သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဏ္ဏားကျွန်း၊ ကျောက်ဆိပ်ကျေးရွာအနီး တိုက်ပွဲပြင်းထန်ပြီး ဒေသခံတွေ ထွက်ပြေးနေရ


ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ရခိုင်စစ်ရှောင် ဒုက္ခသည်တချို့။ (ဓာတ်ပုံ - Khine Murn Chun (Citizen Journalist)
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ရခိုင်စစ်ရှောင် ဒုက္ခသည်တချို့။ (ဓာတ်ပုံ - Khine Murn Chun (Citizen Journalist)

[Zawgyi/Unicode]

ရခိုင်မြောက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာအနီးမှာ ဒီကနေ့ မနက်ပိုင်းက အစိုးရတပ်နဲ့ AA အဖွဲ့တို့ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာကြောင့် ဒေသခံအချို့ ထိခိုက်မှုရှိတဲ့အခြေအနေ ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က တင်ပြပေးပါမယ်။

ရခိုင်မြောက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ကျောက်ဆိပ်ကျေးရွာကြား ရန်ကုန်စစ်တွေ ကားလမ်းမပေါ်မှာ ဒီကနေ့က မနက်ပိုင်းက အစိုးရတပ်နဲ့ AA အဖွဲ့တို့ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော် အမတ် ဦးခင်မောင်လတ်က ပြောပါတယ်။

"ကျောက်ဆိပ်ရွာကိုတော့ မရောက်ဘူး။ ပုဏ္ဏားကျွန်းကနေ တစ်မိုင်ကျော်ကျော်လောက်ဝေးတဲ့နေရာ အဲဒီမှာ အဆောက်အအုံတွေ ရှိတယ်။ အဲဒီအဆောက်အအုံတွေရဲ့ နောက်ဘက်က အဲဒီနားမှာ တိုက်ပွဲဖြစ်တာ ဒီနေ့မနက် ၆ နာရီခွဲလောက်က ဖြစ်တာ။ ၉ နာရီခွဲလောက်အထိ ဖြစ်နေတုန်းပဲ လက်နက်ကြီးလည်း အချက် ၃၀ လောက် ပစ်တယ်လို့ ပြောကြတယ်။"

အဲဒီပစ်ခတ်မှုအတွင်းမှာ ကျောက်တော်ဘက်က ဆင်းလာတဲ့ ခရီးသည်တင်မော်တော်ယာဉ်တွေကို ထိမှန်ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးထွန်းက ပြောပါတယ်။

"ဒဏ်ရာရတာကတော့ ကျနော်တို့ ကျောက်တော်ဘက်က ဆင်းလာတဲ့ ခရီးသည်တင် ကားတွေကို လှမ်းပစ်တော့ ကားပေါ်မှာ ပါလာတဲ့ ခရီသည် အမျိုးသမီးတစ်ယောက်ရဲ့ ပေါင်ကို ကျည်ဆံဖောက်ဝင်သွာတယ်။ ကားတာယာတွေ ပျက်စီးသွားတယ်။ ခရီးသည်တစ်ယောက်တော့ ဒဏ်ရာရတယ်။"

တိုက်ပွဲဖြစ်ပွားနေချိန် ကျောက်ဆိပ်ကျေးရွာက ဒေသခံတချို့ စက်လှေနဲ့ ထွက်ပြေးချိန် လက်နက်ကြီးကျည် ကျပြီးတော့ နစ်မြုပ်သွားပြီး သေဆုံးသူရှိ၊ မရှိ စစ်ဆေးနေတယ်လို့ သူက ဆက်ပြောပါတယ်။

"တိုက်ပွဲဖြစ်တော့ ကျနော်တို့ရွာက သူတွေကို မြစ်တဘက်ကမ်းကို စက်လှေနဲ့ ပြေးတယ်လေ။ ကျနော်တို့ ရွာက ပြေးတဲ့ စက်လှေကို လက်နက်ကြီးနဲ့ လှမ်းပစ်တော့ မြစ်လယ်မှာ စက်လှေက အကုန်လုံး မြုပ်သွားတယ်။ အသေအပျောက်ကတော့ စုံစမ်းနေတုန်းပဲ မသိရသေးဘူး။"

ပုဏ္ဏားကျွန်းမြို့နယ် အတွင်းမှာ ဒီကနေ့တိုက်ပွဲဖြစ်ပွားတာရှိပေမဲ့ အသေးစိတ်အချက်အလက် မသိရသေးဘူးလို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

"ဒီနေ့မနက်ပိုင်းမှာ တိုက်ပွဲဖြစ်တာ ရှိတယ်လို့တော့ သိရတယ်ခင်ဗျာ။ ပုဏ္ဏားကျွန်းကျောက်ဆိပ်နဲ့ ဂူဝကြား ရထားလမ်းတလျှောက်မှာ တိုက်ပွဲဖြစ်တာရှိတယ်။ ဒါပေမဲ့ အသေးစိတ်အချက်အလက်ကတော့ ကျနော့် ဆီကို မရောက်သေးဘူးခင်ဗျာ။"

ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သတ်ပြီး မေးမြန်းဖို့ တပ်မတော်ဘက်ကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့လည်း ဖုန်းလက်ခံ ဖြေဆိုခဲ့ခြင်းမရှိပါဘူး။

လက်ရှိအချိန်မှာ ဒီကနေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အနီးအနားကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာ ကျေးရွာတွေကို ထွက်ပြေးနေကြရပြီး ပုဏ္ဏားကျွန်းမြို့ပေါ်မှာလည်း လူသွားလူလာကင်းမဲ့နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာအတွင်းကို ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက် နေ့ကလည်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ကျောက်ဆိပ်ကျေးရွာသား ရှစ်ဦးသေဆုံးပြီး ဒဏ်ရာ အများအပြား ရရှိခဲ့ကြ ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပုဏ္ဏားကျွန်းဈေးထဲမှာ တပ်မတော်သားတစ်ဦး ဓားထိုးခံရပြီး တစ်ဦး ဖမ်းဆီးခံခဲ့ရတာလည်း ရှိပါတယ်။

အခုလို ရခိုင်မြောက်ပိုင်းးတိုက်ပွဲတွေအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတာကြောင့်၊ အရပ်သားတွေကို အကာအကွယ်ပေးကြဖို့နဲ့ အပြန်အလှန်အပစ်အခတ်ရပ်စဲကြဖို့ ဒီကနေ့ ထုတ်ပြန်တဲ့ အရှေ့တောင်အာရှဒေသ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ထုတ်ပြန်ချက်မှာ မြန်မာစစ်တပ်နဲ့ AA ကို ကုလသမဂ္ဂဘက် တိုက်တွန်းပါတယ်။ ဒါ့အပြင် အဲဒီဒေသက အရပ်သားပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေကို ပြီးခဲ့တဲ့နှဟ်ကတည်းက ပိတ်ပင်ထားတာတွေကိုလည်း ပြန်လည်ရုပ်သိမ်းဖို့တောင်းဆိုပါတယ်။

လုံခြုံရေးအကြောင်းပြချက်နဲ့ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်မြို့နယ်အချို့မှာ အင်တာနက် ပိတ်ပင်ထားတာတွေကိုလည်း ရုပ်သိမ်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက တိုက်တွန်းခဲ့ပါတယ်။ ဒီလို အင်တာနက်ပိတ်တာကြောင့် COVID-19 ကမ္ဘာ့ကပ်ရောဂါ ရင်ဆိုင်နေရတဲ့ ပဋိပက္ခဒေသတွင်း အရပ်သားပြည်သူတွေအတွက် အသက်အန္တရာယ်နဲ့ ကျန်းမာရေးစိုးရိမ်စရာတွေရှိတယ်လို့လည်း ကုလသမဂ္ဂက မှတ်ချက်ပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]
















XS
SM
MD
LG