သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရသေ့တောင်နဲ့ မြောက်ဦးတိုက်ခိုက်မှု အရပ်သားထိခိုက်သေဆုံးမှုရှိ


(Zawgyi/Unicode)

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း မြန်မာ့တပ်မတောနဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ ဒီကနေ့မှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးနေဆဲလို့ AA တာဝန်ရှိသူတွေကပြောသလို ဒီတိုက်ပွဲဖြစ်စဉ်အတွင်း အရပ်သားကလေးငယ် တဦး ဒဏ်ရာရရှိတယ်လို့ ဒေသခံအကူညီပေးအဖွဲ့ဝင်တွေက ပြောပါတယ်။ တချိန်ထဲမှာပဲ မြောက်ဦးမြို့ဘက်မှာ ဆွဲမိုင်းပေါက်ကွဲမှုကြောင့် အရပ်သား တဦးသေဆုံးပြီး တဦးဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီအခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရသေ့တောင်မြို့နယ် မညင်းတောင်ရွာကြားနဲ့ မဆိုးချောင်း ဒေသအခေါ် ငစံဘော် ရွာကြား မြန်မာ စစ်တပနဲ့ ရခိုင် လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ဖြစ်ပွါးခဲ့တယ်လို့ AA ပြန်ကြားရေး တာဝန်ခံခိုင်သုခ ပြောပါတယ်။

“ဒီနေ့မနက် ၈ နာရီလောက်မှာ ရသေ့တောင်မြို့နယ် ငစံဘော်ချောင်းနားမှာပေါ့နာ်။ အဲဒီငစံပေါ်ရွာရဲ့ တဘက်ကမ်းပေါ့။ အဲဒီမှာတိုက်ပွဲဖြစ်တာ ရှိတယ်။ အဲဒီမြန်မာစစ်တပ်ရဲ့ တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၁၀ နဲ့ဖြစ်တာ။ အဲဒီမှာမြန်မာ စစ်တပ်ဘက်က အကျဆုံးတွေ များပြီးတော့မှ သူတို့ဒီ ငစံဘော်ချောင်းရဲ့ တဘက်ကမ်းကို ဆုတ်ခွါပြီးတော့ ထွက်ပြေး သွားတာပေါ့။ သူတို့လူနာတွေထမ်းပြီးတော့ အဲဒီမှာ ငစံဘော်ရွာထဲကို ဝင်ပြေးသွားတယ်။ ပြီးလို့ရှိရင် ရွာသားတွေကို သူတို့ လူသားဒိုင်းကာအဖြစ် အဲဒီမှာဖမ်းဆီးထားတယ်။ သူတို့ရွာထဲကနေပြီးခုခံနေတယ်အခုက။ တိုက်ပွဲအတွင်းမှာ တော့ စစ်တပ်ဆီကနေကျနော်တို့ ခဲယမ်းမီးကျောက် အများပြားအပြားသိမ်းဆီးရမိတာရှိတယ်။ ဗမာစစ်တပ်အသုံး ပြုတဲ့ခြင်းကြား ကျောပိုးအိတ်ပေါ့ဗျာ၂၀ ကျော် ၃၀ နီးပါးလောက် သိမ်းဆီးရမိတာ ရှိတယ်။ ခုလောလောဆယ်တော့ ရေစိုးချောင်း ဗျူဟာက နေပြီးတော့မှ လက်နက်ကြီး ပစ်ကူတွေပေးနေတယ်။”

ဒီကနေ့တိုက်ပွဲဖြစ်စဉ်အတွင်း လက်နက်ကြီးကျည်ကျရောက်ခဲ့လို့ အနီးနားမောင်ဖြူ ကျေးရွာက ကလေးငယ်တဦး ကျည်ဆံထိမှန် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း အကူညီပေးအဖွဲ့ဝင် တဦးကပြောပါတယ်။

“ဟုတ်တယ်။ နှစ်ဘက်တိုက်ပွဲဖြစ်နေတယ်။ ကလေးမလေး တယောက် ဟို ၁၁ နှစ် အရွယ်လေ။ သူတို့က ဇာတိကအမျက် တောင်က အခုသူတို့က မောင်ဖြူရွာမှာ။ ဒီဘက်ကိုစစ်ဘေးရှောင်လာတာမှာ ရေစိုးချောင်းဗျူဟာက လှမ်းပစ်တာမှာ အမြောက်ဆံထိလို့အခု။ ဒီဘက်ကိုလည်းဖြတ်လို့မရဘူး။ မောင်ဖြူရွာထဲပိတ်မိနေတယ်။ အပြင်ကိုလည်း ထွက်လို့မရဘူး။”

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက အဲဒီဘက်မှာ ဒီနေ့တိုက်ပွဲဖြစ်ပွါးတာ မရှိဘူးလို့ ဆိုပါတယ်။

“အဲဒီဘက်မှာတော့ ဒီနေ့ထိတွေ့ဖြစ်တာတော့ မကြားမိဘူးခင်ဗျ။”

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ရွာဟောင်းတောရပ်ကွက်၊ တံတားအနီးမှာ ဒီနေ့မနက် မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ တဦး သေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိသွားတယ်လို့ မြောက်ဦးမြို့ခံ တဦးကပြောပါတယ်။

“၈ နာရီလောက်မှာဖြစ်သွားတာ။ တယောက်သေပြီးတော့ တယောက်ဒဏ်ရာ ရတာပေါ့လေ။ သေသွားတဲ့ တယောက်က အသက် ၃၀ သူက အဲဒီလေးမြို့ကမ်းကနေ မြောက်ဦးကို ပြန်လာတာ။ သုံးဘီးဆိုင်ကယ်နဲ့လေ။ နောက်တယောက်က ကျတော့ ကျောက်တော်မြို့နယ်က ဒီမြောက်ဦးမြို့လေးမြို့ကမ်းမှာ လမ်းခင်း ကျောက်လုပ်ငန်းမှာ နေ့စားလုပ်ငန်းအနေနဲ့ လုပ်နေတာ။ သူကကျတော့ ဒဏ်ရာရတယ်ပေါ့။ သူတို့ကလေးမြို့ကမ်းကနေ မြောက်ဦးကို လာတဲ့လမ်းမှာ စစ်ကြောင်းနဲ့ တွေ့တယ်။ စစ်ကြောင်းက သူတို့က ရပ်ခိုင်းတယ်။ သူတို့ရှေ့ဆက်မသွားရဘူးပေါ့။ အဲဒီအချိန်မှာ လမ်းမကြီးပေါ့လေ။ လက်လုပ်မိုင်း နှစ်လုံးကွဲတယ် အဲဒီနားမှာ။ ”

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက လုံခြုံရေးယူနေတဲ့ တပ်မတော်စစ်ကြောင်းကို AA ဘက်က ဗုံးဖေါက်ခွဲရာမှာ အရပ်သားတွေကို ထိခိုက်သွားတယ်လို့ ဆိုပါတယ်။

“ဒီနေ့ဖြစ်တာဆိုလို့ မြောက်ဦးနဲ့ ပန်းမြောင်းကြားထဲမှာ အုပ်ချုပ်မှု ယာဉ်တန်းလုပ်တဲ့ ဥစ္စာကို ဆွဲမိုင်းဆွဲရာမှာတော့ အရပ်သားနှစ်ယောက် ဒဏ်ရာ ရသွားတယ်လို့ သိရတယ်။ ရွာဟောင်းတော အနားမှာ။ အဲဒီမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လမ်းလုံခြုံရေး လုပ်တဲ့ ဥစ္စာကို ရီမုမိုင်းနှစ်လုံးနဲ့ ခွဲတဲ့အချိန်မှာ ရွာသား နှစ်ယောက်က ဆိုင်ကယ်နဲ့ မြောက်ဦးဘက်ကို အလာမှာ အဲဒီမှာ တိုက်တိုက်ဆိုင်ဆိုင်ပေါ့နော် ဒဏ်ရာရသွားတယ်။”

မြောက်ဦးမြို့နယ် ရွာဟောင်းတောဘက်မှာ AA ဘက်က ဖေါက်ခွဲတိုက်ခိုက်တာ မရှိဘူးလို့ AA ပြောခွင့်ရ ခိုင်သုခက ဆိုပါတယ်။

“ရွာဟောင်းတောဘက်မှာတော့ ကျနော်တို့ တိုက်ခိုက်တာမရှိဘူး။”

မနေ့တုန်းကတော့ မင်းပြားမြို့နယ် တောင်ဖြူဘက်မှာတိုက်ပွဲဖြစ်ပွါးခဲ့တာကိုတော့ ခိုင်သုခက ဆက်ပြောပါတယ်။

“မနေ့ကပန်းမြောင်းရွာရဲ့အရှေ့မြောက်ဘက် ပွိုင့် ၂၀၃အဲဒီဗျူဟာကုန်းမှာ မနေ့ကလည်းတိုက်ပွဲဖြစ်တာ ရှိတယ်။ အဲဒီမှာမနေ့ကတော့ သူတို့ဒီ MI 35 နှစ်စီးနဲ့လာရောက်ပြီးတော့ ပစ်ခတ်တိုက်ခိုက်တာရှိတယ်။”

မနေ့ကနှစ်ဘက် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း တပ်မတော် သတင်းမှန်ထုတ်ပြန်ရေး အဖွဲ့အတွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။

“မနေ့ကတော့ရှိတယ်။ မင်းပြားတို့ကျောက်တော်ဘက် မြောက်ဦးအရှေ့ခြမ်းမှာ ဖြစ်တာရှိတယ်။ ကန်စောက်ဘက်မှာ ဖြစ်တယ်။ အဲဒီမှာတော့ တိုက်ပွဲပြင်းပြင်းထန်ထန်တော့ မဟုတ်ဘုူး။ ထိခိုက်ဒဏ်ရာ ရတာတော့ မရှိပါဘူး။

အောက်တိုဘာ ၂၈ ရက်နံနက်ပိုင်းမှာ ဘူးသီးတောင်မြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးရာမှာ AA အဖွဲ့ကနေ စေတီတောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်းမှ သာသနိက အဆောက်အဦးတွေကို အကာအကွယ် ရယူတိုက်ခိုက်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ မနေ့က သတင်း ထုတ်ပြန်ထားပါတယ်။

AA ပြောခွင့်ရခိုင်သုခကတော့ တပ်မတော်ဘက်ကသာ ရွာအတွင်းနဲ့ ဘုရားစေတီတွေမှာ နေရာယူတပ်စွဲ နေတာလို့ တုံ့ပြန်ပြောဆိုပါတယ်။

ဒါပေမဲ့ လက်ရှိရခိုင်ပြည်နယ်တိုက်ပွဲအတွင်း ကျေးရွာနဲ့ ဘုရားစေတီသာသနိက အဆောက်အဦးတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေဆဲဖြစ်သလို ကျေးရွာအပေါ်ပစ်ခတ်နေတဲ့အတွက် ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေကလည်း များပြားလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]





















XS
SM
MD
LG