သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် အမ်းနဲ့ မြေပုံမြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွား


စစ်ရှောင် ရခိုင် ဒုက္ခသည်များ
စစ်ရှောင် ရခိုင် ဒုက္ခသည်များ

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ဒီကနေ့လည်း အမ်းမြို့နယ်နဲ့ မြေပုံမြို့နယ်တွေမှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး အထိအခိုက် ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ မြေပုံမြို့နယ်က တိုက်ပွဲအတွင်းမှာတော့ မြန်မာရေတပ်က စစ်သင်္ဘော နှစ်စီးကို AA ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ရခိုင်ပြည်နယ်က လက်နက်ကိုင်ပဋိပက္ခတွေရဲ့ နောက်ဆုံး အခြေအနေကို ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က ပြောပြပေးမှာ ဖြစ်ပါတယ်။

ဒီနေ့မနက် မြေပုံမြို့နယ် ကျောက်မော်ရွာအနီးမှာ မြန်မာ့တပ်မတော်ရေတပ် သင်္ဘော နှစ်စီးနဲ့ AA အဖွဲ့တို့အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ မျက်မြင်ဒေသခံရွာသားတွေကနေ ဆက်သွယ်အကြောင်းကြားလာကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖေသန်းက ပြောပါတယ်။

“အဲဒီဘက်က ဒေသခံတွေ ပြောပြချက်အရ ဒီနေ့မနက် ၈ နာရီလောက်မှာ အဲဒီမြေပုံမြို့နယ်နဲ့ အမ်းမြို့နယ်နယ်စပ်ကြား ချောင်းပေါ့ဗျ။ မြစ်ပေါ့။ အဲဒီမြစ်ကိုလာပြီးတော့ ကျောက်မော်ဆိုတဲ့ နေရာလောက်က Navy နှစ်စီးနဲ့ အဲဒီတောင်ပေါ်ကို လှမ်းပစ်တယ်လို့တော့ ပြောတယ်။ လက်နက်ကြီးနဲ့ အမြောက်နဲ့ အချက် ၁၀ ကျော်လောက် ပစ်တယ်ဗျ။ အဲဒီအချိန်မှာ AA တပ်ဖွဲ့တွေကလာပြီးတော့ RPGနဲ့ပစ်တယ်လို့ဒေသခံတွေကပြောတယ်။ အဲတာနဲ့ အဲဒီ Navy နှစ်စီးက ပြန်ဆုတ်သွားတယ်ဗျ။ ထိမထိတော့ ကျနော်လည်း မပြောတတ်ဘူး။ ရွာသားတွေကလည်း တောင်ပေါ်ကအဝေးက လှမ်းကြည့်နေကြတာပေါ့လေ။ အနီးမကပ်ရဲဘူး။ အဲဒီမြစ်ကတော့ ဒေသခံတွေပြောတာကတော့ သောင်ဆိပ်မြစ်ပေါ့ဗျာ။”

ဒီမနက်မှာ မြန်မာရေတပ်သင်္ဘောနှစ်စီးကနေ AA ရှိနိုင်မယ့် တောင်တန်းတွေအပေါ် လက်နက်ကြီးနဲ့ ပစ်ခတ်စဉ် AA အဖွဲ့တွေက ရေတပ်သင်္ဘောကို ပြန်လည်ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောဆိုကြောင်း ဦးဖေသန်းက ပြောပါတယ်။

ကျောက်မော်ရွာသား တဦးကတော့ AA ဘက်ကနေ ရေတပ်သင်္ဘော ပစ်ခတ်ခဲ့ကြောင်း အတည်ပြု ပြောပေမဲ့ ထိခိုက်မှု အခြေအနေကို မသိရဘူးလို့ ဆိုပါတယ်။

ရေတပ်သင်္ဘော တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းရာမှာ ခရီးလွန်နေတဲ့အတွက် မသိရှိသေးကြောင်း ပြောပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်ခဲ့ရာမှာလည်း အစည်းဝေးခန်းထဲ ရောက်နေကြောင်း ပြောဆိုပါတယ်။

ဒီကနေ့ မြေပုံမြို့နယ်အတွင်း မြန်မာရေတပ်သဘောၤနဲ့ ပစ်ခတ်တိုက်ခိုက်မှု အခြေအနေကို အသေးစိတ် မသိရသေးပေမဲ့ မနေ့က မြေပုံမြို့နယ်နဲ့ အမ်းမြို့နယ်အစပ် မဲသံကြိုးရွာဝန်းကျင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ မြန်မာစစ်တပ်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ AA ပြန်ကြားရေး တာဝန်ခံခိုင်သုခက ပြောပါတယ်။

“အဲဒီဥစ္စာတော့ ကျနော်တို့ ရုံးချုပ်က ကျနော်ဆီ အဲဒီကိစ္စအသေးစိတ် ဘာမှမပြောလာသေးဘူး။ မနေ့ကတော့ အဲဒီ မှာ အမ်းမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်တာ ရှိတယ်။ မဲသံကြိုးရွာနားမှာ ဖြစ်တာ။ အဲဒီမှာအနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ ၂၂ ကီလိုမီတာ ကွာဝေးတာပေါ့။ အဲဒီမှာတိုက်ပွဲအချိန်က တနာရီခွဲလောက် ကြာတယ်။ ရန်သူဘက်ကတော့ ၂၀ ဦး အထက် ကျဆုံးတယ်။ အဲဒီနေရာတဝိုက်မှာ ဒီနေ့လည်းပဲတိုက်ပွဲတွေဆက်ဖြစ်နေတယ်။ ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ ခမီးကြိမ်ချောင်း ရွာနားမှာဖြစ်တဲ့ စစ်ကြောင်းနဲ့ ကျနော်တို့ အဲဒီမှာပြန်ပြီးတော့ဖြစ်တာ ရှိတယ်။”

ပြီးခဲ့တဲ့ဇွန်လ ၂၂ ရက်နေ့ကလည်း စစ်တွေမြို့ ဆတ်ရိုးကျချောင်းမှာ ရပ်နားထားတဲ့ တပ်မတော်ပိုင် ဆွဲရေယာဉ် တစီးကို AA ဘက်က တိုက်ခိုက်ခဲ့လို့ တပ်သား နှစ် ဦး၊ ကျဆုံး တ ဦးဒဏ်ရာရပြီး သဘောၤလည်း အနည်းငယ်ထိခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

တချိန်ထဲမှာပဲ မနေ့က ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာအနီးမှာ မြန်မာ့စစ်တပ်နဲ့ AA တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

ဒီလိုဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ဘက်ကျဆုံးမှု များပြားတယ်ဆိုပြီး AA ဘက်ကပြောပေမဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ မနေ့က ဘူးသီးတောင်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ခဲ့ကြောင်း ပြောပါတယ်။

“မနေ့ကတော့ ဖြစ်တာ ရှိတယ်။ နွားရုံတောင်ဘက် ဖြစ်တာရှိတယ်။ ပုဏ္ဏားကျွန်းဘက်မှာရှိတယ်။ ပုဏ္ဏားကျွန်းအနောက်ဘက်လား မသိဘူး။”

မနေ့ကလည်း ဘူးသီးတောင်မြို့နယ် သျှစ်ရှားတောင်အနီးမှာ နှစ်ဘက် တိုက်ပွဲဖြစ်ပွားခဲ့အပြီး ညနေပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခံရမှုကြောင့် အနီးနားက စည်တောင်ကျေးရွာမှာ အိမ်ခြေပျက်စီးမှုတွေ ရှိခဲ့တယ်လို့ စည်တောင်ရွာသားတဦးက ပြောပါတယ်။

“မနေ့က ၆ နာရီလောက်မှာလေ။ ရေစိုးချောင်းဗျူဟာဆင်းလာတဲ့ စစ်တပ်ကလေ။ ကျနော်တို့စည်တောင်ရွာရဲ့ တောင်ဘက်ကနေပြီးမှ ကော့ပြင်ကနေပြီးမှ လက်နက်ကြီးနဲ့လှမ်းထုတာဗျာ။ ရွာမှာ သုံး လုံးတောင် ကျတယ်ဗျာ။ တလုံး နှစ်လုံးကအဆံတွေ မရှိလို့။ တလုံးပေါက်ကွဲပြီးမှ ဒေါ်အေးစီတို့အိမ်လေ ဇကာပေါက်တွေ ဖြစ်သွားတယ်ဗျာ။ အိမ်ခေါင်မိုး တွေပေါက်ပြဲ အများကြီး ထိသွားတယ်။”

တိုက်ပွဲဖြစ်ပွားတယ်ကြားကတည်းက ရွာသားတွေ ရွာကနေ တိမ်းရှောင်နေတဲ့အတွက် လူအထိအခိုက်မရှိဘူးလို့ သူကပြောပါတယ်။

လက်ရှိရခိုင်ပြည်နယ်အတွင်းမှာ ဘူးသီးတောင် ရသေ့တောင် မြောက်ဦး ကျောက်တော် ပုဏ္ဏားကျွန်း အမ်းမြို့နယ် တို့အပြင် စစ်တွေနဲ့ မြေပုံမြို့နယ်တို့မှာလည်း တိုက်ပွဲတွေ ကျယ်ပြန့်စွာ ဖြစ်ပွားလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG