သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး Genocide ဟုတ် မဟုတ် ကန် သုံးသပ်ဆဲ


ရခိုင်ပြည်နယ်မြောက်ပိုင်းက ပြီးခဲ့တဲ့နှစ်ထဲ ပဋိပက္ခတွေအတွင်း ရိုဟင်ဂျာမူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် သုံးနှုန်းပြောဆိုရမယ့် အဆင့်အထိ ရောက်-မရောက် ဆိုတာကို မဆုံးဖြတ်ရသေးကြောင်း အမေရိကန် အစိုးရက ပြောဆိုလိုက်ပါတယ်။

အခုအချိန်အထိ သိရသလောက် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo အနေနဲ့ ဆုံးဖြတ်ချက် တစုံတရာ မချရသေးကြောင်းနဲ့ ဆုံးဖြတ်ချက် ချပြီးတဲ့အခါ အများပြည်သူသိအောင် ထုတ်ပြန်မှာဖြစ်ကြောင်း မနေ့တုန်းက ဝါရှင်တန်က သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Heather Nauert က ပြောဆိုလိုက်တာပါ။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် သတ်မှတ်ပြောဆိုဖို့ အမေရိကန် တာဝန်ရှိသူတွေကြား အချေအတင် ငြင်းခုန်နေဆဲဖြစ်ကြောင်း ဝါရှင်တန် နိုင်ငံရေးလောကအကြောင်း ရေးသားဖော်ပြနေတဲ့ Politico သတင်းဌာနက အစိုးရအတွင်းသတင်းကို ကိုးကားဖော်ပြခဲ့တာကို နိုင်ငံခြားရေး ဝန်ကြီးဌာနက တုန့်ပြန်ဖြေရှင်းရာမှာ အခုလို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရကတော့ အစိုးရရဲ့ လျို့ဝှက်သတင်းတွေ ပေါက်ကြားမှုအတွက်လည်း သတိပေးပြောဆိုခဲ့သလို၊ အတွင်းသတင်းတွေ ပေါက်ကြားတဲ့အတွက် တာဝန်ရှိသူတွေကြား ဆုံးဖြတ်ချက်ချမှတ်ရာမှာ အခက်အခဲတွေ ကြုံရကြောင်းလည်း ပြောဆိုခဲ့တာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲ လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းရာက ရိုဟင်ဂျာမူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ရာမှာ လူမျိုးစုအလိုက် ရှင်းလင်းရာ ရောက်ခဲ့ကြောင်း ကုလသမဂ္ဂ ထိပ်တန်းတာဝန်ရှိသူတွေနဲ့ အမေရိကန် အစိုးရကပါ ပြောဆိုထားကြပေမဲ့ လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် သတ်မှတ်ပြောဆိုဖို့ကိုတော့ အမေရိကန်အစိုးရက စဉ်းစားနေဆဲ ဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားသလို၊ နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲနေတဲ့အထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ မရှိကြောင်းနဲ့ ကျုးလွန်သူတွေကိုလည်း ဖော်ထုတ်အရေးယူတာတွေရှိကြောင်း တုံ့ပြန်ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG