သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်တော်မြို့အနီး ပေါက်ကွဲမှုဖြစ် တဦးအသေဖမ်းဆီး


ရခိုင်ပြည်နယ်မှရှိတဲ့ မြန်မာစစ်သားများ ကင်းလှည့်နေစဉ် (အောက်တိုဘာ၊ ၀၂၊ ၂၀၁၃)
ရခိုင်ပြည်နယ်မှရှိတဲ့ မြန်မာစစ်သားများ ကင်းလှည့်နေစဉ် (အောက်တိုဘာ၊ ၀၂၊ ၂၀၁၃)

မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့အကြား စစ်ရေးတင်းမာမှုတွေ ရှိနေတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ဲပြီး ဗုံးခွဲတိုက်ခိုက်သူ AA တပ်ဖွဲ့ဝင်ကို အသေဖမ်းဆီးခဲ့တဲ့အကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။ မနေ့က ညနေပိုင်းမှာလည်း ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် အစပ်မှာ တပ်မတော်စစ်ကြောင်း ဗုံးခွဲတိုက်ခိုက်ခံရပေမဲ့ ထိခိုက်မှုမရှိဘူးလို့ တပ်မတော်တာဝန်ရှိသူတွေက ပြောပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်း ထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်ကျောက်တော်မြို့တောင်ဘက် ၆ ဖါလုံခန့်အကွာ တောင်ပေါက်ရွာနဲ့ ဘုရားပေါင်းရွာကြားမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ကျောက်တော်နားလေးမှာပဲ။ ရန်ကုန်စစ်တွေ ကားလမ်းပေါ်မှာပဲ။ ဟိုဘက်က စစ်တွေဘက်က အဝင်ဘက်ကပေါ့။ အဲဒီဘက်က မိုင်းဗုံးပေါက်ကွဲမှု ရှိတယ်။ ထိခိုက်ဒဏ်ရာရမှုကတော့ ကျနော်တို့ဘက်ကတော့ မရှိဘူး။ ဗုံးခွဲသူက ပြေးလာတယ်။ ဟိုဘက်ကနေပြီးတော့ မိုင်းဆွဲသူက ပြေးတဲ့သူတယောက်တော့ အသေဖမ်းဆီးရမိတာတော့ ရှိတယ်။ လက်ပစ်ဗုံးတလုံးနဲ့။"

ကျောက်တော်မြို့အဝင် မီတာ ၃၀၀၀ ခန့်အကွာမှာ အဝေးထိန်း ရီမုမိုင်း ၂ လုံးနဲ့ မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့တဲ့ AA အဖွဲ့ဝင်တစ်ဦးကို ဆိုင်ကယ် ၁ စီး၊ လက်ပစ်ဗုံး ၁ လုံး၊ ဖုန်း ၂ လုံး၊ မိုင်းထောင်ရာမှာအသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ နှင့်အတူ အသေပစ်ခတ် ဖမ်းဆီးရမိခဲ့တယ်လို့လည်း ဒီကနေ့မှာ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင့်တပ်မတော်ဘက်ကလို့ ယူဆရတဲ့ ဗုံးခွဲသူကို အသေဖမ်းဆီးရမိတယ်လို့ တပ်မတော်ကပြောပေမဲ့၊ ဒေသခံတွေကတော့ သေဆုံးသူဟာ ဘုရားပေါင်းကျေးရွာသား မော်တော်ဆိုင်ကယ် တက္ကစီလိုင်း ဆွဲနေသူတဦးလို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲအပြီး မြန်မာစစ်တပ်ကနေ ပစ်ခတ်လို့ ရွာသားတဦးသေဆုံးပြီး နောက်တဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ကျောက်တော်ဒေသခံတဦးက ပြောပါတယ်။

“ဘုရားပေါင်းရွာကနေ ဆွဲစားနေတဲ့ တက္ကစီသမား မောင်မောင်ဝင်း သူမနက်အစောကြီးသူက ကျောက် တော်ကို သူ့မိန်းမတခေါက်လာပို့သေးတယ်။ သူ့မိန်းမကျောက်တော်မြို့မဈေးမှာ ကန်ဇွန်းရွက်ရောင်းတယ်။ ရွာကို ပြန်တာ အဲဒီမှာ လမ်းမှာပစ်တာထင်တယ်။ နဖူးမှာ သေနတ်ဒဏ်ရာရယ်။ ခြေထောက်မှာ ဒဏ်ရာရယ်။ သေနတ်ဒဏ်ရာ တော်တော်များများနဲ့ သူသေနေတယ်။ ပြီးတော့တောင်ပေါက်ရွာက ကုလားတန်မြစ်ကို ကူတို့ကူးနေတဲ့ ကူတို့လှေ တဦး နဖူးမှာ ကျည်ထိမှန်ပြီးတော့ ကျောက်တော်ဆေးရုံကို ရောက်နေတယ်။ မြန်မာ့တပ်မတော်က ပစ်တာ။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီအလောင်းကို သွားယူတဲ့အချိန် ဌာနဆိုင်ရာဝန်ထမ်းတချို့လည်း ပါတယ်လေ။ သောင်းကျန်းသူ ငါတို့ကိုမိုင်းဖေါက်လို့ သူတို့ကို ပစ်ထည့်လိုက်တယ်။ ပစ်လိုက်ပြီးတော့ ဒါက AA ဆိုပြီးတော့ ပြောကြတယ်။”

အလားတူ မနေ့ညနေ (၅) နာရီမှာ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ဒေးဝန်းနဲ့ မော်ရွာအနီးက ယိုးချောင်းကို ဖြတ်ကူးရထားလမ်းမှာ တပ်မတော်စစ်ကြောင်း ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် မဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောပါတယ်။

“တပ်မတော်သားတွေကဖြတ်သွားတယ်အဲဒီနေရာ။ အဲဒီရထားလမ်းမှာပဲ။ ရထားတော့မပြေးတာကြာပြီးအဲဒီလမ်း။ ယိုးချောင်းကိုကူးတဲ့တံတားလေ။ အဲဒီနားသွားတော့ အဲဒီမှာမိုင်းခွဲတာ။ ဘယ်သူမှအဲဒီအနားမကပ်ရဲဘူး။ အတိအကျဘယ်သူမှမပြောရဲဘူး။ အသေအပျောက်အကျအဆုံးကို။”

တပ်မတော်စစ်ကြောင်းတွေကနေ AA အဖွဲ့နဲ့တိုက်ပွဲဖြစ်ပွါးနေတဲ့ ယိုးချောင်းအထက်ပိုင်းတောင်တန်းဘက်ကို အင် အားဖြည့်တင်းဖို့လာရင်း AA အဖွဲ့ကနေ ဗုံးခွဲတိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့လည်း သူကဆိုပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ဒေးဝန်းရွာအနားမှာ တပ်မတော်စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရကြောင်း အတည်ပြုခဲ့သလို ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်။

“ဒေးဝန်းလား ဘာလားမသိဘူး... အဲဒီနားလေးမှာဖြစ်တာ။ အဲဒီမှာလည်း ကျနော်တို့ မိုင်းခွဲတိုက်ခိုက်မှု တခုရှိတယ်။ AA အဖွဲ့ပါပဲ။ အဲဒီဘက်မှာသူတို့က ကျနော်တို့ လမ်းမတလျှောက် မိုင်းထောင်တာ လုပ်တာ။ ထိခိုက်ဒဏ်ရာရမှုတော့မရှိဘူး။”

မနေ့ကနဲ့ ဒီကနေ့ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဗုံးခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သတင်းအချက်အလက် မရရှိသေးဘူးလို့ AAပြန်ကြားရေး တာဝန်ခံခိုင်သုခကတော့ ပြောပါတယ်။

ဗုံးပေါက်ကွဲအပြီး တပ်မတော်ဘက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေးဝန်းနဲ့မော်ရွာသားတွေ ရွာကနေထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းကလည်း ကျောက်တော်မြို့နယ် ဝါးတောင်စစ်ရှောင်စခန်းနေ ရွာသားတဦးမိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သလို မြောက်ဦးမြို့နယ်က ရွာသားတဦးဟာလည်းမိုင်း နင်းမိသေဆုံးခဲ့ပါတယ်။

ဒီမိုင်းတွေဟာ ဘယ်အဖွဲ့ထောင်ထားတယ်ဆိုတာ မသိရှိသေးပါဘူး။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ဒီကနေ့အထိ AA အဖွဲ့ကနေ မိုင်းထောင်ခဲ့တာအကြိမ် ၁၆ ကြိမ်ရှိပြီးတော့ မိုင်း ၄၆ လုံးကို တပ်မတော်စစ်ကြောင်းတွေက ဖော်ထုတ်ဖောက်ခွဲ ဖျက်ဆီးနိုင်ခဲ့ခဲ့တယ်လို့ တပ်မတော်ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ဒီနှစ်ဆန်းပိုင်း(၄) လတာ စစ်ရေးတင်းမာမှုကာလအတွင်း ရွာသား (၁၀) ဦးကျော် မြေမြှုပ်မိုင်းကြောင့် သေဆုံးခဲ့သလို (၆) ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း စစ်တမ်းကောက်ယူထားတဲ့ ရခိုင်လူမှုအဖွဲ့အစည်း တာဝန်ခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG