သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်တော်မြို့အနီး ပစ်ခတ်မှု ရွာသား ၇ ဦး ဒဏ်ရာရ


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ရခိုင်စစ်ရှောင်များ
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ရခိုင်စစ်ရှောင်များ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ဘက်မှာ တပ်မတော်စစ်ကြောင်းတခု ဖြတ်သွားတဲ့အချိန် AA အဖွဲ့က ဗုံးခွဲပြီး ရွာထဲကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် စစ်ကြောင်းက ပြန်ပစ်ပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။ ဒါပေမယ့် AA အဖွဲ့ကတော့ အဲဒီဘက်မှာ တိုက်ပွဲဖြစ်တာ မရှိဘူးလို့ ငြင်းပါတယ်။ ပစ်ခတ်မှုအတွင်း ရွာသား ၇ ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ရပ်ရွာ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာနဲ့ ဒေါင်းတောင်ယိုးကျေးရွာအကြား အာရှလမ်းမပေါ် လမ်းလုံခြုံရေးယူထားတဲ့ မြန်မာ့တပ်မတော်စစ်ကြောင်းကို မနေ့ညနေပိုင်းမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကနေ ဗုံးခွဲ ပစ်ခတ်တိုက်ခိုက်လို့ AA အဖွဲ့ ခိုလှုံရာရွာဘက်ကို စစ်ကြောင်းက ပြန်ပြီး ပစ်ခတ်ခြေမှုန်းခဲ့တယ်လို့ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကပြောပါတယ်။

“မနေ့ကကျနော်တို့ အုပ်ချုပ်မှုကိစ္စလုပ်ဖို့ စစ်ကြောင်းတကြောင်းက ကျောက်တော်ကနေ မဟာမုနိဘက်ကိုသွားတာ သရက်တပင်ရွာအဝင်မှာ တံတားတစင်း ရှိတယ်။ အဲဒီတံတားတစင်းမှာ ရောက်တဲ့အခါကျတော့ မိုင်းနှစ်လုံးအခွဲခံရတယ်။ သရက်တပင်ရွာထဲကနေပြီးတော့ လက်နက်ငယ်တွေနဲ့ ပြန်ထုပြီးတော့မှ AA ကပြန်ပစ်တော့ ကျနော်တို့က နေပြီး တော့ လာတဲ့ နေရာကိုပြန်ပစ်တာ။ သောင်းကျန်းသူတွေ သရက်တပင်ထဲ ရောက်နေတာကို အဲဒီသရက်တပင်ရွာတွေက ကျနော်တို့ တပ်တွေကို သတင်းပေးတာနော်။ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုလည်း မရှိဘူး။ ပြီးတဲ့အခါကျမှ ရွာဟိုဟာ ဖြစ်တယ်။ ဒီဟာဖြစ်တယ်ဆိုပြီးတော့ တောပြော တောင်ပြော လျှောက်ပြောတယ်။ သူတို့ ဒီဟာလုပ်နေလို့ကတော့ ဒီစာတွေက ဆက်ပြီး ဖြစ်နေဦးမယ်။ ထိခိုက်မှုရှိတယ်ဆိုတာ ရွာတွေက လက်ခံရင်သူ ပစ်ကိုယ်ပစ်လေ။ ကျည်တွေကတော့ ဘယ် သူ့ပစ်လို့ မှန်ရင်လည်း မှန်မှာပေါ့။ ရွာကို အခြေခံပြီးတော့မှ ဟုတ်လား၊ လူထုထဲမှာဟုတ်လား။ ခိုဝင်ပြီးမှာ ဒီလိုမျိုးလုပ်တာ ကြာပြီပဲ။ AA ရဲ့ ဗျူဟာ ဒီလိုပဲလေ။ ပစ်ပြီးဆိုတာနဲ့ ရွာသားမှန်ပြီလို့ ပြောတယ်။ အဲဒီမှန်တဲ့ ရွာသားတွေက မိန်းမလွှဲလို့ ယောကျာ်းမှန်ရင် အဲဒီယောကျ်ား AA ပဲ။ သို့မဟုတ် AA အမာခံတွေချည်းပဲ။”

အဲဒီပစ်ခတ်မှုအတွင်း သရက်တပင် ရွှေတလှည်း ကျောက်တလုံး ရေဘစတဲ့ ကျေးရွာ ၄ ရွာက ရွာသား ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရွှေကရုဏာသွေးအလှူရှင်များအသင်း ဥက္ကဋ္ဌ ဦးဘိုအောင်သိန်းက ပြောပါတယ်။

“မနေ့က တပ်မတော် စစ်ကြောင်းထွက်တဲ့အခါကျတော့ ဗုံးကွဲတယ်။ ကျနော်တို့ ဒေါင်းတောင်ယိုးရွာနဲ့ သရက်တပင်ရွာအကြားပါ။ ဗုံး နှစ်လုံး ကွဲပါတယ်။ မိုင်းခွဲတာပေါ့နော်။ အဲဒီမှာ ရွာထဲမှာ စစ်ကြောင်းကနေပြီးတော့ လှမ်းပြီးတော့ ပစ်တာပေါ့။ လက်နက်ကျည်တွေ ကျတယ်။ ဗုံးဆံတွေ ကျတယ်။ လူတွေ ထိခိုက်ဒဏ်ရာ ရရှိကြတာပေါ့။ အဲဒီမှာဒဏ်ရာတွေ ရကြတယ်။ ဆေးရုံတွေ သွားကြတယ်လေ။ လူနာ ၇ ဦးတောင် ရှိပါတယ်။ ထိခိုက်ဒဏ်ရာ ရတာပါ။ ဦးခေါင်းတွေ၊ ပေါင်တွေ နောက်ဝမ်းဗိုက်မှာတွေပေါ့နော်။၃ နှစ ်ကလေးတွေတောင် ပါပါတယ်။ ကျနော်တို့ ရွာဟာ အရှလမ်းတဘက် တချက်မှာ ရှိတာပေါ့။ သရက်တပင် ရွာပေါ့။ အဲဒီရွာအလယ်မှာ စစ်ကြောင်းတွေဟာပေါ့။ ကြဲချတာပေါ့နော် အဲဒီ အခါတိုက်တာပါ။ စစ်ကြောင်းကပေါ့။ သူတို့က လှမ်းပစ်တာတော့ မြင်နေရပါတယ်။”

ကျည်ထိမှန်ခဲ့သူ ၇ ဦးကတော့ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာက ၂ဦး၊ ရွှေတလှည်းကျေးရွာက ၂ဦး၊ ကျောက်တစ်လုံးကျေးရွာက ၁ဦးနဲ့ ရေဘကျေးရွာက ၂ဦးတို့ဖြစ်ကြတယ်လို့ သူကဆိုပါတယ်။

လက်ရှိလူနာတွေကို ကျောက်တော်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဦးဘိုအောင်သိန်းက ပြောပါတယ်။

“ဒဏ်ရာတွေတော့ ပြောပါတယ်။ ကျောက်တော်ပြည်သူ့ဆေးရုံကြီး ဆရာဝန်ကတော့ မနေ့ကတော့ စိုးရိမ်စရာ အခြေအနေ မရှိဘူးလို့ ပြောပါတယ်။ တချို့ကခွဲစိတ်ရမယ့် လူနာတွေလည်း ပါတယ်လို့ပြောတယ်။ မိုင်းစတွေ ဘာတွေ ရှိတယ်လို့။”

မနေ့က ပစ်ခတ်မှုဖြစ်စဉ်အတွင်း သရက်တပင်ကျေးရွာရှိ မဟာနွယ် ကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်းသူ ၄ ဦး ကြောက်လန့်ပြီး သတိလစ်သွားလို့ ကျောက်တော်ဆေးရုံကို ပို့ဆောင်ခဲ့ရကြောင်း သူက ပြောပါတယ်။

မနေ့က တနေ့ထဲမှာ ကျောက်တော်မြို့နယ်အပြင် ဘူးသီးတောင်ဖုံညိုလိတ်နဲ့ မြောက်ဦးမြို့နယ်အစပ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တပ်မတော် ပြောခွင့်ရဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ဖုံညိုလိတ်ဘက်မှာတော့ ကျနော်တို့ ထိတွေ့တိုက်ခိုက်မှု တချို့ဖြစ်ပွားခဲ့တာ ရှိတယ်။ မြောက်ဦးဘက်မှာတော့ ပန်းမြောင်းရဲ့အရှေ့တောင်ဘက်မှာ ငါးမိုင်ခြောက်မိုင်ဘက်မှာတော့ ကျနော်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်။"

မနေ့က ဘူးသီးတောင်ဖုံညိုလိတ်နဲ့ ပန်းမြောင်းဘက် တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်လို့ မသိရသေးပေမဲ့ ကျောက်တော် မြို့နယ်မှာ တိုက်ပွဲဖြစ်တာ မရှိဘူးလို့ AA အဖွဲ့ပြန်ကြားရေးတာဝန်ခံခိုင်သုခက အခုလိုပြောပါတယ်။

“မနေ့ကတော့ ကျောက်တော်သရက်တပင်ဘက်မှာတော့ ဗမာ စစ်တပ်ဘက်ကနေပြီးတော့ တဘက် သတ်ပစ်ခတ်တဲ့ ဥစ္စာတော့ရှိတယ်။ တိုက်ပွဲဖြစ်တာမဟုတ်ဘဲနဲ့ သူတို့က ရွာအထဲကို သူတို့က ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်တာ။ ဘူးသီးတောင်ဘက်မှာ တိုက်ပွဲအသေးလေးတွေ ရှိတယ်လို့ပြောတယ်။ ဒါပေမဲ့လို့ ဘယ်လိုအနေအထားရှိလည်း ကျနော်လည်း အဲဒါ အသေအချာ မသိသေးဘူး။”

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့တိုက်ပွဲတွေ ဖြစ်ပွားနေမှုကြောင့် ဒေသခံရွာသားတွေလည်း စစ်ရှောင်နေရပါတယ်။

ဒီရက်ပိုင်းအတွင်း ပလက်ဝမြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွားမှု လျော့ကျလာလို့ စစ်ရှောင်ဦးရေ လျော့လာတယ်လို့ အကူအညီပေးနေ သူတွေကပြောပြီး လက်ရှိ စစ်ရှောင်တွေရဲ့အခြေအနေကိုတော့ ပလက်၀ စစ်ရှောင်ကူညီရေးဥက္ကဋ္ဌ ဦးဝေတန်းက အခုလို ပြောပါတယ်။

“ကျနော်တို့ စာရင်းအရတော့ ရွာတွေမှာ ခိုလှုံနေတဲ့ အိမ်ထောင်စုက၃၀၂ စု ရှိတယ်။ လူဦးရေအားဖြင့်တော့ ၁,၀၇၀ကျော်ပေါ့။ အရင်က ၃,၀၀၀ ဆိုတာက သူတို့ ခိုလှုံပြီးမှ ကိုယ့်ရပ်ရွာတွေ ပြန်ကိုယ့်ရဲ့ နေအိမ်မှာ ပြန်သွားကြတာလေ။ သူတို့ကိုလည်း အစိုးရကလည်း ထောက်ပံ့ရှာတယ်။ စားနပ်ရိက္ခာတွေ ထောက်ပံ့တာ။”

ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်ပြီးပြင်းထန်နေတာနဲ့အမျှ စစ်ရှောင်ဦးရေ ၇၀,၀၀၀ ဝန်းကျင်ခန့် ရှိလာနေပြီလို့ ရခိုင်စစ်ရှောင် ကူညီရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG