သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စစ်ရှောင်အခြေအနေနဲ့ အရပ်သားဖမ်းဆီးမှု စိုးရိမ်ရ


ရခိုင်ဒုက္ခသည်များ (သတင်းဓါတ်ပုံ - Rakhine Ethnics Congress)
ရခိုင်ဒုက္ခသည်များ (သတင်းဓါတ်ပုံ - Rakhine Ethnics Congress)

ရခိုင်ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ပြေးနေရတဲ့ ဒေသခံ စစ်ရှောင်ဦးရေ ၄၀,၀၀၀ နီးပါးအထိ ရှိသွားပြီ်ဖြစ်ပြီး သူတို့အတွက် အရေးပေါ်သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ကူညီ ကယ်ဆယ် ပေးနေသူတွေက ပြောဆိုလိုက်ပါတယ်။ စစ်ဖြစ်နေတဲ့နေရာတွေမှာ စစ်တပ်အင်အားတိုးချလာနေတဲ့အတွက် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေက ပိုပြင်းထန်လာနိုင်မယ့်အနေအထားဖြစ်တယ်လို့ AA ရခိုင်တပ်ပြောခွင့်ရကလည်း ပြောပါတယ်။ ရခိုင်က နောက်ဆုံးအခြေအနေတွေကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ပြောပြပေးပါမယ်။

ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AAနဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်လာလို့ စစ်ဘေးဒဏ်သင့်နေတဲ့ ရခိုင်ပြည်နယ်တွင်း မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ပုဏ္ဍားကျွန်း မြို့နယ် ခြောက်မြို့နယ်ထဲမှာ ယာယီ ဒုက္ခသည်စခန်းပေါင်း ၆၂ အထိ ရှိသွားပြီဖြစ်ပြီးထဲက စစ်ရှောင်ပြည်သူတွေ အပါအဝင် ကျေးရွာတွေထဲမှာပဲ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည် စုစုပေါင်းက အခုနောက်ဆုံးအချိန်အထိ ၃၈,၅၀၀ အထိ ရှိသွားပြီလို့ စစ်ရှောင်စခန်းတွေအထိ စာရင်း လိုက်လံကောက်ယူထားတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က မေလဆန်းက ထုတ်ပြန်ထားပါတယ်။

လတ်တလော စစ်ပြေးဒုက္ခသည်တွေ ရဲ့ အနေအထားက အရေးပေါ်အခြေအနေရောက်နေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက ကိုဇော်ဇော်ထွန်းက ပြောတာပါ။

ကိုဇော်ဇော်ထွန်း။ ။ "၈ ရက်နေ့က ကျနော်တို့ နောက်ဆုံးထုတ်ပြန်ချက်မှာတော့ ၃၇,၆၀၀ ရှိတာပေါ့။ အခုနောက်ပိုင်းမှာတော့ ရသေ့တောင်ဘက်မှာ ဒီမြို့ပေါ်မှာ စခန်း ၅ ခု တိုးလာတယ်ဆိုတော့ အဲ့ဒီမှာက ၉၃၀ လောက်ရှိတယ်။ နောက် စစ်တွေမှာက ၁၁၀ လောက်ရှိတယ်ဆိုတဲ့အခါကျတော့ နောက်ထပ် ၁,၀၀၀ လောက် ထပ်တိုးလာတာပေါ့နော့်။ ၈,၅၀၀ လောက်ဖြစ်သွားပါတယ်။"

မဆုမွန်။ ။ "လတ်တလောမှာက ဘာတွေ အရေးတကြီး အဓိကလိုနေလဲ။ သောက်သုံးရေက အဓိကလား။ စားနပ်ရိက္ခာ ကရော။ နောက်တခြားဘာများ လိုအပ်နေတာ ရှိပါသလဲရှင်။"

ကိုဇော်ဇော်ထွန်း။ ။ "အခုကတော့ အမရယ်.... ဘက်ပေါင်းစုံကတော့ လိုအပ်နေတာပါပဲ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်းပဲ ထိထိရောက်ရောက် မကူညီနိုင်သေးတဲ့ အခြေအနေ နောက် ဒေသခံတွေမှာလည်းပဲ တဖြည်းဖြည်းနဲ့ ဒီအကူညီထောက်ပံ့မှုတွေက နည်းပါးလာတဲ့ အခြေအနေပေါ့။ လိုအပ်တာကတော့ ဘက်ပေါင်းစုံက လိုအပ်နေတာပါပဲ။ ရေဆိုလို့ရှိရင်လည်းပဲ အခုက စစ်ဘေးရှောင်စခန်းတွေသာမကပဲ ဒီနယ်ဘက်မှာရှိတဲ့ ကျေးရွာတော်တော်များများမှာ ဒီရာသီဆို ရခိုင်မှာက ရေပြဿနာက ရှိနေပြန်ရော။ နေရာထိုင်ခင်းရော၊ ရေရှားပါးတာရော၊ နောက်စားနပ်ရိက္ခာ ထောက်ပံ့မှုနည်းလာတာရော ဒီရဲ့အကျိုးဆက်တွေက တခြား ကျန်းမာရေးပြဿနာကိုလည်း ရှိလာပြန်ရောပေါ့နော်။ အဲ့လိုတော့ ဖြစ်နေပါတယ်။"

ဒီလိုစစ်ရှောင်တွေ ၄၀,၀၀၀ လောက်အထိ တိုးလာနေချိန်မှာ ရခိုင်ပြည်နယ်တွင်း လနဲ့ချီ ဖြစ်နေတဲ့ ရင်ဆိုင်တိုက်ပွဲတွေက ဒီကနေ့အထိကို ဆက်ပြီးတော့ ပြင်းပြင်းထန်ထန်ဖြစ်နေဆဲပါ။ စစ်ဖြစ်နေဆဲ နယ်မြေတွေထဲ အစိုးရတပ်ဘက်က စစ်အင်အားတွေ ပိုတိုးချလာနေတဲ့အတွက် ရှေ့ဆက်ပြီး တိုက်ပွဲတွေပိုဖြစ်လာနိုင်တဲ့အနေအထားကိုရောက်နေတယ်လို့ AA ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

"ရခိုင်ဒေသမှာတော့ ဒီတိုက်ပွဲက ဆက်ပြီးတော့ ပြင်းထန်လာမယ့် အနေအထားရှိတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ဒီဗမာစစ်တပ်ဟာ မနေ့ကစပြီးတော့ သူတို့ဒီ ရေကြောင်းကလည်းပဲ ဒီစစ်လက်နက်ပစ္စည်းတွေ ထပ်ပြီးတော့ အင်အားဖြည့်နေတာ ရှိတယ်ဗျနော်။ အခုက ကြည်းတပ်တွေ၊ လေတပ်တွေတင်မကဘူး။ ရေတပ်ကပါ ဝင်ပြီးတော့မှ သူတို့ အဲ့မှာ နောက်ကနေ ထောက်ပံ့ရေးတွေ ပေးနေတာ တွေ့ရတယ်။ အခုဆိုလို့ရှိရင် စစ်လက်နက်ပစ္စည်းတွေ ပြောင်းတာ ရွှေ့တာတွေကို အဲ့ဒီရေတပ်က ဒီရေကြောင်းကနေ ပို့လာတာတွေရှိတယ်။ မနေ့က ထူးခြားတာတခုကတော့ မနေ့ကည ဒီတိုက်ပွဲ ညတိုက်ပွဲဖြစ်နေတုန်းမှာ ကျောက်တော်ဘက်ကနေ သူတို့ အင်အားတွေ ပို့တဲ့အခါ ဒီအင်အားဖြည့်တင်းဖို့အတွက်ပို့တဲ့အခါ အရပ်သား ကားတွေကို ချောဆွဲပြီး ပို့လာတာ ရှိတယ်။ ချောဆွဲပြီးတော့ အဲ့လိုမျိုး ကုန်တင်ကားတွေ သုံးလာတာတွေ့ရတယ်။"

စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲ မနေ့သောကြာနေ့ မနက်ပိုင်းတုန်းက ရခိုင်ပြည်နယ် ကျောက်တော်မြို့က ဗုံးခွဲတိုက်ခိုက်မှုဖြစ်ခဲ့ပြီး ဗုံးခွဲတိုက်ခိုက်သူက AA တပ်ဖွဲ့ဝင်ဖြစ်ပြီး အသေဖမ်းမိခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်တွင်း AA ရခိုင်တပ်နဲ့ စစ်ဖြစ်နေချိန် ဒေသခံလူငယ်တချို့ကို AA တပ်နဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးစစ်ဆေးနေတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ သေဆုံးသူတွေနဲ့ပတ်သက်လို့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးရုံးက မနေ့က သောကြာနေ့က တိုက်တွန်းခဲ့ပါတယ်။

AA ပြောခွင့်ရပုဂ္ဂိုလ်ခိုင်သုခက -

"အဲ့လိုမျိုး နိုင်ငံတကာကနေပြီးတော့ ရခိုင်တွေကို အဲ့လို ဝိုင်းဝန်းပြီးတော့ ဒီ-ကယ်ဆယ်ပေးတာတော့ ကျနော်တို့ ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် အခုက လူမျိုးရေးအရ ဒါအငြိုးအတေးကြီးကြီးနဲ့ ဦးတည်တိုက်ခိုက်လာတာ တွေ့ရတယ်။ အထူးသဖြင့်တော့ လွန်ခဲ့တဲ့ လပိုင်းတွေကတည်းက သူတို့ အဲ့ဒီလိုမျိုးလုပ်လာတာ။ ဆိုတော့ အခုဟာကတော့ ပိုပြီးတော့ ဒါလူမြင်မြင်ထင်ထင် ပြောင်ပြောင်တင်းတင်း ဖြစ်လာတာပေါ့နော်။ သူတို့ အရပ်သားတွေအပါ်မှာ ပစ်မှတ်ထားတိုက်ခိုက်လာတဲ့ အပေါ်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းကနေပြီးတော့ အဲ့လိုမျိုးပြောလာတဲ့ ဥစ္စာကတော့ ဒါကို ကောင်းတဲ့ ကိစ္စပေါ့ဗျာ။ ဒါကို လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စလို့ ကျနော်တို့ အဲ့လိုပဲ မြင်ပါတယ်။"

စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေဆဲ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးထားတဲ့ ကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်နဲ့အဖွဲ့ကတော့ ဒီကနေ့ ရခိုင်ပြည်နယ် စစ်တွေကိုရောက်ရှိလာပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဥပဒေချုပ်အပါအဝင် ရခိုင်အစိုးရအဖွဲ့တွေနဲ့တွေ့ဆုံပြီး ရခိုင်ပြည်နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးတွေ ဆွေးနွေးသလို မိုးရာသီမှာ တိုက်ပွဲရှောင်ပြည်သူများ လုံခြုံစိတ်ချစွာနေထိုင်နိုင်ရေးအတွက် ယာယီအဆောက်အအုံများ ဆောက်လုပ်မယ့်ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရုံးက သတင်းထုတ်ထားပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် စစ်တွေမြို့ပေါ်က စစ်ပြေးစစ်ရှောင်တွေကို အကူညီတွေသွားပေးပေမဲ့လို့ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသလို လုံခြုံရေးအရ တားမြစ်ခံထားရတဲ့နေရာတွေက အကူညီ အမှန်တကယ်လိုအပ်နေတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဆီတော့ အကူညီတွေ မရောက်လာဘူးလို့ ကူညီကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG