သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အင်တာနက်ပြန်ဖွင့်ဖို့တောင်းဆိုတဲ့ ကျောင်းသားသုံးဦးထိန်းသိမ်းခံရ


ရခိုင်ပြည်မြို့တော်ခန်းမရှေ့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ သုံး ဦး။ (စက်တင်ဘာ ၀၉၊ ၂၀၂၀)
ရခိုင်ပြည်မြို့တော်ခန်းမရှေ့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ သုံး ဦး။ (စက်တင်ဘာ ၀၉၊ ၂၀၂၀)

[Zawgyi/Unicode]

ရခိုင်ပြည်နယ်မှာ အင်တာနက်တွေ ပြန်ဖွင့်ပေးဖို့နဲ့ လက်ရှိအစိုးရကို အယုံအကြည်မရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ သုံး ဦးကို တာဝန်ရှိသူတွေက ထိန်းသိမ်းထားတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က ပြောပြပါမယ်။

ဒီကနေ့ စက်တင်ဘာ ၉ ရက်က ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ရခိုင်ပြည်မြို့တော်ခန်းမရှေ့မှာ အစိုးရကို အယုံအကြည်မရှိကြောင်း ဆန္ဒထုတ်ဖော်တာ လုပ်ခဲ့ပြီး ဆန္ဒထုတ်ဖော်သူ သုံး ဦးဖြစ်တဲ့ ကိုကျော်နိုင်ဌေး ကိုဦးသန်းနိုင်၊ ကိုတူးတူးအောင်တို့ကို စစ်တွေမြို့ အမှတ် ၁ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ဒီကနေ့ ဆန္ဒထုတ်ဖော်တာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂရဲ့ သံတမန်ဆက်ဆံရေး တာဝန်ခံ ကိုသော်ဇင်ထွန်းက ...

“ကျနော်တို့ ဆန္ဒပြတဲ့ အကြောင်းအရင်းက နံပတ် ၁ အနေနဲ့ 4G အင်တာနက် ပြန်ဖွင့်ပေးဖို့ရယ် နောက်တခါ ရခိုင်ပြည်နယ်မှာ အပြစ်မဲ့ပြည်သူ အပြစ်မဲ့ သေနေကြတဲ့ ပြည်သူတွေ အများကြီး သေနေကြရတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ ပြည်သူတွေ သေနေတာကို ဘာမှမပြောတဲ့ အစိုးရကို ကျနော်တို့ အလိုမရှိကြောင်းရယ်။ နောက်တခါ ရခိုင်ပြည်နယ်မှာ လူသတ်နေတဲ့ စစ်တပ်ကို အလိုမရှိကြောင်းရယ် ဖိနှိပ်အုပ်ချုပ်နေတဲ့ အစိုးရကို ဘာမှတခွန်းမှ ပြန်မပြောနိုင်တဲ့ ကျနော်တို့ရဲ့ ရခိုင်ပြည်နယ် အစိုးရကို အယုံအကြည်မရှိကြောင်း အချက် တွေကို ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်။”

ဆန္ဒပြတာနဲ့ ပတ်သက်လို့ ခွင့်ပြုမိန့်တောင်းခံခြင်း မရှိခဲ့ပါဘူး။ ဒါဟာ လက်ရှိအစိုးရကို အယုံအကြည်မရှိတဲ့အတွက်ကြောင့်လို့ ပြောပါတယ်။

“ရခိုင်ပြည်မှာ အပြစ်မဲ့သေဆုံးနေတဲ့ ပြည်သူတွေကို အစိုးရအနေနဲ့ ထပ်ပြီး မသေဆုံးရအောင် အစိုးရအနေနဲ့ တာဝန်ယူပြီး လုပ်ပေးစေချင်လို့ ကျနော်တို့က ဆန္ဒပြတယ်။ ဒါကိုအစိုးရကထပ်ပြီးတော့ ဖိနှိပ်ပြီးဖမ်းတယ်ဆိုတော့ ကျနော်တို့ ဒီအစိုးရကို ဘယ်လိုယုံကြည်ရမလဲ။ အစိုးရအပေါ် ဒီထက်ပိုပြီး အယုံကြည်မဲ့ လာမယ်ဆိုတဲ့ ဟာတခုကိုတော့ အစိုးရအနေနဲ့ သတိထားစေချင်ပါတယ်။”

ဖမ်းဆီးထိန်းသိမ်းတာကို မေးမြန်းဖို့အတွက် ရခိုင်ပြည်နယ် စစ်တွေ အမှတ် (၁) ရဲစခန်းကို VOA က (၅) ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။ အမှတ် (၁) ရဲစခန်းမှာ ထိန်းသိမ်းခံရသူတွေကို တွေ့ဆုံဖို့ သွားရောက်တဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေကို တွေ့ခွင့်မပေးဘဲ စစ်ဆေးနေဆဲသာဖြစ်ကြောင်း ပြောပါတယ်။

ဒီကနေ့ တနေ့တည်းမှာပဲ ကယားပြည်နယ် လွိုင်ကော်မြို့က လမ်းမတွေပေါ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းလားရှိုးနဲ့ သီပေါမြို့နယ်တွေမှာလည်းတောင်းဆိုချက်တွေ ရေးသားထားတဲ့ စတေကာကပ်တဲ့ ကမ်ပိန်းကိုလည်း ပြုလုပ်ခဲ့ကြပါသေးတယ်။

မနေ့ကပဲ ရခိုင်ပြည်နယ် မြောက်ပိုင်း မြေပုံမြို့မှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့လို့ ကျောင်းဆရာမ တဦး ကလေး ၂ ဦးနဲ့ အမျိုးသား ၁ ဦးသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂကလည်း ရခိုင်ပြည်သူတွေ သတင်းအချက်အလက်မှန်တွေ ရရှိဖို့အတွက် အင်တာနက်တွေ ပြန်ဖွင့်ပေးဖို့နဲ့ အကူညီလိုအပ်တဲ့ လူတွေဆီ ထောက်ပံ့ပေးနိုင်ဖို့အတွက် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်ဆဲဖို့ သတင်းထုတ် ပြန်ထားပါတယ်။

တပ်မတော်ဘက်ကတော့ တဘက်သတ် အပစ်ရပ်ကာလကို ကြေငြာထားပြီး လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ AA အဖွဲ့နဲ့ မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ကလည်း အပစ်ရပ်ကြောင်း ကြေငြာထားပေမယ့် ရခိုင်ပြည်နယ် အပါအဝင် တိုင်းရင်းသား နယ်မြေတချို့မှာ တိုက်ပွဲတွေက ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG