သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတူပီစစ်ကောင်စီဗျူဟာစခန်းကို ချင်းတော်လှန်ရေးအဖွဲ့တွေသိမ်းယူဖို့ ကြိုးစားဆဲ


မတူပီမြို့ (ဓါတ်ပုံ-Courtesy)
မတူပီမြို့ (ဓါတ်ပုံ-Courtesy)

ချင်းညီနောင်အဖွဲ့ဟာ မတူပီမြို့နယ်တွင်း စစ်ကောင်စီရဲ့ကာကင်းတချို့ သိမ်းပိုက်ရရှိထားပြီး ဗျူဟာစခန်းနဲ့ ခလရ (၁၄၀) တပ်စခန်းကို ဆက်ပြီး တိုက်ခိုက်နေတယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့- မတူပီတပ်မဟာ(၁)က ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

မတူပီမြို့နယ်တွင်း စစ်ကောင်စီရဲ့ ခလရ (၃၀၄)နဲ့ ကာကင်းစခန်းတချို့ကို ပြီးခဲ့တဲ့ရက်ပိုင်းက သိမ်းပိုက်ရရှိထားပြီး အဓိကကျတဲ့ ခလရ (၁၄၀)နဲ့ ဗျူဟာစခန်းကို ဆက်ပြီး တိုက်ခိုက်နေတယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ တပ်မဟာ (၁) ရဲ့ ပြောဆိုခွင့်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်တို့ဗျူဟာနဲ့ ၁၄၀ ထိုးစစ်ဆင်နေတဲ့သတင်းကတော့ အမှန်ပါ။ ဒါပေမဲ့ တဘက်ကစစ်ဆင်ရေးမှာ ကျနော်တို့ထင်သလောက် စစ်ဆင်ရေးခရီးမရောက်တဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။ ဆိုတော့ ကျနော်တို့ အကောင်းဆုံး မရမက ဆက်လက်တိုက်ပွဲဝင်သွားဖို့ စစ်ကောင်စီ ကင်းရှင်းအောင် လုပ်သွားဖို့တော့ ရှိတယ်ခင်ဗျ။"

စစ်ရေးအသေးစိတ်ကိုတော့ ပြောဆိုခြင်းမရှိပါဘူး။ မတူပီမြို့နယ်တွင်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားအားလုံးကို ဖျက်သိမ်းပစ်ဖို့ CDF မတူပီရဲ့ တပ်မဟာနှစ်ခုလုံးက သဘောထားတူညီကြပေမဲ့ လက်ရှိ မတူပီက Operation CB စစ်ဆင်ရေးမှာတော့ ချင်းညီနောင် Chin Brotherhood (CB) အောက်မှာပါတဲ့ မတူပီ CDF တပ်မဟာ (၁) ကပဲ စစ်ရေးလှုပ်ရှားမှု သဘောတူထားကြတယ်လို့လည်း ပြောပါတယ်။

"ကျနော်တို့ တပ်မဟာ (၁)နဲ့ (၂) အစည်းအဝေးလုပ်ပြီးမှ Operation CB ကိုလုပ်ဖို့ မေလ၂၆ ရက်က အစည်းအဝေးလုပ်တာ ရှိပါတယ်။ အဲဒီမှာ ကျနော်တို့ တပ်မဟာ (၁) အနေနဲ့ဖိတ်တော့ သူတို့က Chinland Council မှာ ပါဝင်နေတဲ့အတွက်ကြောင့်လည်း ဖြစ်မှာပေါ့လေ။ နောက်ကြောင်းရင်းတော့ သေချာမသိဘူး။ Operation CB ရဲ့ မတူပီ project မှာ မပါနိုင်သေးဘူးလို့ ပြောပါတယ်။ ကျနော်တို့ CB ရဲ့ မဟာမိတ်တွေဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေသော်လည်းကောင်း သူတို့သိပ်ပြီးတော့မှ အဆင်မပြေတဲ့အပိုင်း မရှိဘူးလို့ ပြောပါတယ်။"

မတူပီမြို့နယ်တွင်းမှာ ချင်းညီနောင် Chin Brotherhood နဲ့ Chinland Council တို့ရဲ့အောက်မှာပါဝင်တဲ့ လက်နက်ကိုင်အဖွဲ့တွေ အသီးသီး လှုပ်ရှားနေကြတာပါ။ ချင်းညီနောင်အဖွဲ့ဟာ ရခိုင်ပလက်ဝမှာရှိတဲ့ AA အာရက္ခတပ်တော်နဲ့ မဟာမိတ်ပြုလှုပ်ရှားနေပေမယ့် Chinland Council နဲ့ AA အကြားဆက်ဆံ‌ရေးတွေက တင်းတင်းမာမာရှိနေပါတယ်။ ဒါကြောင့်လည်း မတူပီမြို့ စစ်ဆင်ရေးကာလအတွင်း ချင်းတော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား ပစ်ခတ်မှုဖြစ်ပြီး နှစ်ဘက်ထိခိုက်မှုရှိခဲ့ပါတယ်။ လက်ရှိအားဖြင့်တော့ မတူပီမြို့မှာရှိတဲ့ အုပ်ချုပ်ရေးရုံးတွေကို ချင်းညီနောင်နဲ့မဟာမိတ်တပ်ဖွဲ့တွေက သိမ်းပိုက်ထားပေမယ့် မတူပီဗျူဟာကုန်းနဲ့ ခလရ ၁၄၀ တပ် ကျန်သေးတာကြောင့် မတူပီမြို့ကို တော်လှန်ရေးအဖွဲ့တွေက အပြည့်ထိန်းချုပ်နိုင်ပြီလို့ မဆိုနိုင်သေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG