သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအတွက် ကုလတာဝန် ပျက်ကွက်ခဲ့သလား


ရခိုင်ပြည်နယ်အတွင်းရှိ မြန်မာစစ်သားများ
ရခိုင်ပြည်နယ်အတွင်းရှိ မြန်မာစစ်သားများ

ကုလသမဂ္ဂရဲ့ ယန္တရားစနစ်အားနည်းမှုကြောင့် ကြီးမားကျယ်ပြန့်လှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံတကာအဖွဲ့အစည်းကြီးအနေနဲ့ ဆောင်ရွက်ရမယ့် တာဝန်တွေ ပျက်ကွက်ခဲ့တယ်လို့ ဒီရက်ပိုင်းအတွင်း ထွက်လာတဲ့ ကုလသမဂ္ဂရဲ့ ကိုယ်ပိုင်စုံစမ်းစစ်ဆေးထားတဲ့ အစီရင်ခံစာက ဝေဖန်ထောက်ပြလိုက်ပါတယ်။

ဒီအစီရင်ခံစာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် လက်ခံရရှိထားပြီဖြစ်ကြောင်းနဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေကို မဖြစ်မနေ အကောင်အထည်ဖေါ်ဖို့ရှိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ က မနေ့က ပြောကြားခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေ မတိုင်ခင် အကြမ်းဖက်မှုအရှိန် တိုးလာနေတယ်တဲ့အကြောင်း သတိပေးတဲ့ အခြေအနေတွေ ရှိနေတာကို ကုလသမဂ္ဂက လျစ်လျူပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂအတွင်း စုံစမ်းစစ်ဆေးဖို့ ဂွာတီမာလာ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်၊ ကုလသမဂ္ဂဆိုင်ရာ ဂွာတီမာလာ သံအမတ်ကြီးဟောင်းလည်းဖြစ်တဲ့ Gert Rosenthal ကို အတွင်းရေးမှူးချုပ် Antonio Guterres က ဒီနှစ် အစောပိုင်းက တာဝန်ပေးခဲ့တာဖြစ်ပါတယ်။

အခုတော့ Mr. Rosenthal ရဲ့ အစီရင်ခံစာကို အတွင်းရေးမှူးချုပ်အနေနဲ့ လက်ခံရရှိခဲ့ပြီဖြစ်ကြောင်း ဇွန်လ (၁၇)ရက်နေ့ မနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ Stéphane Dujarric က အတည်ပြုပြောကြားခဲ့ပါတယ်။

“Mr. Rosenthal ကို သုံးသပ်ချက် အစီရင်ခံစာ ရေးသားတင်သွင်းဖို့ အတွင်းရေးမှူးချုပ် တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ ဒါကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ အထွေထွေညီလာခံတွေက အတည်ပြုခဲ့တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်တွေမှာ ပါတဲ့အချက်ကို အတွင်းရေးမှူးချုပ်က လိုက်နာအကောင်အထည်ဖေါ်တဲ့အနေနဲ့ဖြစ်ပါတယ်။ ဒီသုံးသပ်ချက်ဟာ ကုလသမဂ္ဂအေဂျင်စီ တခုချင်းစီရဲ့ လုပ်ဆောင်ချက်တွေကို သီးသန့်တိုက်ရိုက် ဖေါ်ပြထားတာ မဟုတ်ပါဘူး။ လက်တွေ့ဖြစ်နေတဲ့ အခြေအနေမှာ ကုလသမဂ္ဂ အဖွဲ့အစည်းအနေနဲ့ ဘယ်လိုဆောင်ရွက် ခဲ့သလဲ ဆိုတာ သုံးသပ်တင်ပြထားသလို အနာဂတ်အတွက် ဘယ်လို သင်ခန်းစာ ယူရမယ်ဆိုတာတွေပါ။”

ကုလသမဂ္ဂအတွင်းအရေးမှူးချုပ်အနေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဌ ဆီကနေတဆင့် ဒီအစီရင်ခံစာကို အဖွဲ့ဝင်နိုင်ငံတွေကို ဖြန့်ဝေဖို့လည်း ပေးပို့ထားပြီးဖြစ်တယ်လို့ Stéphane Dujarric က ပြောပါတယ်။ ဒါအပြင် အများပြည်သူ အတွက် ကုလသမဂ္ဂရဲ့ အင်တာနက် ဝက်ဘ်ဆိုဒ်မှာ အစီရင်ခံစာ အပြည့်အစုံ ကို မကြာခင်ရက်ပိုင်းအတွင်း ထုတ်ပြန်မှာဖြစ်တယ်လို့ ဆိုပါတယ်။

The Guardian သတင်းစာက ကြိုတင်ရရှိထားတဲ့ အဲဒီအစီရင်ခံစာမှာတော့ မြန်မာနိုင်ငံတွင်း ကုလသမဂ္ဂရဲ့ ဆောင်ရွက်မှု အစိတ်အပိုင်းတွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ထင်ထင်ရှားရှားကို ယိုယွင်းပျက်စီးခဲ့ပြီး ဒါဟာ ကုလသမဂ္ဂယန္တရား စနစ်တခုလုံးရဲ့ မအောင်မြင်မှုပဲ ဖြစ်တယ်လို့ အစီရင်ခံစာက သုံးသပ်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ အေဂျင်စီတွေ အချင်းချင်းကြား အားပြိုင်မှုတွေ၊ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂဆက်ဆံရေးမှာ တဖက်နဲ့တဖက် ယုံကြည်မှုမရှိတာ၊ ပဋိပက္ခတွေဖြစ်နေတဲ့ နေရာတွေကနေ လာတဲ့ အချက်အလက် မပြည့်စုံမှုနဲ့ ရောထွေးမှုရှိခဲ့တယ်လို့ အစီရင်ခံစာက ဖေါ်ပြထားပါတယ်။

အတွင်းရေးမှူးချုပ်အနေနဲ့ အစီရင်ခံစာက အကြံပြုချက် အားလုံးကို လက်ခံခဲ့ပြီး ဒီအကြံပြုချက်တွေအတိုင်း လိုက်နာအကောင်အထည်ဖေါ်ဖို့ အခိုင်အမာ ဆုံးဖြတ်ထားတယ်လို့ Stéphane Dujarric က သတင်းထောက်တွေကို ပြောပါတယ်။

“အစီရင်ခံစာပါ သုံးသပ်ချက်ဟာ မြန်မာနိုင်ငံက ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နဲ့ ကုလသမဂ္ဂဝန်ထမ်းအဖွဲ့တွေအတွက် တန်ဖိုးရှိသလို မြန်မာနိုင်ငံလိုမျိုး အလားတူ စိန်ခေါ်မှု အခက်အခဲတွေရှိနေတဲ့ နိုင်ငံတွေမှာ လုပ်ဆောင်နေတဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေအတွက်လည်း အသုံးဝင်ပါတယ်။ အစီရင်ခံစာပါ အကဲဖြတ်ချက်တွေဟာ သူ့ရဲ့ ကိုယ်ပိုင် ကြိုးပမ်းဆောင်ရွက်ချက်တွေနဲ့ ကိုက်ညီနေတယ်လို့လည်း အတွင်းရေးမှူးချုပ်က အသိအမှတ်ပြုပါတယ်။ သူရဲ့ ကြိုးပမ်းချက်တွေကတော့ ကုလသမဂ္ဂဝန်ထမ်းမျိုးဆက်သစ်တွေကို နိုင်ငံအလိုက် တာဝန်ပေးပြီး ဌာနချုပ် အဆင့်မှာ ဖွဲ့စည်းတည်ဆောက်ပုံကို ပိုမိုပြင်ဆင်ခြင်းအားဖြင့် အဲဒီနိုင်ငံမှာရှိနေတဲ့ ကုလသမဂ္ဂရဲ့ တာဝန်ခံမှု ၊တာဝန်ယူမှု နဲ့အတူ စွမ်းဆောင်မှုတွေ တိုးတက်လာဖို့နဲ့ ကာကွယ်တားဆီးရေးကို ပိုမိုအလေးထားဖို့ ဖြစ်ပါတယ်။”

ဒါအပြင် ကုလသမဂ္ဂ လုပ်ထုံးလုပ်နည်းအရ ဒီအစီရင်ခံစာကို ကုလသမဂ္ဂအကြီးတန်းခေါင်းဆောင် တွေကို အတွင်းရေးမှူးချုပ်က မျှဝေခဲ့ပြီးဖြစ်တယ်လို့ Stéphane Dujarric က ပြောပါတယ်။ ဒီအစီရင်ခံစာဟာ ကုလသမဂ္ဂနည်းစနစ်တခုလုံး ချွတ်ယွင်းအားနည်းချက်တွေကို ထင်ဟပ်စေတယ်ဆိုတာ ဟုတ်ပါသလား ဆိုတဲ့ သတင်းထောက်တဦးရဲ့ မေးခွန်းကိုတော့

“ခင်ဗျား ပြောခဲ့သလိုပဲ ဒီအစီရင်ခံစာဟာ ကုလသမဂ္ဂ ရဲ့ လုပ်ထုံးလုပ်နည်း စနစ် အတိုင်းဆောင်ရွက်ရာမှာ ရှိနေတဲ့ ပြဿနာ အများအပြားကို ထင်ဟပ်စေတာဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ ဖြောင့်မတ်မှန်ကန်ပြီး အလွန်အသုံးဝင်တဲ့ အစီရင်ခံစာကို တင်သွင်းနိုင်တဲ့ အတွက် Mr. Rosenthal ကို အတွင်းရေးမှူးချုပ်အနေနဲ့ အလွန်ပဲ ကျေနပ်အားရမိပါတယ်။ စောစောက ပြောခဲ့သလိုပဲ ဒီအစီရင်ခံစာပါ သုံးသပ်ချက်နဲ့ အကြံပြုချက်တွေကို အတွင်းရေးမှူးချုပ်က အပြည့်အဝလက်ခံပြီး သေသေချာချာ အကောင်အထည်ဖော်ဖို့အတွက် ကုလသမဂ္ဂအကြီးတန်း ခေါင်းဆောင်တွေနဲ့အနီးကပ် လုပ်ဆောင်သွားဖို့ရှိပါတယ်။ “

Mr. Rosenthal ရဲ့ အစီရင်ခံစာမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ကြသူတွေရဲ့ လုပ်ဆောင်ချက်တွေထဲက အားနည်းချက်၊ အားသာချက်တွေကိုလည်း သုံးသပ်ထားသလို၊ ကုလသမဂ္ဂ ယန္တရားနည်းစနစ် ချို့ယွင်းမှုတွေကိုလည်း ထောက်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG