သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး ICC တင်ဖို့ မှတ်တမ်း ပြုစုနေ


ပြီးခဲ့တဲ့နှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမူဆလင်တွေ မြန်မာစစ်တပ်ရဲ့နှိမ်နင်းမှုကိုခံခဲ့ကြရတာနဲ့ပတ် သက်ပြီး ICC လို့ခေါ်တဲ့ နိုင်ငံတကာ ပြစ်မှုခုံရုံးကနေ စုံစမ်း စစ်ဆေးပေးဖို့ ရိုဟင်ဂျာဒုက္ခသည်တွေအကြား သက်သေ အချက်အလက်တွေစုဆောင်းနေပါတယ်။ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ပြစ်မှုအဖြစ်အရေးယူပေးဖို့ ICC ခုံရုံးကို တိုက်တွန်းနေကြတာပါ။ အချက်အလက်စုဆောင်းမှုအခြေအနေတွေဘယ်လိုရှိသလဲဆိုတာ ကိုကျော်အောင်လွင်က ပြောပြမှာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဘက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးသွားခဲ့ကြတဲ့ရိုဟင်ဂျာမူဆလင်ဒုက္ခသည်တွေထဲက အဖြစ်ဆိုးတွေကြုံခဲ့ကြရတဲ့သူတွေရဲ့အတွေ့အကြုံတွေကို ဒုက္ခသည်စခန်းတွေအတွင်းမှာ မှတ် တမ်းပြုစု အချက်အလက်စုဆောင်းမှုတွေလုပ်နေပါတယ်။ မှတ်တမ်းပြုစုရေးအဖွဲ့တွေဖွဲပြီး လုပ်ဆောင်နေတဲ့အထဲမှာ ရိုဟင်ဂျာအသိုင်းအဝိုင်းရဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ Mohibulla လည်းပါပါတယ်။ သူကသက်သေခံ အချက် အလက်စုဆောင်းသူ အဖြစ် ကူတုပါလောင်ဒုက္ခသည်စခန်းမှာ လုပ်ဆောင်နေပါတယ်။

"ICC နိုင်ငံတကာပစ်မှုခုံရုံးကနေအရေးယူပေးနိုင်အောင် ကျနော်တို့ကျိုးပမ်းနေပါတယ်။ ကျနော်တို့ ခုံရုံးကိုတက်မယ်ဆို ရင် အချက်အလက်မှတ်တမ်းတွေလိုအပ်ပါတယ်။ အဲဒါကြောင့် အချက်အလက်တွေကျနော်တို့စုဆောင်းနေကြတာပါ။ အဖြစ်ဆိုးတွေကြုံတွေ့ခံစားခဲ့သူတွေက ဘယ်သူတွေလဲ။ လူဘယ်နှစ်ဦးအသတ်ခံခဲ့ရတာလဲ။ ဒဏ်ရာရတဲ့သူတွေက ဘယ်လောက်ရှိသလဲဆိုတာတွေကို ကျနော်တို့စာရင်းကောက်ပြီးအချက်အလက်စုနေပါတယ်"

အချက်လက်စုဆောင်းသူတွေဟာ အတွေ့အကြုံတွေပြန်ရှင်းပြသူတွေကို ဗွီဒီယိုနဲ့လည်းမှတ်တမ်းတင်ထားပါတယ်။ ဘာ တွေဘယ်လိုဖြစ်ခဲ့သလဲ၊ ဘယ်အချိန်မှာဖြစ်ခဲ့တာလဲ စတဲ့မေးခွန်းတွေကိုမေးမြန်းပြီး အချက်အလက်စုဆောင်းမှုတွေကို မျက်မြင်သက်သေ၊ ဒါမှမဟုတ် ကိုယ်တိုင်ကြုံခဲ့ ရသူတွေက ပြန်ပြီးပြောပြကြပါတယ်။ မုဒိန်းကျင့်ခံရသူအရေအတွက်၊ သေဆုံးမှုနဲ့ ပျက်စီးထိခိုက်မှုတွေကိုစာရင်းပြုစုနေကြတာပါ။

"ကျနော်တို့တွေ လူမျိုးတုံးသတ်ဖြတ်မှုမျိုးနဲ့ကြုံရတယ်၊ အဖြစ်ဆိုးတွေ ကြုံခဲ့ရပါတယ်ဆိုတာကို အထောက်အထား အချက်အလက်တွေမရှိပဲနဲ့ ကျနော်တို့ ဘယ်လိုလုပ်ပြီးသက်သေပြမလဲ။ ICC ခုံရုံးမှာ ကျနော်တို့က မျက်မြင်သက်သေ တွေနဲ့ အထောက်အထားအချက်အလက်တွေကို ကျနော်တို့ပြသနိုင်မယ်ဆိုရင်တော့ အရေးယူဆောင်ရွက်မှုရှိလာနိုင်ပါ တယ်။"

အချက်အလက်မှတ်တမ်းတင်တဲ့အဖွဲ့ကို သူ့ရဲ့အတွေ့အကြုံတွေပြန်ရှင်းပြခဲ့တယ်လို့ ရိုဟင်ဂျာဒုက္ခသည်အမျိုးသမီးတဦးက ပြောပါတယ်။

"ကျမတို့ရဲ့ထွက်ဆိုချက်တွေကိုစုဆောင်းပြီး ဥပဒေအတိုင်းအရေးယူဆောင်ရွက်နိုင်အောင်သူတို့လုပ်ပေးမယ်လို့ ကျမတို့ ကိုပြောပါတယ်။ အဲဒါကြောင့် ကျမတို့ရဲ့လက်ဗွေ၊ ကျမတို့ကိုင်ဆောင်ထားတဲ့ သက်သေခံကဒ်ပြားနံပတ်၊ ကျမတို့ရဲ့လက် မှတ်နဲ့ အတွေ့အကြုံထွက်ဆိုချက်တွေပေးခဲ့ပါတယ်"

ဒုက္ခသည်အမျိုးသမီးနောက်တဦးကတော့ သူတို့ခံစားခဲ့ရမှုတွေအတွက် တရားမျှတမှုကို ပြန်လိုချင်တယ်လို့ဆိုပါတယ်။

"ကျမတို့ရဲ့သားတွေ ဆုံးရှုံးခဲ့ရပါတယ်။ ကျမတို့ရဲ့သမီးတွေ အနှိပ်စက်ခံခဲ့ရပါတယ်။ သူတို့အတွက် တရားမျှတမှုကို ပြန်လိုချင်ပါတယ်။ ကျမတို့ရဲ့သမီးတွေ မုဒိန်းကျင့်ခံခဲ့ရပါတယ်။ အဲဒီအတွက် တရားမျှတမှု ကျမတို့ပြန်ရချင်ပါတယ်။ တကယ်လို့ ကျမတို့ရဲ့သားတွေနဲ့အမျိုးသားတွေအသတ်ခံခဲ့ရတာအတွက် တရားမျှတမှုက မရှိဘူးဆိုရင် ထားလိုက်ပါ။ ကျမ လက်ခံကောင်းလက်ခံပါမယ်။ ဒါပေမဲ့ အမျိုးသမီးတွေကို မုဒိန်းကျင့်တာတွေနဲ့နှိပ်စက်ခဲ့တာတွေအတွက်တော့ တရားမျှတမှု ကျမ သေချာပေါက်လိုချင်ပါတယ်"

အချက်အလက်တွေမှတ်တမ်းတင်ကောက်ယူစုဆောင်းနေကြတဲ့အဖွဲ့ တွေထဲမှာ ကုလသမဂ္ဂနဲ့နိုင်ငံတကာ အခွင့်အရေး အုပ်စုကလူတွေ၊ ဒုက္ခသည်တွေထဲက စေတနာ့ဝင်ထမ်းလုပ်ပေးသူတွေလည်းပါဝင်ကြပါတယ်။ တကယ်တော့ မြန်မာစစ် တပ်ရဲ့အကြမ်းဘက်ရက်စက်မှုတွေ ရိုဟင်ဂျာမူဆလင်တွေကိုကျူးလွန်ခဲ့တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့် ပြန့်စုံစမ်းစစ်ဆေးဖို့ICC နိုင်ငံတကာပစ်မှုခုံရုံးကို တိုက်တွန်းမှုတွေက လွန်ခဲ့တဲ့လတွေကတည်းကရှိနေတာပါ။ အခု ဒုက္ခ သည်တွေအတွင်း အသေးစိတ်မှတ်တမ်းတင်မှုတွေကွင်းဆင်းလုပ်ဆောင်နေတာက ခိုင်မာတဲ့အထောက်အထားအချက် အလက်တွေပိုပြီးရနိုင်ဖို့ ထင်ရှားမှုတွေပိုပြီးရှိလာအောင်လို့ကြိုးပမ်းနေတာပါ။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အသုံး အနှုန်းကို အသိအမှတ်မပြုပါဘူး။ ICCခုံရုံးရဲ့အရေးယူမှုကိုလည်း လက်မခံဘူးလို့မြန်မာအစိုးရက ငြင်းပယ်ထားပါတယ်။ မြန်မာနိုင်ငံဟာ Rome Statue ဆိုတဲ့သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်တာကြောင့် ICC ခုံရုံးကနေအပစ်ပေးအယူလို့မရနိုင်ပါဘူး။ ဒါပေမဲ့ ရိုဟင်ဂျာဒုက္ခသည်တွေသိန်းနဲ့ချီပြီးတော့ရောက်နေတဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံကတော့ ICC ခုံရုံးကို သဘောတူလက်မှတ်ရေးထိုးထားတဲ့နိုင်ငံဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာပြီးခဲ့တဲ့နှစ်ကဖြစ်ခဲ့တဲ့ အကြမ်း ဘက်မှုတွေနဲ့ပတ်သက်လို့ စစ်သားတချို့ကိုတော့ မြန်မာစစ်တပ်က အရေးယူထားတာရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG