“စစ်ဖြစ်နေတဲ့ဒေသတွေမှာ မတရား ဖိနှိပ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အကြမ်းဖက် နှိပ်စက်မှုတွေ၊ သံသယနဲ့ ချုပ်နှောင်ဖမ်းဆီးမှုတွေ ထပ်ပြီး ဒီထက်မက ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက်ကြောင့် အချိန်မီ ကာကွယ် ကုစားနိုင်ဖို့အတွက် ကျနော်တို့ လွှတ်တော်ကနေပြီး တင်ပြ တောင်းဆိုလိုက်ရတာ ဖြစ်ပါတယ်။ တကယ်လို့များ ဒီကိစ္စကို သတင်း အမှောင်ချလိုက်မယ်ဆိုရင် မြေပြင်အနေအထားမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေဟာ ဒီထက်မက စိုးရိမ်စရာတွေကို ကျနော်တို့ ဘာတခုမှ အချက်အလက် ရတော့မှာ မဟုတ်တဲ့အတွက်ကြောင့် အစိုးရကို ဒီအင်တာနက်လိုင်းတွေကို အမြန်ဆုံး ပြန်ဖွင့်ပေးဖို့အတွက် ပြောချင်ပါတယ်။”

အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတဲ့အတွက် Wave money လို ငွေလွှဲတဲ့စနစ်တွေ၊ ရုံးလုပ်ငန်းကိစ္စတွေ၊ ပြည်ပမှာသွားရောက် အလုပ်လုပ်သူတွေနဲ့ မိသားစုဆက်သွယ်တဲ့ ကိစ္စတွေမှာ အခက်အခဲ ဖြစ်ရတာကြောင့်လို့လည်း ပြောပါတယ်။

အရေးကြီးအဆိုကို လာမယ့် ၂၆ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးဖို့ ရှိကြောင်းလည်း ဦးလှသိန်းအောင်က အခုလို ဆက်ပြောပါတယ်။

“လွှတ်တော်က ဒီနေ့ ကျနော်တင်တဲ့ အဆိုကို ဘူးသီးတောင်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ထောက်ခံပြီးတော့ မနက်ဖြန် ဆွေးနွေးမယ့်သူ အမည်စာရင်းကို တောင်းထားတယ်။ သန်ဘက်ခါမှာ ၂၆ ရက်နေ့မှာ လွှတ်တော်မှာ ဆွေးနွေးပြီးတော့ လွှတ်တော်ရဲ့ သဘောထားကို ရယူမှာ ဖြစ်ပါတယ်။”

လူ့အခွင့်အရေး သတင်းအချက်အလက်တွေ ရယူ စုဆောင်းနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကတော့ သူတို့ကြုံတွေ့ရတဲ့ အခက်အခဲကို အခုလို ပြောပါတယ်။

“ကျနော်တို့က ဒီစစ်ဘေးဒုက္ခသည်တွေရဲ့ အရေအတွက်ရယ်၊ နောက် သူတို့ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေရယ် သူတို့ရဲ့ လိုအပ်ချက်တွေကို ကျနော်တို့က အထောက်အထား တခု အနေနဲ့သော်လည်းကောင်း၊ မှတ်တမ်းတခုအနေနဲ့ သော်လည်းကောင်း ဓါတ်ပုံမှတ်တမ်း၊ ဗီဒီယိုမှတ်တမ်းတွေ ယူရတယ်။ အဲဒါတွေကို အင်တာနက်ကို သုံးပြီးတော့မှ သတင်းပေးပို့ချက်တွေ လုပ်တာပေါ့နော်။ ဒါတွေက အခုက လုပ်လို့ မရတော့ဘူးပေါ့။ အဲဒီတော့ မြေပြင်မှာ ရှိနေတဲ့ သတင်း အခြေအနေတွေကို ခိုင်လုံတဲ့အနေနဲ့ သက်သေ အထောက်အထားပြဖို့က မရတော့ဘူးပေါ့။ ကျနော်တို့ ဆီမှာလည်း အများကြီး ထိခိုက်မှုတွေ ရှိတာပေါ့နော်။”

မောင်တောမြို့က စီးပွားရေးသမား တဦးကတော့ ဘဏ်လုပ်ငန်းတွေမှာ ဖုန်းလိုင်းက တဆင့် fax ကို အသုံးပြု ဆောင်ရွက်ရတာကြောင့် ကြန့်ကြာတာတွေ ရှိကြောင်း ပြောပါတယ်။

“အရင်လိုက အင်တာနက်နဲ့ ဘာညာ ချိတ်လို့ ရတယ်ဆိုတော့ မြန်တာပေါ့။ အခုက ဖုန်းနဲ့ ဆိုတော့ သိပ်တော့ မမြန်တော့ဘူးလေ။ ကြိုးဖုန်းတွေနဲ့ fax နဲ့ ပို့ပြီးလုပ်တာလေ အလုပ်ကို။ ဒီနေ့က တနင်္လာနေ့ဆိုတော့ နည်းနည်းလေး အခက်အခဲ ရှိတာပေါ့။”

မောင်တောမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကတော့ ရုံးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လောလောဆယ် အခက်အခဲ မရှိသေးကြောင်း ပြောပါတယ်။

“လက်တွေ့မှာ ဘာမှ အခက်အခဲ မရှိပါဘူး။ အင်တာနက် သုံးမရတာဘဲ ရှိတာ။ ကျနော်တို့က ရုံးပိုင်းဆိုင်ရာဆိုတော့ ဖုန်း၊ fax နဲ့ပဲ အလုပ်လုပ်လို့ရနေတာပဲလေ။”

အစိုးရက ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ် ကိုးခုမှာ အင်တာနက်လိုင်းတွေ ယာယီပိတ်ပင်ထားတဲ့အပေါ်မှာ ဒီဂျစ်တယ် အခွင့်အရေးဆိုင်ရာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက ပြည်သူတွေကို ကြိုတင် အသိမပေးဘဲ ဒီလို ဖြတ်တောက်တာဟာ လူ့ အခွင့်အရေး ချိုးဖောက်တာဖြစ်ပြီး မြန်မာနိုင်ငံက အင်တာနက် အသုံးပြုသူ သန်းပေါင်းများစွာအတွက် စိုးရိမ်စရာဖြစ်ကြောင်း ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG