သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စစ်ကူသွားမယ့် စစ်ကောင်စီတပ် အမ်း-ပဒါန်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခံရ 


အမ်းမြို့ (Photo: C J)
အမ်းမြို့ (Photo: C J)

ရခိုင်ပြည်နယ်ဘက်ကို စစ်ကူထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို အမ်း-ပဒါန်းပိုင်းမှာ ကြားဖြတ် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က အသေအပျောက်ရှိတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။ အမ်း-ပဒါန်းလမ်းပိုင်း နယ်မြေစိုးမိုးရေးအပြင် စစ်ဆင်ရေးနဲ့ စစ်ရေးလှုပ်ရှားမှုတွေ နောက်ထပ် ဆက်ရှိမယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ မကွေးတိုင်းထဲက စစ်ရေးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်ကို စစ်ကူသွားဖို့ စစ်တပ်ယာဉ်တန်းကို နိုဝင်ဘာ ၂၀ ရက်က မကွေးတိုင်း အမ်း-ပဒါန်း လမ်းပိုင်း ဂုတ်ကြီးကျေးရွာအနီးမှာ ကာကွယ်ရေး တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ မိုင်းဆွဲတိုက်ခိုက်ဖို့ကြိုးစားပေမယ့် စစ်ယာဉ်တန်းမှာ ကြားဖြတ် ဟန့်တားစက်တွေ တပ်ဆင်ထားတာကြောင့် ခြုံခိုတိုက်ခိုက်ခဲ့ရပြီး စစ်တပ်ဘက်က်မှာ အပေသအပျောက်ရှိတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။ မအမ်း ပဒါန်းပိုင်းမှာ ကာကွယ်ရေးတပ်တွေကြားဖြတ်တိုက်ခိုက်တဲ့တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Mgway) ရဲ့စစ်ရေးတာဝန်ခံ ကိုနောင်သူရိန်က အခုလိုပြောပါတယ်။

"မနေ့က အမ်းဘက်ကို စစ်ကောင်စီယာဉ်တန်းတွေ တက်တာရှိတယ်။ အဲ့ယာဉ်တန်းတွေကို မိုင်းဆွဲ တိုက်ခိုက်ဖို့ ပြင်ထားတယ်ပေါ့နော်။ ကားတွေမှာ Jumper တွေပါတဲ့အတွက် ထိန်းချုပ်ထားတာတွေက အလုပ်မလုပ်ဘူးပေါ့နော်။ မိုင်းဆွဲတိုက်ခိုက်လို့မရခဲ့ဘူး။ အဲ့ဒါနဲ့ လုံခြုံရေးယူတဲ့သူတွေနဲ့ ဂုတ်ကြီး (ကျေးရွာ) ဘက်ကို တက်လာတဲ့အချိန်မှာ ကျနော်တို့ခြုံခိုပြီး တိုက်ခိုက်ခဲ့တာခင်ဗျ။ ရန်သူ့ဘက်က တိုက်ပွဲအတွင်းမှာ ၂၅ ယောက်လောက်က သတ်ကွင်းထဲကို ဝင်လာတယ်။ ဝင်လာတဲ့အချိန်မှာ တပ်ကြပ်ကြီးအပါအဝင် ၉ ယောက်လောက်က တိုက်ပွဲအတွင်းမှာတင် သေဆုံးသွားတယ်လို့ကျနော်တို့ မျက်မြင် တွေ့ခဲ့ရတယ်။ ပြီးတဲ့အခါ ၁၀ ယောက်လောက်က ဒဏ်ရာ ရတယ်လို့ သိရတယ်။ ကိုယ့်ဘက်ကတော့ အထိခိုက်အကျအဆုံး မရှိဘူး။"

စစ်ကောင်စီတပ် စစ်ကြောင်းမှာ တပ်မ (၈၈) လက်အောက်ခံ တပ်ရင်းတွေ ပါဝင်လာသလို စစ်မှုမထမ်းမနေရ စနစ်ကြောင့် တပ်ထဲရောက်ရှိလာတဲ့ တပ်သားသစ်အများအပြားလည်း ယာဉ်ပေါ် ပါလာတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေကပြောပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ဝင်ပေါက်တခုဖြစ်ပြီး စစ်ရေးအရအရေးပါတဲ့ အမ်း-ပဒါန်းလမ်းပိုင်းက နေရာအချို့ကို PRA (Mgway) အနေနဲ့ စိုးမိုးထားသလို ဧရာဝတီမြစ်အနောက်ဖက်ကမ်းဖြစ်တဲ့ မင်းဘူးနဲ့ သရက်ခရိုင်တို့ကို နယ်စိုးမိုးဖို့အတွက်စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကိုနောင်သူရိန်က ဆက်ပြောပါတယ်။

"ဒီလမ်းပိုင်းက ဘယ်လောက်အထိ အရေးပါလဲဆိုရင် နပခ အတွက်ကို သေရေးရှင်ရေးလောက် အရေးပါတယ်လို့တောင် ပြောလို့ရတယ်။ ရခိုင်ပြည်နယ်အတွက် အဓိက ဝင်ပေါက်တခုလို့တောင် ပြောလို့ရတယ်။ စစ်ကောင်စီအတွက်နပခ မကျဆုံးရေးက ဒီလမ်းပိုင်းအပေါ်မှာ မူတည်နေတယ်လို့ ပြောလို့ရတယ်။ လက်ရှိ လှုပ်ရှားမှုတွေက အမ်း-ပဒါန်းလမ်းပိုင်းစိုးမိုးရေးအတွက်ကို ကနဦး ရှေ့ပြေးလှုပ်ရှားမှုတွေဖြစ်တယ်လို့ ပြောထားတယ်ပေါ့။ ကျွန်တော်တို့ ပထမဆုံးရည်မှန်းချက်က အမ်း-ပဒါန်းလမ်းပိုင်းကို စိုးမိုးနိုင်ရေးဖြစ်တယ်။ အဲ့ကနေမှတဆင့် မြစ်အနောက်ဖက်ကမ်းအထိလွတ်မြောက်ရေး သွားမယ်လို့ ပြောထားတာပါ။"

အရင်ကလည်း မိုင်းဆွဲခြုံခိုတိုက်ခိုက်ခံရတာတွေ မကြာခဏရှိတဲ့အတွက် စစ်တပ်က လေကြောင်း စစ်အင်အားဖြည့်တင်းတဲ့ပုံစံသုံးခဲ့ပေမယ့် အချိန်မီ စစ်ကူပို့မပေးနိုင်တာတွေကြောင့် အခုလို အမ်း-ပဒါန်းလမ်းပိုင်းကို ပြန်လည်အသုံးပြုလာတာလို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။

နိုဝင်ဘာ ၅ ရက်ကလည်း အခု မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဂုတ်ကြီးကျေးရွာအနီးက စစ်တပ်ကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

အခု ၂၀၂၄ ခုနှစ်ထဲ အမ်း-ပဒါန်းလမ်းပိုင်းမှာ စစ်တပ် စစ်ကြောင်းတွေကို PRA (Mgway) က ၁၅ ကြိမ်ခန့် မိုင်းဆွဲခြုံခိုတိုက်ခိုက်ခဲ့ပြီး စစ်တပ်အထိုင်ချ တပ်စွဲထားတဲ့ ကင်းစခန်း ၂၀ ကျော်ထဲက ကင်းစခန်း ၂ ခုကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသေးတယ်။

Forum

XS
SM
MD
LG