သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံတွဲ၊ အမ်းနဲ့ မောင်တောမှာ တိုက်ပွဲပြင်းထန်ဆဲ


ယခင်မှတ်တမ်းရုပ်ပုံ | ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) ကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူများ (နိုဝင်ဘာ ၁၉၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) ကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူများ (နိုဝင်ဘာ ၁၉၊ ၂၀၂၃)

နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်တောင်ပိုင်း သံတွဲမှာ စစ်ကောင်စီဘက်က မြေပြင်ကသာမက ရေကြောင်းရော လေကြောင်းနဲ့ပါ တိုက်ခိုက်နေသလို အာရက္ခတပ်တော် AA ဘက်ကလည်း ဆက်လက် ထိုးစစ်ဆင် တိုက်နေပါတယ်။ တဖက်မှာလည်း ရခိုင်ပြည်အနှံ့မှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ AA ရဲ့ စစ်ရေးဗျူဟာနဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ဆက်စပ်မှုတွေရှိလာနေကြောင်း ရခိုင်အရေးကျွမ်းကျင်သူက သုံးသပ်ပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို တင်ပြထားပါတယ်။

အာရက္ခတပ်တော် AA အနေနဲ့ တကျော့ ပြန်တိုက်ပွဲတွေ စတင်ခဲ့တာ အခုဆိုရင် (၇) လနီးပါး ရောက်ရှိလာပြီဖြစ်သလို ရခိုင်ပြည်နယ်က မြို့နယ် ၉ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့ နယ်တို့ကို အပြီးပိုင်သိမ်းပိုက်ထားပြီးလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ရခိုင်တောင်ပိုင်းက သံတွဲမြို့နယ်အပါအဝင် အမ်းနဲ့ မောင်တောမြို့နယ်တွေကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

သံတွဲမြို့နယ်က နာမည်ကျော် အပမ်းဖြေကမ်းခြေရှိနေတဲ့ ငပလီတလျှောက်မှာ တိုက်ပွဲတွေ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး ဆက်တိုက်ပြင်းထန်နေသလို စစ်ကောင်စီဘက်ကလည်း ကြည်း၊ ရေ၊ လေ ပူးပေါင်း ခုခံနေပါတယ်။ တိုက်ပွဲတွေကြောင့် သံတွဲမြို့ပေါ်နဲ့ ငပလီက ဒေသခံ သောင်းနဲ့ ချီ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။ လက်ရှိတိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တဲ့ ငပလီက ထွက်ပြေးတိမ်း ရှောင်လာတဲ့ ဒေသခံတဦးကတော့ ငပလီမှာ စစ်ကောင်စီရဲ့ အကျိုးအမြတ်တွေ အများကြီးရှိတာကြောင့် AA ဘက်က လွယ်လွယ်နဲ့ သိမ်းပိုက်နိုင်မှာ မဟုတ်သလို တိုက်ပွဲကာလ ကြာနိုင်တယ်လို့ ပြောပါတယ်။

“ ညီမတယောက်တည်းအမြင်ကတော့ သံတွဲတိုက်ပွဲက တော်တော်ကြာမယ်လို့ ခန့်မှန်းထား တယ်၊ သံတွဲကို သူတို့က လွယ်လွယ်နဲ့ အပါခံမယ်လို့မထင်ဘူး၊ ဘာလို့လည်း ဆိုတော့ သံတွဲက သူတို့ရဲ့ နိုင်ငံခြားဝင်ငွေ ဒေါ်လာတချို့က ဒီကဝင်တာလေ၊ ခရီးသွားလုပ်ငန်းလည်း ရှိတဲ့ အခါကျတော့ တော်တော်ကြာမယ်လို့တော့ ခန့်မှန်းထားတယ်။ အနည်းဆုံး ၂ လ ၃ လတော့ ခန့်မှန်းထားတယ်ရှင့်။”

လက်ရှိမှာတော့ AA အနေနဲ့ ငပလီလေဆိပ်ကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ ဒေသခံတွေက အတည်ပြုထားသလို ငပလီအခြေစိုက် ခမရ (၅၆၆) တပ်ရင်းဟာလည်း သံတွဲ၊ ငပလီ လမ်းဆုံမှာရှိတဲ့ ခလရ ၅၅ တပ်ရင်းနဲ့ ပူးပေါင်းထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ AA ဘက်ကတော့ ငပလီမှာရှိတဲ့ တပ်တွေကို ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ AA အနေနဲ့ သံတွဲကို သိမ်းပိုက်နိုင်ရင်တောင် ဒေသခံတွေအနေနဲ့ နေရပ်ကို လုံလုံခြုံခြုံ ပြန်နိုင်မှာ မဟုတ်သေးဘူးလို့လည်း ငပလီဒေသခံ အမျိုးသမီးတဦးကပြောပါတယ်။

“ညီမတို့ ဒုက္ခရောက်နေတာက ဘာလဲဆိုတော့ စစ်ရှောင်အများစုက သံတွဲကို ရသွားပြီဆိုရင် တောင်မှ ပြန်လို့ လုံခြုံမယ့်အနေအထားလားပေါ့နော် အဲတာလည်းစဉ်း စားရတယ်၊ ဘာလို့လည်းဆိုတော့ ညီမတို့ ရှောင်နေတဲ့ နေရာကကျတော့ စကစ ထိန်းချုပ်တဲ့ နေရာတွေကို ရောက်နေတာဆိုတော့ ဟိုဘက်က လွတ်မြောက် နယ်မြေဖြစ်သွားပြီဆိုရင် သူတို့ဘက်ကတော့ ညီမတို့ကို အသာတကြည်သွားခွင့်ပြုပါ့ မလားဆိုတာလည်း စိုးရိမ်လာတာမျိုး တွေတော့ ရှိပါတယ်။”

သံတွဲမြို့နယ် ငလီကမ်းခြေမှာရှိတဲ့ ဟိုတယ် ဇုန်တွေနဲ့ ခရီးသွားလုပ်ငန်းအများစုဟာ စစ်ခေါင်းဆောင်တွေနဲ့ ခရိုနီတွေ ပိုင်ဆိုင်ထားကြတာပါ။ တဖက်မှာလည်း စစ်ရေးအရ AA ဘက်က သံတွဲကို တိုက်နေတဲ့ အကြောင်းရင်းကို စစ်တွေအခြေစိုက် ရခိုင်အရပ်ဖက်အခြေပြုအဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုကျော်ဆန်းလှိုင်က အခုလို သုံးသပ်ပါတယ်။

“တောင်ပိုင်းမှာ AA ထောက်ခံတဲ့သူက သိပ်မရှိဘူး၊ AA ထောက်ခံသူက မြောက်ပိုင်းနဲ့ အလယ်အပိုင်းမှာပဲရှိတယ်၊ သူတို့က မောင်တောကို တိုက်နေတဲ့အချိန်မှာ စကစက မောင်တောကို အဓိကထားမှာစိုးတာကြောင့် သံတွဲဘက်ကို အယောင်ပြတဲ့ သဘောလို့ထင်တာပေါ့နော်။ တကယ်လို့ သံတွဲကို ရသွားရင်တောင် သူတို့က ထောက်ပို့ရေး ဘာတွေ အခက်အခဲရှိမယ်။ ဘာကြောင့်လဲဆိုတော့ တကယ်လို့ အမ်း ကျသွားပြီ တကယ်လို့များ တောင်ကုတ် ကျသွားပြီဆိုရင် ကျနော်ထင်တယ် သူတို့က သံတွဲကို သိမ်းနိုင်တဲ့ အတိုင်း အတာရှိတာပေါ့နော်။ အခုကကျတော့ နည်းနည်း အရမ်းကို သီးခြားဖြစ်နေတယ်လို့ ထင်တယ်။”

ဒါ့အပြင် အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီကြား ရခိုင်ပြည်နယ်တိုက်ပွဲတွေဟာ တခြား ပြည်မတော်လှန်ရေးအင်အားစုတွေ အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေး ပထမ၊ ဒုတိယ လှိုင်းတွေနဲ့ ဆက်စပ် အကျိုးသက်ရောက်မှုတွေရှိတယ်လို့လည်း ကျော်ဆန်းလှိုင်က သုံးသပ်ပါတယ်။

“AA အနေနဲ့သူတို့ တဖွဲ့တည်းလုပ်တာ မဟုတ်ဘူး မဟာမိတ်တွေနဲ့ လုပ်တာပေါ့။ တကယ်လို့ ရခိုင်ပြည်နယ်ကို ရသွားရင်တောင်မှ စကစကို ဆန့်ကျင်တဲ့ အဖွဲ့တွေကို AA အနေနဲ့ ဆက်လက်ပြီးတော့ ထောက်ခံသွားမယ်၊ အထူးသဖြင့် မကွေးတိုင်းဘက်မှာဆိုရင် ပိုပြီးတော့ သိသာတယ်။ အခုက AA တဖွဲ့တည်းနေလို့မရတော့ဘူး၊ သူ့အဲဒီ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တခြားမိတ်ဖက်တွေအများကြီးရှိတာပေါ့နော်၊ သူတို့က သီးခြားလုပ်နေတာတော့ မဟုတ်ဘူး တပြိုင်ထဲလုပ်နေတာပေါ့။ ၁၀၂၇ အောက်တိုဘာမှာ စတယ်။ ဒါပေမဲ့ ရခိုင်မှာ နိုဝင်ဘာ ၁၃ မှစတယ်။ ကျနော်တို့ ကြားသလောက်ပေါ့နော် ၁၀၂၇ ထဲမှာတောင်မှသူ့ပြည်သူလူထုကို စားဝတ်နေရေး စောင့်ရှောက်နေရတာဖြစ်တာကြောင့် အဆင်သင့်မဖြစ် သေးဘူးပေါ့နော် ဒါပေမယ့် မဟာမိတ်တွေက တိုက်တော့လို့ဆိုလိုက်တော့ နိုင်ဝင်ဘာမှ တိုက်ရတယ်။ ဆိုတော့ AA မှာ မဟာမိတ်တွေနဲ့ ပတ်သက်ပြီး မဟာဗျူဟာမြောက် ဆက်ဆံရေးနဲ့ ကတိကဝတ်တွေရှိတယ်ထင်တယ်။ ရခိုင်ပြည်နယ်ကို ရသွားရင်တောင်မှ တခြားဒေသတွေကိုလည်း ကူနေအုန်းမယ်ထင်တယ်။ အဲလို ကူညီမှ သူ့ရဲ့ရခိုင်ပြည်နယ်ကို ထိန်းထားလို့ရ မှာပေါ့။”

အာရက္ခတပ်တော် AA ဘက်ကတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ မကြာခဏပြောဆိုထားပါတယ်။ စစ်ကောင်စီ ဘက်လည်း ရခိုင်ပြည်နယ်က သူတို့တပ်စခန်းတွေရှိနေသေးတဲ့ မြို့နယ်တွေမှာ ခုခံတိုက်ခိုက်ဖို့ပြင်ဆင်ထားတာရှိပါတယ်။ အထူးသဖြင့်တော့ ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေမှာလည်း ဆိုရင်လည်း မြို့အနီးအနားပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံတွေကို မြို့တွင်းကိုပြောင်း ရွှေ့နေရာချတာမျိုးတွေနဲ့ မြို့ပတ်ပတ်လည်မှာ တပ်အင်းအားတွေ တိုးချဲ့ချထားတာ တွေရှိနေ တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် တရုတ်စီမံကိန်းတွေ အတော်တော်များများရှိနေတဲ့ ကျောက်ဖြူမြို့နယ်မှာလည်း မြို့အနီးအနားက ကျေးရွာမှာ စစ်ကောင်စီဘက်က မြေမြှုပ်မိုင်းတွေထောင်ပြီးတော့ စစ်ခံအတွက်ပြင်ဆင်ထားသလို ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင် ကျေးရွာအနီးက ဓညဝတီရေတပ်စခန်းမှာလည်း ရေယာဉ်တွေ ဖြည့်တင်းထားတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG